News

POST TYPE

ARTICLE

နောင်မျိုးဆက်တွေ မျက်မှန်မလွတ်နိုင်တော့ဘူး
02-Oct-2017 tagged as

မျက်စိမှုန် (Poor Vision) တာမှာ အဝေးမှုန်၊ အနီးမှုန်၊ အဝေးအနီး (Bipolar Vision) မှုန်၊ ဆလင်ဒါ အရွဲ့အစောင်းမှုန် စသဖြင့် ရှိနိုင်တယ်။ ဒီဘက်ခေတ်တွေမှာ ၂၄ နာရီ တီဗီအစီအစဉ်၊ ၂၄ နာရီ ဂိမ်း၊ အင်တာနက်နဲ့ ဖေ့စ်ဘွတ်ခ်တွေကြောင့် မျက်မှန်မတပ်ရသူ တော်တော့်ကို နည်းနေပြီပဲ ဖြစ်တယ်။ 

တချို့သူတွေက အဝေးမှုန်ပေမယ့် အနီးကြည့်ရင် ကောင်းကောင်းမြင်ရတယ်။ အဝေးကြည့်မကောင်းသူ၊ အနီးကြည့်ကောင်းသူ (ကလေးတွေမှာ အဓိက တွေ့ရတယ်) အတွက် အဝေးမှုန် မိုင်းနပ် (၅၀) (၁၀၀) စသဖြင့် တပ်ဆင်ပေးရတယ်။ အဝေးကြည့်ကောင်းပြီး စာကြည့်မကောင်းသူ၊ အသက်ကြီးသူတွေမှာ ပလပ် (Plus) (၅၀) (၁၀၀) (၂၀၀) စသဖြင့် တပ်ဆင်ပေးရတယ်။ ကလေးတွေမှာ စောင်းပြီးကြည့်၊ အိပ်နေလျက်ကြည့် ပါများတဲ့အခါ အဝေးမှုန်နဲ့ ဆလင်ဒါအစောင်း ဖြစ်တတ်တယ်။ အရွဲ့အစောင်း (Cylinder) အပြင် အဝေးမှုန်ပါ ယှဉ်တွဲတပ်ဆင်ရတယ်။ 

အမြင်အာရုံ ပိုကောင်းအောင် မျက်စဉ်းနဲ့ သောက်ဆေးပေးပြီး ကုသခြင်း၊ လေဆာရောင်ခြည် ပေးကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိရှေ့ခန်းကုသတဲ့ နည်းစနစ်တွေ၊ မျက်စိနောက်ခန်း ကုသတဲ့ နည်းစနစ်တွေနဲ့ ကုသခြင်းအပြင် မျက်ကပ်မှန် တပ်ဆင်ခြင်း၊ လေဆာနဲ့ မှန်ဘီလူးခုံး၊ မျက်ကြည်လွှာစားတဲ့ နည်းနဲ့ အခုံးကုသနည်းတွေ ရှိလာပါတယ်။ 

အနီးကြည့်ကောင်းပြီး အဝေးမှုန်သူတွေမှာ မိုင်ယိုပီးယား (Myopia - Nearsightedness) မြင်လွှာမှာ  ကျရမယ့် ပုံရိပ်အလင်းတန်းတို (လို) နေလို့ အဝေးမှုန်သူနဲ့ ဟိုက်ပလိုးပီးယား (Hyperopi Far Sightedness) မြင်လွှာမှာ ကျရောက်မယ့် ပုံရိပ်အလင်းတန်းရှည် (လွန်) နေလို့ အဝေးမှုန်သူဆိုပြီး အခြေခံနှစ်မျိုးရှိတယ်။ အဝေးကြည့်ကောင်းပြီး အနီးမှုန်သူတွေ (အသက်လေးဆယ်ဝန်းကျင်) ဖြစ်ကြတယ်။ ပရက်ဘိုင်ယိုပီးယား (Presbyopia) အသက်ကြီးလို့ အနီးမှုန်သူတွေလို့ ခေါ်တယ်။ ငယ်ရွယ်စဉ်က အနီးကို ကောင်းစွာမြင်သူတွေ ဖြစ်တယ်။ စာကြည့်ရင် မျက်မှန်တပ်ဖို့လိုပြီး အသက်အရွယ်အလိုက် ပလပ် (+1.00D) နဲ့  (+3.00D) အတွင်း လိုအပ်ချက် ရှိတတ်တယ်။ 

မျက်မှန်တပ်ဖို့ လို/မလိုနဲ့ မျက်မှန်တပ်ရင် ဘယ်အတိုင်းအတာထိ မြင်နိုင်ကြောင်း သိရှိဖို့ကို စမ်းသပ်စစ်ဆေးတဲ့ အရိုးရှင်းဆုံးနည်းက ပင်ဟိုးနဲ့ စမ်းသပ်ခြင်း (Pinhole Examination) ဖြစ်တယ်။ အလင်းပိတ် ကတ်ပြားပေါ်မှာ အပေါက်ငယ်ဖောက်ပြီး ကာယကံရှင် ချောင်းကြည့်စေကာ စစ်ဆေးတဲ့နည်း ဖြစ်တယ်။ ပကတိအမြင်နဲ့ ပင်ဟိုးမှမြင်တဲ့ အမြင်၊ ယင်းအမြင်နှစ်မျိုးကို နှိုင်းယှဉ်ပြီး ဆုံးဖြတ်ရတဲ့ စစ်ဆေးမှုမျိုး ဖြစ်တယ်။ (၆) မီတာ၊ ပေ (၂၀) အကွာ မှာရှိတဲ့ အမြင်စစ်ကတ်ပြား (Chart of Visual Acuity Test) ရှိ စာ (သို့) သင်္ကေတတွေ ပကတိအမြင်နဲ့ ပင်ဟိုးအမြင်၊ ကွန်ပျူတာအမြင်တို့ နှိုင်းယှဉ်ကာ ဒီဂရီအနည်း အများပြောင်းပြီး စစ်ဆေးကာ ပင်ဟိုးအမြင်က ပကတိအမြင်ထက် ပိုပြီးကောင်းနေရင် မျက်မှန်တပ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်နိုင်တယ်။ ပင်ဟိုးနဲ့ မြင်ရတဲ့ အမြင်က မျက်မှန်တပ်ရင် မြင်ရမယ့် အဆင့်ဖြစ်ကြောင်း ပညာရှင်တွေက အနီးစပ်ဆုံး သုံးသပ်ကြတယ်။ 

မျက်စိဆရာဝန်ကြီးတွေကတော့ မျက်စိကို အသေးစိတ်ကြည့်နိုင်တဲ့ အဏုကြည့်မှန်ဘီလူး (Slit Lampအ) နဲ့ စစ်ဆေးကာ မျက်မှန်လိုသူတွေကို မျက်မှန်ကျွမ်းကျင်ပညာရှင် သို့မဟုတ် အမြင်စွမ်းရည်ဆိုင်ရာ ပညာရှင် (Refractionist or Opcometrist) ထံ စေလွှတ်တတ်ကြပါတယ်။ တကယ်လို့ ပင်ဟိုး (Pinhole) နဲ့ ကြည့်ရှုတဲ့ အမြင်နဲ့ ပကတိမျက်စိနဲ့ မြင်တဲ့အမြင် နှစ်မျိုးဟာ ကွဲပြားခြားနားမှု မရှိဘဲ တစ်သမတ်တည်းရှိနေရင် မျက်မှန်လိုအပ်ချက်ကြောင့် မျက်စိမှုန်ခြင်း မဟုတ်ဘဲ အခြား မျက်စိပြဿနာတစ်ခုခု၊ မျက်စိရောဂါ တစ်မျိုးမျိုး သို့မဟုတ် အခြားကြောင့် မျက်စိမှုန်ခြင်း ဖြစ်နိုင်တယ်။ 

အတွင်းတိမ် (Cataract)၊ မျက်စိရေတိမ် (Glaucoma) ရှိသူတွေ၊ မြင်လွှာ (Retina) မှာ ချို့ယွင်းချက်ရှိသူတွေနဲ့ မျက်စိအာရုံကြော (Optic nerve) အားနည်းသူတွေ ဖြစ်နေတတ်တယ်။ ပင်ဟိုး (Pinhole) နဲ့ စမ်းသပ်ကြည့်ရှုရာမှာ ပိုပြီး မှုန်သွားရင် (Macula) ရဲ့ ချို့ယွင်းချက် ဖြစ်နိုင်တယ်။ ယင်းကိစ္စရပ်တွေကို မျက်စိအထူးကု ဆရာဝန်ကြီးများကသာ စွမ်းဆောင်နိုင်တယ်။ မျက်စိဆရာဝန်နဲ့ ပြသရပါမယ်။ 

လေဆာရောင်ခြည်သုံး နည်းပညာမှာ မျက်မှန်တပ်သူတွေအတွက် လေဆာရောင်ခြည်နဲ့ ပါဝါလျှော့တဲ့နည်းကို တွင်ကျယ်စွာ အသုံးပြုနေကြပြီး ပါဝါများတဲ့ မျက်မှန်ကို တပ်စရာမလို (LASIK) လေဆာနည်းပညာ ကုသပေးနိုင်ပြီ ဖြစ်တယ်။ ကုန်ကျစရိတ် မြင့်မားနေလို့ အခြေခံလူတန်းစား လက်လှမ်း မမီသေးပါဘူး။ ပညာရှင်ပိုင်းမှာ ပါဝါ (10.00D) အထက်ရှိသူမှာ စင်းလုံးချော (၁၀၀%) မျက်မှန်လွတ်မယ်လို့ အာမမခံနိုင်သေးဘူး။

မျက်မှန်အပြင် မျက်ကပ်မှန် (Contact Lens) တွေ အသုံးပြုလာပြီဖြစ်တယ်။ မျက်မှန်ပါဝါ ပလပ်၊ မိုင်းနပ် (Plus or Minus 2.00 D) အထက် ကွာဟရင် ပုံရိပ်နှစ်ထပ် (Diplopia) ဖြစ်တတ်ကာ မျက်ကပ်မှန်နဲ့ ယင်းပြဿနာ ဖြေရှင်းနိုင်တယ်။ မျက်ကပ်မှန်ဟာ မျက်မှန်ရဲ့ အားနည်းချက်ကို ဖြေရှင်းပေးနိုင်ပေမယ့် မျက်စိရဲ့ အလွန်အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ မျက်ကြည်လွှာပေါ်မှာ ကပ်ပြီးတပ်ဆင်ရတာကြောင့် မျက်ကြည်လွှာ မထိခိုက်စေရေး အချိန်ပြည့် ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ မျက်ကပ်မှန် (Contact Lens) က သက်တမ်းမှန် (Up to date) ဖြစ်ဖို့ လိုအပ်ပြီး မျက်ကပ်မှန်ကို ထိန်းသိမ်းစောင့်ရှောက် မှန်ကန်စေရေးအတွက် ပညာရှင်တွေရဲ့ ညွှန်ကြားချက် တိတိကျကျ လိုက်နာဖို့လိုတယ်။ အားကစား၊ ဘောလုံး၊ ရေကူးတို့ မလုပ်နိုင်သလို ညစဉ် မျက်ကပ်မှန် ပြန်ဖြုတ်ရတာ၊ မနက်ဘက် မျက်နှာသစ်ပြီး ပြန်တပ်ရတာတွေ ရှိတယ်။ 

သည်ဘက်ခေတ်တွေမှာ ကလေးတွေ၊ လူငယ်တွေ မျက်စိစွေ၊ စောင်း၊ အဝေးမှုန်လို့ ဆလင်ဒါ အဝေးမှုန် တပ်ဆင်ရသူ ငါးဆကျော် များလာတာက မျက်စိကို အနားမပေးဘဲ ဂိမ်းဆော့တာ၊ ဖေ့စ်ဘွတ်ခ်၊ အင်တာနက်တွေကြောင့် ဖြစ်တယ်။ မြင်ကွင်းကျဉ်းကျဉ်းထဲကစာကို နေ့စဉ်ဆက်ဖတ်နေရင် မလွဲမသွေ မျက်မှန်တပ်ရမှာ ဖြစ်နေတယ်။ လိုအပ်တဲ့ ကုသမှုအပြင် လိုက်နာသင့်တာတွေ လိုက်နာသင့်ပါတယ်။ အနေအထိုင်သာမက အစားအသောက် အာဟာရပြည့်စုံရမယ်။
          
ဒေါက်တာလွင်သန့်

  • TAGS