News

POST TYPE

ARTICLE

ဗလင်စီယာ
01-Oct-2017 tagged as ပရဟိတ

သူ့ပုံက ဟောလိဝုဒ်ကားထဲက လူကြမ်းတစ် ယောက်အလား။ ပြောင်နေသော ကတုံးနှင့် မုတ်ဆိတ်မွေး နုတ်ခမ်းမွေးထူထူနှင့် တစ်ကိုယ်လုံးတွင် အရုပ်များအပြည့်။ တကယ်လည်း သူက လန်ကတ်စတာ ဒေသတွင် ဂိုဏ်းစတားတစ်ယောက် ဖြစ်သည်။ လက်မရွံ့တပည့် အယောက် ၁၀၀ လောက် ရှိသည်။ အားလုံးက ဆယ်ကျော်သက် လမ်းပေါ်က ကလေးများဖြစ်သည်။ ကိုင်ထားသည့် လက်နက်များကတော့ ကားပြင်ရာတွင်သုံးသည့် ကွင်းများ၊ ခွများ ဖြစ်သည်။ ဝပ်ရှော့ဂျင်းဝတ်စုံများ ဝတ်ထားကြသည်။ 

သူ့ဘဝ တကယ့်လမ်းကြမ်းပေါ် ရောက်သွားချိန်တွင် အေရွန်ဗလင်စီယာ တစ်ယောက် ဆယ်ကျော်သက်အရွယ်သာ ရှိပါသေးသည်။ ဆင်းရဲရသည့်ကြားထဲ သူ့ကို ကြည့်ရှုစောင့်ရှောက်သည့်  မိခင်၏ နောက်ထပ်လက်တွဲဖော်က နိုင်လိုမင်းထက် လုပ်သေးသည်။ “ကျွန်တော် ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်က မူးယစ်ဆေး၊ အရက်နဲ့ ထစ်ခနဲဆို ဆော်မယ်ဆိုတာတွေချည်းပါပဲ” ဟု ဗလင်စီယာက ပြန်ပြောပြသည်။ အသက် ၉ နှစ်အရွယ်တွင် အရက်စသောက်သည်။ အသက် ၁၄ နှစ်အရွယ်တွင် ဆေးစချပြီ။ အသက် ၁၅ နှစ်တွင် ဘိန်းစထိုးလေပြီ။ ဆယ်ကျော်သက် ဘဝတစ်ခုလုံး သူလမ်းပေါ်ရောက်နေသည်။ ဆေးရောင်းသည်။ ထောင်ထဲရောက်သည်။ သူ့ဘဝ၏ အလင်းရောင်ကို စရသည့်အချိန်တွင် သူသည် ပန်းခြံတစ်ခုထဲတွင် အိပ်နေ၏။ ဘယ်မှသွားစရာမရှိ။ ထိုအချိန်တွင် သူနိုးထခဲ့ပါသည်။ 

၁၉၉၉ ခုနှစ်တွင် ဆေးဖြတ်စခန်းသို့ ရောက်သွားသည်။ တရားရုံးက သူ့ကို ပို့လိုက်ခြင်းဖြစ်သည်။  ထိုနောက်ပိုင်း သူ ဆေးပြန်မချတော့။ ရှေးကားအဟောင်းများကို ပြန်လည်ဆန်းသစ်သည့် အလုပ်ရုံတွင် သူအလုပ်ဝင်ရသည်။ ထိုပညာတတ်သွားတော့  ကိုယ်ပိုင်ဝပ်ရှော့ကို ကယ်လီဖိုးနီးယားပြည်နယ် လန်ကတ်စတာတွင် ဖွင့်ထားသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ အနီးအနား ချာတိတ်များက သူ့ကားဝပ်ရှော့နားတွင် စတည်းလာချကြသည်။ ကောင်လေးများက သူ့အလုပ်ကို စိတ်ဝင်စားကြသည်။ ဗလင်စီယာ အတွေးတစ်ခုရသည်။ ထိုကောင်လေးများကို သူ့လိုမဖြစ်ရလေအောင် ပညာသင်ပေးမည်။ 

ပျောက်ဆုံးနေသော နတ်သားများ ကလေးငယ် စီမံကိန်း Lost Angels ဆိုသည့် ရှေ့ဆောင်လှုပ်ရှားမှုကို သူစတင်ခဲ့သည်။ ကျောင်းပြင်ပ အစီအစဉ်တစ်ခုဖြစ်သည်။ ဝင်ငွေနည်းသော ရပ်ကွက်မှ  ကလေးများ၊ မိဘမဲ့များ၊ လေလွင့်များကို ဦးစားပေးရွေးကာ ဂန္ထဝင်ရှေးဟောင်းကားများ ပြန်လည်အသက်သွင်းသည့် ပညာသင်ပေးပါသည်။ “ကျွန်တော်တို့ အဓိကရည်ရွယ်ချက်က ဒီကောင်တွေ လာပြီးတော့ လေ့လာလို့ရမယ့် လုံခြုံတဲ့ နေရာကောင်းလေး တစ်ခု လုပ်ပေးတာပါ။ သူတို့လည်း တခြားဟာနဲ့မတူတဲ့ အရာတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လို့ ရတာပေါ့” ဟု ဗလင်စီယာက ဆိုပါသည်။ 

၁၅ ယောက်ကို တစ်သုတ်တစ်ပတ်တွင် သုံးရက် သူ့ ဝပ်ရှော့ကို လာရသည်။ ကားတစ်စီးကို ဘယ်လိုပြန်ဆင်သည်ကို သင်ကြရသည်။ “ကားအကြောင်း နကန်းတစ်လုံးမှ မသိတဲ့ ချာတိတ်တွေလည်း လာကြသည်။ အစကနေ သင်ပေးတယ်။ ဘယ်လိုတိုင်းသလဲ၊ မူလီတွေ နတ်တွေ ဘယ်လိုရှိသလဲ။ ခွတွေ ကွင်းတွေ ဘယ်လိုကိုင်သလဲက စပါတယ်” ဟု ဗလင်စီယာက ဆိုသည်။ 
ထို့နောက် သင်တန်းပြီးလျှင် တကယ့်ရှေးဟောင်းကားတွေကို ကိုင်စေသည်။ နှစ်စဉ် နှစ်တိုင်း ဗလင်စီယာနှင့် သူ့တပည့်များသည် ကားဟောင်းတစ်စီးကို ဝိုင်းပြီး ပြင်ဆင်အလှဆင်ကြကာ ကားပြပွဲများကို သွားရောင်းကြသည်။ ရတဲ့ ပိုက်ဆံကတော့ သူတို့ သင်တန်းလည်ပတ်ဖို့ ဝင်ငွေအဖြစ် ဖယ်ထားကြသည်။ 

သင်တန်းသားကောင်လေး အတော်များများသည် စိတ်ဒဏ်ရာများ၊ မိသားစုအရေးများနှင့် ဖိအားများ ဝင်နေကြသူတို့ ဖြစ်ကြသည်။ ဘယ်လိုမျိုး စိတ်နေစိတ်ထားဖြင့် ကျော်ဖြတ်ရမည်ကို မည်သူကမှ သူတို့ကို သင်မပေးကြပေ။ “ကျွန်တော်တို့မှာ စကားဝိုင်းလေးတွေ ရှိတယ်။ ဘော်ဒါအချင်းချင်း ဖြစ်တဲ့ ဖိအားတွေအကြောင်း၊ ဘဝအတွေ့အကြုံတွေအကြောင်း ပြောကြတယ်” ဟု ဗလင်စီယာက ဆိုသည်။ ဗလင်စီယာတို့ ဆရာတပည့်များသည် ကားပြင်ဆင်သည့် အလုပ်ပဲ လုပ်ကြသည်တော့ မဟုတ်ပေ။ လက်ဝှေ့ရုံလေးလည်း သူတို့ ကားပြင်ရုံထဲမှာ ရှိပါသည်။ လေ့ကျင့်ခန်းအားကစားများ လုပ်ကြသည်။ ဒေါသကို ဘယ်လိုထိန်းကျောင်းရမည်၊ မိမိကိုယ်တိုင် မည်သို့ ထိန်းကျောင်းလိုက်နာရမည် စသည့် ကိစ္စများကို သင်ပေးသည်။ အနုပညာ ဝါသနာပါသည့် လူငယ်များက သူတို့ ကားပြင်ဘော်ဒီရုံကို သုံးပြီး ပန်းချီပြပွဲလေးတောင် စုလုပ်ကြသေးသည်။ လန်ကတ်စတာဒေသတွင် အောင်မြင်မှု တော်တော်ရခဲ့သည်။ “ဒီနေရာက ချာတိတ်တွေကို မက္ကင်းနစ် ဖြစ်အောင် သင်ပေးတဲ့ နေရာထက် ပိုတယ်ဗျ။ သူတို့ကို မျက်လုံးဖွင့်စေပြီး မြင်အောင်ကြည့်တတ်အောင် သင်ပေးတဲ့နေရာပါ” ဟု ဗလင်စီယာက ဆိုသည်။ 

၂၀၁၅ လောက်ကတည်းက စခဲ့သော အဆိုပါ  ပရဟိတ အစီအစဉ်တွင် ပါဝင်လုပ်ကိုင်ပေးနေသည့် လူငယ် အယောက် ၁၀၀ လောက်ရပါပြီ။ ရလဒ်က နှစ်ဦးနှစ်ဖက် အဆင်ပြေသည်ဟု ဗလင်စီယာက ဆိုသည်။ ကောင်လေးတွေကို သူ့ငယ်ဘဝမှာ တစ်ကြိမ်တစ်ခါမှ မရဖူးသည့် တည်ငြိမ်စွာ အလုပ်လုပ်လေ့လာ ခွင့်ပေးထားနိုင်သည်။ သူတို့ဘဝ လုံခြုံပါသည်။ “ကလေးတွေက ကလေးပဲ ရှိသေးတာပေါ့ဗျာ။ ကျောင်းကိစ္စတွေ၊ ဂိမ်းကိစ္စတွေလည်း ရှိသေးတယ်။ ကျွန်တော် သူတို့ဘဝတွေကို သဘောကျတယ်။ သူတို့ဟာ  ကလေးတွေလို ဖြတ်သန်းခွင့်ရကြလို့ ကျွန်တော် ပျော်ပါတယ်” ဟု ဗလင်စီယာက ပြောပြသည်။    

သန့်ဇင်စိုး