News

POST TYPE

ARTICLE

ပွဲစားကြီး စိုပြေ
01-Oct-2017 tagged as

စိုပြေ စာမရေးတာ အတော်ကြာပြီ။ နှစ်ပတ်မှ တစ်ပုဒ်ပဲ ရေးဖြစ်သည်။ ဒါမကောင်း။ စားဝတ်နေရေးကို ထိခိုက်စေသည်။ မရေးတာကလည်း အကြောင်း ရှိသည်။ ဟိုတစ်လောက သတင်းသမားတွေကို အဖမ်းအဆီးကြမ်းလိုက်သည်။ စိုပြေ့မိတ်ဆွေတွေ တော်တော်များများ ပါသွားကြသည်။ စိုပြေလည်း လန့်သွားသည်။ အရင်ကဆို တစ်ဖက်က အဖမ်းအဆီးကြမ်းလျှင် အဲ့ဘက်ကို မသရော်တော့။ အခြားတစ်ဖက်ကို သရော်သည်။ 

အခုတော့ ဒီလိုမဟုတ်။ နှစ်ဖက်စလုံးက အဖမ်းအဆီးကြမ်းသည်။ ဒီတော့ စိုပြေလည်း ကြောက်သည်။ ဒါကြောင့် ဘာမှမရေးတော့။ စာလေးတစ်ပိုဒ်နှင့် နိုင်ငံတော် ထမင်းစားနေရလျှင် မကောင်း။ ဒီတော့ စာရေးတာကို လျှော့လိုက်သည်။ ကွန်ပျူတာကို မကိုင်တော့...။ 

စာရေးစားနေသူဆိုတော့ စာမရေးတာနဲ့ စားဝတ်နေရေးကို ထိခိုက်လာသည်။ ကုန်ဈေးနှုန်းတွေကလည်း တရိပ်ရိပ်တက်သည်။ အဲ့တော့ ဘာလုပ်မတုံး။ စိုပြေက အခြားဟာလည်း မလုပ်တတ်။ စာရေးတာနဲ့ သတင်းရေးတာပဲ လုပ်တတ်တာ။ 

ဒီလိုနဲ့ အွန်လိုင်းပေါ်ကို တက်ကြည့်သည်။ သူငယ်ချင်း အပေါင်းအသင်းတွေက ကားရောင်းမည်။ အိမ်ရောင်းမည်တွေ တင်ထားတာတွေ့သည်။ ပွဲခပေးမလား လှမ်းမေးလိုက်သည်။ အိုကေ ရောင်းရရင် ပေးမယ်တဲ့...။ 

ဒါကြောင့် ကားပုံလေးတွေ ယူသည်။ တာမွေက သတိပဋ္ဌာန်လမ်းကို သွားသည်။ စိုပြေနဲ့ သောက်ဖော်သောက်ဖက် ကားပွဲစားတွေကို ပြသည်။ သူတို့က ရောင်းပေးသည်။ ဈေးတွေဆစ်သည်။ ကားတွေသွားကြည့်သည်။ ကားတွေကို တတောက်တောက်ခေါက်သည်။ 

အိုကေကြိုက်ပြီ။ ဈေးတည့်။ ရောင်း။ စိုပြေ ပွဲခရသည်။ ဒါပေမဲ့ ဘာကားရောင်းလိုက်မှန်းမသိ။ ကိစ္စမရှိ။ အဓိကက ပွဲခရဖို့ မဟုတ်လား။ 

အဲ့လိုနဲ့ ကားသုံးစီး အရောင်းအဝယ် ဖြစ်လိုက်သည်။ ပွဲစားအချင်းချင်း ပွဲခတွေ ခွဲယူရသည်။ စိုပြေ ဘာမှပြောစရာမလို။ ပြောလည်း မပြောတတ်။ ဘာကားမှန်းတောင် မသိတာ ကားအကြောင်း သိဖို့တော့ဝေး။ 

အဲ့တော့ ပြုံးပြုံးလေးနေတာပဲ ကောင်းသည်။ ဝယ်သူ ရောင်းသူတွေနဲ့ အခြားပွဲစားတွေက စိုပြေ ဘာမှမပြောတာကို ကြိုက်သည်။ ဝင်ပြောလိုက်လို့ ပွဲပျက်သွားရင် ဒုက္ခ။ 

သူငယ်ချင်းတစ်ယောက်က အိမ်ရောင်းမည်ဟု ဆိုသည်။ စိုပြေ ဖေ့စ်ဘွတ်ခ်ပေါ် တင်ပေးသည်။ ရောင်းမည့်အိမ်က စိုပြေ့အိမ်နှင့်နီးတော့ လာကြည့်သူတွေကို လိုက်ပြသည်။ အိမ်ရောင်းရတာ တော်တော်ခက်သည်။ ကားရောင်းရတာက လွယ်သည်။ ကားကို ကြိုက်နှင့်ပြီးသားလူကို ပြတော့... အလုပ်ဖြစ်သည်။ အိမ်ကတော့ ဒီလိုမဟုတ်။ အခေါက်ခေါက်အခါခါ ပြရသည်။ 

စိုပြေကတော့ အိမ်လာကြည့်သူတွေကို ဘာမှမပြော။ ကြည့်...။ ခင်ဗျားတို့ အမြင်ပဲလေ...။ ကြိုက်ရင် ပြော...။ ပိုင်ရှင်က သူငယ်ချင်းပဲ။ သူလျှော့ချင် လျှော့လိမ့်မယ်။ မကြိုက်သူက များသည်။ မကြိုက်တော့လည်း သော့လေးပိတ်ပြီး ပြန်ရုံပေါ့။ 

ဒီလိုနဲ့ ခေါ်ဈေးကမရ။ ပိုင်ရှင်က စိတ်တိုလာသည်။ ဝယ်တုန်းက သိန်းလေးရာ့ခြောက်ဆယ်။ ပြန်ရောင်းတာ သုံးရာ။ တစ်ရာ့ခြောက်ဆယ် ရှုံးနေပြီ။ 

ဒီလောက်တောင် ရောင်းမရရင်လည်း ထပ်လျှော့။ နောက်ဆုံးတော့ နှစ်ရာ့ငါးဆယ်နှင့် တည့်သွားသည်။ 

အိုကေ...။ စိုပြေ ပွဲခရသည်။ 

အဲလယ့်...။ ပွဲစားလုပ်တာ တယ်မိုက်ပါလား...။ 

ကားကတော့ ခဏလေးနဲ့ ပွဲခရသည်။ အိမ်ကတော့ ဒီလိုမဟုတ်။ ဘာကြောင့်လဲ စုံစမ်းကြည့်တော့...။ 

ကားတင်သွင်းခွင့် မပြုတော့လို့ဆိုလား။ ဘယ်မောင်းပဲ တင်သွင်းခွင့်ပြုတော့မယ် ဆိုလား။ တက္ကစီတွေကို တစ်ဝက်လျှော့မယ်ဆိုလား။ ဒီလိုနဲ့ ကားဈေးတွေက တက်သည်။ အေးဆေးရောင်းလို့ ရသည်။ 

တိုက်ခန်းကတော့ ဒီလိုမဟုတ်။ ဈေးတွေ ကျနေသည်။ ဝယ်သူမရှိ။ ရောင်းသူသာ ရှိသည်။ အခုတောင်မှ ပိုင်ရှင်က သိန်းနှစ်ရာကျော် အရှုံးခံလိုက်လို့ ရောင်းရတာ။ 

စိုပြေ့ ပုံစံအတိုင်း ဆိုရင်တော့ အလုပ်မဖြစ်။ ဘာပဲပြောပြော ပွဲစားလုပ်ရတာ မိုက်သည်။ ဘာမှ ရင်းစရာမလို။ လေနဲ့ ဖုန်းဘေလ်ပဲ ရင်းရသည်။ မြိုးမြိုးမြက်မြက် ရသည်။ အရင်ကဆို စိုပြေ ပွဲစားတွေကို မုန်းသည်။ တော်တော်လေးကို မုန်းတာ။ 

ဘာလို့တုံးဆိုတော့ စိုပြေက အိမ်ပိုင်မှ မရှိတာ။ ခြောက်လ တစ်ခါလောက် ပွဲစားတွေနဲ့ ဆက်ဆံရသည်။ ပွဲခ ခဏခဏပေးရသည်။ ပွဲခမပေးရင် သူတို့က ညစ်သည်။ 

ပြီးတော့... ပွဲစားက ပွဲစားပေါ့။ ဘာလို့များ သူတို့ကိုယ်သူတို့ အကျိုးဆောင်လို့ ခေါ်မှန်းမသိ။ ပွဲစားလို့ခေါ်ရင် စိတ်ဆိုးသူက ရှိသေးသည်။ ဘာဖြစ်တုံး။ ပွဲစားလို့ခေါ်တာ ဘာများနစ်နာစရာရှိတုံး။ 

ရှေးခေတ်ကဆို ပွဲစားဆိုတာ ဂုဏ်ရှိသည်။ ဘုရားကျောင်းကန်တွေက အလှူကမ္ပည်းတွေကို သွားကြည့်။ ပွဲစားကြီး ဘယ်သူ၊ ပွဲစားကတော်ကြီး ဘယ်သူက လှူဒါန်းသည်ဆိုပြီး ဂုဏ်ယူစွာ ရေးကြသည်။ ဒီခေတ်မှ ဘာကြောင့် အကျိုးဆောင်ဖြစ်သွားလဲ မသိ။ 

အခုမှ သတိရသည်။ စိုပြေက အခုမှ ပွဲစားလုပ်တာမဟုတ်။ ငယ်ငယ်တုန်းကလည်း ကျောက်ပွဲစား လုပ်ဖူးသည်။ ငယ်ငယ်က ဇာတ်ကားတွေထဲမှာ ဖားကန့်တက်ရင် ချမ်းသာသည်ဟု ကြည့်ဖူးသည်။ 

အဲ့ဒါနဲ့ ဆယ်တန်းအောင်တော့ ဖားကန့်တက်သွားသည်။ ကောက်ရိုးလောပန်နှင့်တွေ့သည်။ သူဝယ်လာသည့် ကျောက်ကလေးတွေကို ကျောက်ဝိုင်းထဲမှာ ပွဲလိုက်တိုက်သည်။ ရန်ကုန်ကလာလို့ ရန်ကုန်သားဟု ခေါ်သည်။ ဒီလိုနှင့် ရန်ကုန်သား ကျောက်ပွဲစား ဖြစ်လာသည်။ နာမည်လေး ရလာသည်။ အကောင်းရတာတော့ မဟုတ်။ ကျောက်အကြောင်း ဘာမှမသိလို့ နာမည်ရတာ။ အခြားပွဲစားတွေ ပွဲမတိုက်ချင်သည့် ကျောက်တွေကို ရန်ကုန်သားစိုပြေ ပွဲတိုက်ရသည်။ 

စိုပြေ ပွဲတိုက်ရသည့် ကျောက်တွေက ဘာမှသိစရာမလိုသည့် ကျောက်တွေ။ လက်ကောင်းသား၊ ပုတီးသားလို့ခေါ်သည့် အရည်မပါသည့်ကျောက်။ ကျောက်တုံးကြီးကိုထမ်း။ ပြီးရင် ကျောက်ဝိုင်းထဲမှာ လိုက်ပြ။ ကြိုက်သူက ဈေးပေး။ ကျောက်မှာ တိပ်လေးပတ်ပြီး ပြန်လာ။ ပိုင်ရှင်ကြိုက်ရင် သွားပြန်ပို့ပေးလိုက်။ ထမင်းစားဖို့တော့ ရသည်။ 

နောက်တော့ စိုပြေ ပွဲတိုက်သည့် ကျောက်ပျောက်သည်။ တော်သေးတာက ကျောက်က တော်တော်ညံ့သည့်ကျောက်မို့။ ဝယ်သူမရှိလို့ ကွမ်းယာခုံနား ချထားတာ။ ဘယ်သူခိုးသွားလဲ မသိ။ ဖိုးသမားတွေကလည်း ပေါတာကို။ 

အဲ့ဒါနဲ့ ပိုင်ရှင်တောင်းသလောက် လျော်လိုက်ရသည်။ ဒါတောင် မနည်းတောင်းပန်လို့ လျော်နိုင်တာ...။ ဒါပေမဲ့ ကျောက်ပျောက်တော့ နာမည်ပျက်သည်။ ကျောက်ဝိုင်းထဲ လုပ်စားမရတော့...။ အဲ့ဒါနဲ့ ပွဲစားဇာတ်လမ်းပြတ်ကရော....။ 

အခုလည်း စိုပြေ ၆၆ (ဃ) ကို ကြောက်တာနှင့် ပွဲစားပြန်ဖြစ်လာပြီ။ ဘယ်တော့ ကားပျောက်မလဲ၊ ဝစ်သောက်နှင့်မိမလဲ မသိ။ အဲ့အခါကျတော့လည်း စာပြန်ရေးတာပေါ့လေ။ 

စိုပြေ

  • TAGS