POST TYPE

ARTICLE

အမေဒေါ်နှင်းဆီ
17-Sep-2017 tagged as ပရဟိတ

ရိုစီမာရှယ်တစ်ယောက် ကိတ်တောင်းမြို့ရှိ တောင်အာဖရိက အကြီးဆုံး မြို့နယ်ခါယီလစ်ရှာ ဒေသကို ပြောင်းလာခဲ့ပြီးနောက် တစ်ခု သတိထားမိခဲ့ ပါသည်။ စားကြွင်းစားကျန်များကို လိုက်ရှာနေကြသည်။ ၁၉၉၀ အစောပိုင်းတစ်ရက်တွင် ရိုစီမာရှယ် တစ်ယောက် ထိုကလေးများကို အိမ်ထဲလာခဲ့ပါရန်  သွားခေါ်လိုက်သည်။ “သူတို့ကို အိမ်ထဲဝင်ခဲ့ဖို့ ခေါ်လိုက်တယ်။ ကျွန်မတို့ သီချင်းတွေ ဆိုကြတယ်။ ပေါင်မုန့်စား တစ်ခုခု သောက်ခိုင်းတယ်” ဟု မာရှယ်ဆိုသည့် ကျောင်းဆရာမဟောင်း အမျိုးသမီးကြီးက ဆိုသည်။ ဒီလိုနဲ့ သူမ၏ အတိဒုက္ခရောက်သူ ကလေးများအတွက် နေ့ကလေးထိန်းနေရာ ဖြစ်တည်လာခြင်း ဖြစ်သည်။ 

ဆယ်စုနှစ်တစ်ခုလောက် ကလေးများကို အိမ်တွင် နေ့ကလေးထိန်း ခေါ်ထားပေးပြီးနောက် အနားယူဖို့ သူစတင် စဉ်းစားနေခဲ့သည်။ ထိုစဉ်းစားချက်က ၂၀၀၀ ခုနှစ်တွင် ပြောင်းသွားခဲ့သည်။ သူမ၏ အိမ်တံခါးဝတွင် ကလေးငယ်တစ်ဦးကို တွေ့ရသောကြောင့် ဖြစ်ပါသည်။ “ကလေးက အသက် ၂ နှစ်နဲ့ ၃ နှစ်အကြားတွင် ရှိပါသည်။ ကလေးမှာ ကိုယ်တုံးလုံးလေး ဖြစ်သည်။ ဒဏ်ရာအနာဗရပွနှင့် ဖြစ်သည်။ မာရှယ်သည် ကလေးကို ရဲများထံ ခေါ်သွားခဲ့သည်။ “ခင်ဗျားစောင့်ရှောက်ပါလား” ဟု ရဲများက တိုက်တွန်းကြသည်။ ဒီလိုနဲ့ သူမ၏ မိဘမဲ့ဂေဟာ ဖြစ်လာခဲ့ပါသည်။ တောင်အာဖရိကတွင် မိဘမဲ့ကလေး ၃ ဒသမ ၇ သန်းရှိသည်ဟု UNICEF က ထုတ်ပြန်ထားသည်။ ထိုမိဘမဲ့ကလေးများ ထက်ဝက်လောက်၏ မိဘများမှာ AIDS ဝေဒနာကြောင့် ကွယ်လွန်သွားကြခြင်း ဖြစ်ပါသည်။

“ဘုရားရှင်နဲ့ ကျွန်မ အပေးအယူ လုပ်ခဲ့ပါတယ်။ ဒီကလေးတွေကို စောင့်ရှောက်ဖို့ ဘုရားရှင်က  ကူညီပေးပါ။ ကျွန်မ စောင့်ရှောက်ပါမယ်လို့ ကတိပြုခဲ့တာပါ” ဟု ရိုစီမာရှယ်က ပြောကြားသည်။ မိဘမဲ့ ကလေးများ သူမ၏ အိမ်တွင် တစ်စတစ်စများလာသည်။ အနည်းငယ်ကြာသောအခါ ကလေးဆေးရုံတစ်ရုံက ဖုန်းလာသည်။ ဆေးရုံမှာ ပစ်ထားခံရသည့် ကလေးနှစ်ဦးအတွက် စောင့်ရှောက်ပေးနိုင်မလားတဲ့။ ထိုနှစ်ကုန်သွားသည့်အခါ မာမားရိုစီ၏အိမ်တွင် ကလေး ၆၇ ဦး ရနေပြီ ဖြစ်သည်။ “ကျွန်မ လက်မခံဘူးလို့ မပြောထွက်ဘူး။ ကောင်လေး၊ ကောင်မလေးများက အိမ်အနှံ့မှာ ရှိနေတာပါ” ဟု ရိုစီမာရှယ်က ပြောပြသည်။ ထို့နောက်တွင်တော့ သူမ၏ ပရဟိတအိမ်က တဖြည်းဖြည်း ကြီးလာကာ လမ်းတစ်ဖြတ်စာလောက်ကို ဖြစ်လာပါသည်။ ‘တိုးတက်ရစ်ဖို့’ ဟု နာမည်ပေးထားသည့် သူမ၏ အဖွဲ့အစည်းက ကလေး ၅၀၀၀ ၏ လိုအပ်ချက်များကို စုစည်းဆောင်ရွက်ပေးကြသည်။ 

“ကျွန်မတို့ ဂေဟာရှိကြတဲ့ ကလေးအများစုဟာ HIV/AIDS ကြောင့် မိဘမဲ့ ဖြစ်ရသူများပါ။ တချို့က စွန့်ပစ်ခံတွေ ဖြစ်ပါတယ်။ ကလေးအတော်များများဟာ HIV/AIDS ရှိပါတယ်။ ကျွန်မတို့က ထိခိုက်မှု ပြင်းထန်တဲ့ ကလေးတွေကိုလည်း ကူညီပေးပါတယ်။ အနိုင်ကျင့် စော်ကားခံရတဲ့ ကလေးတွေ၊ ချုံနွယ်တွေထဲမှာ နေထိုင်ရတဲ့ ကလေးတွေကိုလည်း ခေါ်ယူထိန်းသိမ်းထားပေးပါတယ်။ တစ်ရက်သား ကတည်းက ကျွန်မဆီကို ရောက်နေတဲ့ ကလေးတွေဆိုရင် အရွယ်တောင် ရောက်နေကြပါပြီ။ ကျွန်မတို့နဲ့ အတူနေခဲ့တာ ဖြစ်ပါတယ်” ဟု မာမားရိုစီဟု ကလေးများက ခေါ်ကြသည့် မိခင်ကြီးက ပြောပြသည်။ ဂေဟာမှ အရွယ်ရောက်လာသူများအတွက် ပညာသင်ပေးသည့် အစီအစဉ်များလည်း လုပ်ရသည်။ “သိတဲ့အတိုင်း အများစုက မိဘမဲ့ စွန့်ပစ်ခံတွေလေ။ သူတို့ကို စိုက်ပျိုးရေးပညာ၊ ကျောင်းစာ၊ လုပ်ငန်းခွင် အလေ့အကျင့်၊ ကွန်ပျူတာ စတာတွေကို သင်ကြားပေးရတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်လို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ဖြည့်စွက်ပေးပါတယ်။ ကျောင်းပြီးအောင်တက်ရန် အရည်အချင်းရှိသူတွေကို ပညာဆက်သင်ပေးတယ်” ဟု ဂေဟာနေ ကလေးများ၏ အနာဂတ်အရေးကို စီစဉ်ဆောင်ရွက်ထားပေးမှုများအား ရှင်းပြပေးသည်။ 

ကလေးဦးရေ အလွန်များသောကြောင့် ဆေးခန်းများပါ စီစဉ်ထားရသည်။ HIV/AIDS နှင့် အခြားဝေဒနာများကို ကုသပေးနေသည့် ကလေးဆေးရုံ အသေးစားတစ်ခုပင် ပြင်ဆင်ထားသည်။ ကလေးများထံသို့ အိမ်တိုင်ရာရောက် စစ်ဆေးကူညီပေးသည့် အစီအစဉ်များလည်း ရှိသည်။ အချို့မိဘမဲ့ ကလေးများမှာ ဂေဟာတွင် မနေကြသော်လည်း အိမ်တွင် အစ်ကို အစ်မများနှင့် အတူတူနေကြသည်။ ရိုစီမာရှယ်၏ လူမှုရေးလုပ်သားများက ရပ်ရွာထဲဆင်းကာ အဆိုပါ ကလေးများအတွက် ကူညီမှုများ ဆောင်ရွက်ပေးနေလျက် ရှိပါသည်။ 

သူတို့တွင် ကိုယ်ပိုင် မုန့်ဖုတ်စက်ရုံ ရှိသည်။ ကလေးများစားဖို့အတွက် ပေါင်မုန့်ကို ကိုယ်တိုင် ထုတ်လုပ်ကြသည်။ ကလေးများက ဝိုင်းဝန်းအလုပ်လုပ်ကြသည်။ ရပ်ရွာသို့လည်း ထိုပေါင်မုန့်များကို  ရောင်းကာ အဖွဲ့အစည်းအတွက် ဝင်ငွေရှာကြသည်။ နေ့ကလေးထိန်းကျောင်းလည်း ဖွင့်ထားသည်။ နေ့ခင်းအလုပ်လုပ်နေကြသည့် မိဘများက ကလေးများကို လာရောက်အပ်နှံနိုင်သည်။ လုံခြုံသော လမ်းပေါ်မရောက်သော အကာအကွယ်ပေးရာ ထိုနေရာတွင် ကလေးများအတွက် ဘဝနိဒါန်းလေ့လာမှုများ ပြုနိုင်ပေသည်။ 

“ပညာတတ်အောင်သင်ကြ ဒါမှသာ တစ်ခုခု ဖြစ်နိုင်မယ်လို့ ကျွန်မ သူတို့ကို အမြဲအားပေးပါတယ်။ ကျွန်မဆန္ဒကတော့ သူတို့ဘဝ တိုးတက်ဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ သူ့ကလေးများထဲမှ သမ္မတပင် ဖြစ်ရမည်ဟု ရိုစီမာရှယ်က ယုံကြည်ခံယူထားသည်။ ကလေးအတော်များများက အများအကျိုး ဆောင်ရွက်သူ လူမှုရေးလုပ်သားပဲ လုပ်လိုသည်ဟု ဆိုကြသည်။ “သူတို့က ကျွန်မလုပ်တဲ့ အလုပ်ပဲ လုပ်ချင်ကြသတဲ့” ဟု ရိုစီမာရှယ်က ဆိုသည်။ “ကလေးတွေမှာ စိတ်ကူးအိပ်မက် ရှိပါတယ်။ ကျွန်မဆန္ဒကတော့ သူတို့ အိပ်မက်တွေ အကောင်အထည်ပေါ်လာစေဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောပြသည်။ တောင်အာဖရိကနိုင်ငံ မြို့နယ်ကြီးတစ်ခုတွင် ထိုနှင်းဆီပန်း ပွင့်လန်းနေသည်။ အလွန်လှ၏။ 

သန့်ဇင်စိုး