POST TYPE

ARTICLE

မရမ်းကုန်းတွင် ခိုးဝင်ဘင်္ဂါလီ လေးဦးကို ဖမ်းမိ
10-Sep-2017 tagged as ရခိုင် ဘင်္ဂါလီ

ရန်ကုန်၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မှတစ်ဆင့် ပွဲစားခပေး၍ ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂါလီ အမျိုးသားလေးဦးကို စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဖမ်းမိသူလေးဦးမှာ လွန်ခဲ့သည့် တစ်လခန့်က ရန်ကုန်သို့ ရောက်ရှိနေသူများဖြစ်ပြီး စက်တင်ဘာလ ၉ ရက် နံနက် ၂ နာရီခွဲက ပြည်လမ်း၊ ကိုးမိုင်အိုးရှင်းစင်တာရှေ့တွင် လမ်းလျှောက်နေသည့် နှစ်ဦးကို စစ်ဆေးရာမှ ၎င်းတို့လေးဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

“သူတို့နှစ်ယောက်က အလုပ်ရှာဖို့ အပြင်ထွက်လာချိန်မှာ လှည့်ကင်းအဖွဲ့နဲ့ တွေ့ပြီး စစ်ဆေးရာက ခရီးသွားလာခွင့် အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ခိုးဝင်လာသူတွေဆိုတာ သိခဲ့ရတာ။ ကျန် နှစ်ယောက်ကို မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်မှာ ထပ်မိခဲ့တယ်” ဟု ရဲအရာရှိက ပြောသည်။

ဖမ်းမိသူလေးဦးမှာ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းဆီဖြင့် ပို့ဆောင်ခပေး၍ စစ်တွေ-အမ်း-ရန်ကုန်လမ်းအတိုင်း ရခိုင်အမျိုးသားတစ်ဦး မောင်းနှင်သည့် မော်တော်ယာဉ် နောက်ခန်းတွင် ပစ္စည်းများနှင့်အတူ ရော၍ လိုက်ပါလာခဲ့ခြင်း ဖြစ်ပြီး  ရန်ကုန်မြို့ရှိ လိပ်စာမသိ၊ အမည်မသိ ဗမာအမျိုးသားတစ်ဦး၏ နေအိမ်တွင် တည်းခိုခဲ့သည်။

ဖမ်းမိသူများမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပေါင်းတုတ်ကျေးရွာတွင် နေထိုင်သူများဖြစ်သော အသက် ၁၆ နှစ် ဟာဆောင်း၊ အသက် ၁၈ နှစ် ဖော်ဇော်ရော်ဟိန်းနှင့် ဟော်မင်၊ အသက် ၂၀ နှစ် အဒူရော်စောင်တို့ဖြစ်ပြီး ၎င်းတို့ ကို ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03