News

POST TYPE

ARTICLE

ရွှေတြိဂံဒေသရဲ့ အိပ်မက်ရထား
08-Sep-2017 tagged as မီးရထား

ဒေသနေ ပြည်သူတို့အတွက် လွန်ခဲ့သော ၁၀ နှစ် ခန့်က ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါ လူသူကင်းမဲ့ပြီး မေ့လျော့ခံနေရသော ဘူတာရုံတစ်ခုသည် ရွှေတြိဂံဒေသ ကျိုင်းတုံမြို့၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာရှိ ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုကား လမ်းမကြီးဘေးတွင် ရှိနေသည်။

နေလှန်းထားသော အမျိုးသမီးဝတ်လုံခြည်များ၊ ကလေးဝတ်ဘောင်းဘီများနှင့် အခြားအဝတ်အထည်များအကြား အဖြူရောင်ပေါ်တွင် အမည်းရောင် စာလုံးများဖြင့် ကျိုင်းတုံဟု ရေးထားသော ဘူတာဆိုင်းဘုတ်သည် မဝံ့မရဲပုံစံဖြင့် မြင်ရသည်။ တစ်ဖက်ဘူတာ ပလက်ဖောင်းပေါ်တွင် ဘူတာဖွင့်စဉ်က ရေးထိုးထားသည့် ရွှေရောင်အနားကွပ် ကမ္ပည်းကျောက်စာတိုင်ကို တွေ့ရသည်။ ဘူတာပလက်ဖောင်းများကြားမှ မြက်များထိုးထွက်နေပြီး အချို့မှာ ခါးတစ်ဝက်ခန့် ရှိသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၆၃၆ ပေတွင်ရှိသည့် အဆိုပါ ကျိုင်းတုံမြို့ ဘူတာရုံသည့် ငါးမိုင်ကျော်အကွာ ရှိသည့် ဝမ်ကောင်းဘူတာရုံသို့ ၂၀၁၀ နှစ်ပြည့် ဒီဇင်ဘာလအတွင်းက စတင်၍ ရထားပြေးဆွဲခြင်း ပြုလုပ်ခဲ့သော်လည်း လပိုင်းမျှ အကြာတွင် လုံးဝရပ်နားသွားခဲ့သည်။ ဘာ့ကြောင့် ရပ်ဆိုင်းသွားရသည်ကို မည်သူမျှ တိတိကျကျ မသိရှိကြ။

ဘူတာအနီးက ချုံနွယ်ပိတ်ပေါင်းများဖြင့် ဖုံးအုပ်နေသည့် မျဉ်းပြိုင်သံလမ်း နှစ်ခုပေါ်တွင်မူ မှန်တံခါးများ ကွဲကြေကာ အတွင်းပိုင်း၊ အပြင်ပိုင်းပစ္စည်းများ အားလုံး အသုံးပြု၍ မရအောင် ပျက်စီးယိုယွင်းနေသည့် မီးရထားတွဲများ အစီအရီ ရပ်တန့်ထားသည်။ အဆိုပါ မီးရထား တွဲပျက်များနှင့် မလှမ်းမကမ်းရှိ မီးရထားဘူတာရုံရှေ့တွင် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် အသက် ၆ နှစ်ခန့်အရွယ် မိန်းကလေးငယ်တစ်ဦးကို အနီးတွင်ထားကာ ထမင်းဟင်း ချက်ပြုတ်ရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။

ယင်းမြင်ကွင်းသည် ထိုင်း-လာအို-မြန်မာ သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကျိုင်းဖောင်းကျေးရွာ အနီးရှိ မြန်မာ့မီးရထားဘူတာရုံလေး၏ မြင်ကွင်းများ ဖြစ်သည်။

“ကျိုင်းတုံဘူတာကနေ ဝမ်ကောင်းဘူတာအထိ RBE ရထားတွဲတွေနဲ့ တစ်ယောက်ကို ၅၀ ကျပ်ကောက်ခံပြီး စပြေးဆွဲခဲ့တယ်။၂၀၁၁ ခုနှစ် ၈လပိုင်းမှာ ပြေးဆွဲမှု ရပ်နားခဲ့လို့ ရထားတွဲတွေက အင်ဂျင်တွေနဲ့ ဘီးတွေကို ဖြုတ်သယ်သွားပြီး တွဲအခွံတွေပဲ ဘူတာဝင်းထဲမှာ ထားခဲ့တယ်” ဟု ကျိုင်းတုံမြို့ မြန်မာ့မီးရထားလုပ်ငန်းမှ ဒုတိယကြီးကြပ်ရေးမှူး (မြို့ပြ) ဦးကြည်စိုးက ပြောကြားသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားလုပ်ငန်းမှ ကျိုင်းတုံမြို့ဘူတာနှင့် ဝမ်ကောင်းဘူတာ အကြား ရထားပြေးဆွဲမှု ရပ်နားပြီး နောက်ပိုင်း ကျပ်ငွေလေးဘီလီယံကျော် အကုန်အကျခံ ဖောက်လုပ်ထားသည်ဟု ဆိုသည့် ရထားလမ်း၊ တံတားများ၊ ဘူတာရုံနှင့် မီးရထားတွဲများသည် ထိန်းသိမ်းပြုစု စောင့်ရှောက်မှု မရှိခြင်း၊ တောင်ကျရေ တိုက်စားခြင်းနှင့် တောင်ပြိုခြင်းများကြောင့် အသုံးပြု၍ မရအောင် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ကျိုင်းတုံမြို့ ဒေသခံများက ဆိုသည်။

“ပျက်စီးနေတဲ့ ဘူတာရုံ မျက်နှာကြက်တွေ အပါအဝင် ကျန်တဲ့ဘူတာရုံ အစိတ်အပိုင်းတွေကို ဒီနှစ်ဆန်းပိုင်းမှာ ပြန်ပြင်ဆင်ထားသလို ဘူတာရုံ နှစ်ခုလုံးမှာလည်း ဝန်ထမ်းတွေ ခန့်အပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ နိုင်ငံတော်အဆင့် စီမံကိန်း ဖြစ်တဲ့အတွက် ဆက်လုပ်မယ် မလုပ်ဘူး ဆိုတာကတော့ မသိဘူး” ဟု ဦးကြည်စိုးက ရှင်းပြသည်။

ယင်းရထားလမ်း ဖောက်လုပ်စဉ်က တောင်များကို ဖြိုရသည့်အပြင် မြေများကို တူးဖော်ကာ မြေဖို့ဖောက် လုပ်ခဲ့ရသည့်အတွက် ရထားလမ်းဘေးတစ်လျှောက်ရှိ ချိုင့်ခွက်ကြီးများသည် ရေလှောင်ကန်ကြီးများသဖွယ် ဖြစ်ပေါ်ခဲ့ကာ ပေါက်ထွက်ရာမှ အနိမ့်ပိုင်း လယ်ယာမြေများအပေါ် ရထားလမ်း မြေကြီးများနှင့် ရွှံ့နွံများ ဖုံးလွှမ်းပျက်စီးခြင်း ကြုံတွေ့နေသည့်အပြင် ကျိုင်းတုံတက္ကသိုလ် အနီးရှိ ဘူတာဝင်းအတွင်းနှင့် ရထားတွဲပျက်ကြီးများသည် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူများနှင့် သမီးရည်းစားစုံတွဲ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ကွန်းခိုရာ ဘုံဗိမာန် ဖြစ်နေသည်။ 
“အရင်ကဆိုရင် ချုံတွေက ဒီထက်များသလို ရထားတွဲတွေကိုလည်း ကောင်းကောင်းမမြင်တွေ့ရဘူး။ ဘူတာရုံမှာ စောင့်ဖို့အတွက် ဒီနှစ်တစ်လပိုင်းမှ ဝန်ထမ်းအဖြစ် ခန့်အပ်ခံရလို့ မိသားစုတွေ အားတိုင်း ချုံတွေ ရှင်းလင်းထားခဲ့ရတယ်။ စုံတွဲတွေနဲ့ ဆေးသုံးတဲ့ သူတွေက နေ့၊ ည အမြဲတမ်းလာတယ်။ ဆေးသုံးတဲ့သူတွေဆို လက်ထဲမှာ လက်နက်တစ်ခုခု ပါလာလို့ သူတို့တွေ ဆူညံပြီး စကားများနေလည်း အန္တရာယ်ပြုမှာ ကြောက်တဲ့အတွက် သွားမပြောရဲဘူး။ ရောက်ခါစကဆို အိပ်ပျော်နေတုန်း ဆိုင်ကယ်နဲ့ စားအိုးစားခွက်တွေ အခိုးခံခဲ့ရတယ်” ဟု ကျိုင်းတုံဘူတာရုံ အစောင့်ဖြစ်သူ ဦးနိုင်ဦး၏ ဇနီးဖြစ်သူ ဒေါ်လှိုင်လှိုင်ဝင်းက ပြောကြားသည်။

ခင်ပွန်းနှင့် သားအကြီးဆုံး ဖြစ်သူတို့သည် မိသားစု စားဝတ်နေရေးနှင့် သမီးသုံးဦး၏ ကျောင်းစရိတ်များ ရရှိရန်အတွက် နေ့ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်း (ပန်းရန်) ၌ သွားရောက်လုပ်ကိုင်နေရသည့်အတွက် ၎င်းတို့မရှိချိန်တွင် သမီးမိန်းကလေးများကို မူးယစ်ရမ်းကားသူများ၏ အန္တရာယ်ပြုခြင်း မခံရစေရန် ဂရုစိုက်ကြည့်ရှု စောင့်ရှောက်နေရသည်ဟု သူက ပြောသည်။ 

တစ်ခါတစ်ရံ ထမင်းဟင်း လာရောက်တောင်းစားသူများကို ကျွေးမွေးနေရသည့်အပြင် ထဘီများ ပျောက်ဆုံးသွား၍ ထဘီငှားရမ်းပေးရန် တောင်းခံသည့် သမီးရည်းစား စုံတွဲများကိုလည်း ငှားရမ်းကူညီပေးနေရကြောင်း ၎င်းက ဆိုသည်။

“ဘူတာရုံထဲမှာက လူအစောင့်ရှိနေတဲ့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ ရှိ မရှိ ဝင်ရောက်စစ်ဆေးတာတွေတော့ မလုပ်ပါဘူး။ ဒါပေမဲ့ ညပိုင်းဆိုရင်တော့ မီးတန်းကားတွေနဲ့ အဲဒီဘက်အထိ လုံခြုံရေး လှည့်ပါတယ်။ သတင်းပေး တိုင်ကြားသူ ရှိရင်တော့ ၀င်ရောက်ရှာဖွေမှာ ဖြစ်သလို အခုလို သိရတဲ့အတွက် ညပိုင်းတွေမှာ ရှောင်တခင် စစ်ဆေးပေးမှာပါ” ဟု ကျိုင်းတုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ပြောကြားသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တပ်မတော်အစိုးရ လက်ထက်) တွင်  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့တို့ကို ဆက်သွယ်ရန်ဟု ဆိုကာ ကျိုင်းတုံ-မိုးနဲရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ပြီး ဒေသခံများ၏ လယ်ယာမြေများကို သိမ်းဆည်းကာ ကျိုင်းတုံမြို့ ဒေသခံ နောင်တုံဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုင်းတစ်အောင်ကို ကန်ထရိုက်စနစ်ဖြင့် ငှားရမ်း၍ ၂၀၀၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့သည်။

“ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အနေ နဲ့ ကျိုင်းတုံတက္ကသိုလ် လာဖွင့်တော့လည်း လယ်ယာမြေတွေ အသိမ်းခံရသလို ရထားလမ်း ဖောက်တော့လည်း လယ်ယာမြေတွေ ထပ်အသိမ်းခံရတယ်။ ဘာလျော်ကြေးမှ မရခဲ့ဘူး။ တက္ကသိုလ်ဆိုတာက ကိုယ့်သားသမီးတွေ အပါအဝင် ဒေသခံတွေအားလုံး ပညာသင်ကြားနေရလို့ လျော်ကြေးမပေးလည်း ကျေနပ်တယ်။ အခုရထားလမ်းကတော့ မြင်တဲ့အတိုင်းပဲ” ဟု ကျိုင်းဖောင်းကျေးရွာ ဒေသခံ ဦးစိုင်းလုံ (အမည်လွှဲ) က ပြောကြားသည်။

အဆိုပါ ရထားလမ်း စီမံကိန်း စတင်စဉ်က ကျိုင်းတုံမြို့နှင့် မိုးနဲမြို့တို့ကို ဆက်သွယ်ရန် ရည်ရွယ်ထားသော်လည်း ကျိုင်းတုံမြို့ ဘူတာရုံနှင့် ငါးမိုင်ကျော်အကွာရှိ ဝမ်ကောင်းဘူတာ အထိသာ ရထားလမ်း ဖောက်လုပ်နိုင်ခဲ့ပြီး ၂၀၁၀ နှစ်ပြည့် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပကာ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရာမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်မှ လက်ရှိ နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်ထက်တိုင် ဆယ်စုနှစ် တစ်စုနီးပါးကြာသည်အထိ ဆက်လက်အကောင်အထည်မဖော်နိုင်ခဲ့ပေ။

“စစ်အစိုးရလက်ထက်မှာ ဒီရထားလမ်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဖောက်လုပ်ခဲ့တယ် ဆိုတာ မသိရပေမယ့် မဖြစ်နိုင်တဲ့ အရာတစ်ခုကို လုပ်ခဲ့လို့ ပြည်သူ့ဘဏ္ဍာငွေတွေ အများကြီး ဆုံးရှုံးသွားခဲ့ရတယ်။ ဒေသခံတွေနဲ့ နိုင်ငံတော်အတွက် ဘာအကျိုးကျေးဇူးမှ မဖြစ်ပေါ်ပေမယ့် စီမံကိန်းနဲ့ သက်ဆိုင်သူတွေ အားလုံးတော့ အကျိုးအမြတ်တွေ ရသွားကြတယ်” ဟု ကျိုင်းတုံမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဒေါက်တာစိုင်းရွက်ဟောင်က ပြောကြားသည်။

အိမ်နီးချင်း တရုတ်နိုင်ငံ အပါအဝင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံများတွင် လွန်စွာမြင့်မားသည့် တောင်ပေါ်ဒေသများ၌ ရထားလမ်းများ အောင်မြင်စွာ ဖောက်လုပ်နိုင်သည်ကို တွေ့မြင်ရမည် ဖြစ်သော်လည်း နည်းပညာ မကြွယ်ဝသည့်အပြင် ငွေကြေးဓန အင်အားနည်းပါးသည့် မြန်မာနိုင်ငံ၌ တောင်ပေါ်ဒေသတွင် ကိုယ့်အားကိုယ်ကိုး ရထားလမ်း အောင်မြင်စွာ ဖောက်လုပ်ရန်မှာ မဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“တပ်မတော်မှာက အထက်အကြီးအကဲတွေက ခိုင်းစေရင် လက်အောက်ငယ်သားတွေ အနေနဲ့ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာ မေးခွန်းထုတ်ပိုင်ခွင့် မရှိဘူး။ ခိုင်းရင် ခိုင်းတဲ့အတိုင်း တစ်သဝေမတိမ်း လုပ်ခဲ့ရတာ။ တစ်နိုင်ငံလုံးမှာ ဆိုရင်လည်း ကြက်ဆူပင်စီမံကိန်း ဆိုပြီး ငွေကြေးအကုန်အကျခံ စိုက်လိုက်ကြပေမယ့် နောက်ဆုံးကျတော့လည်း ဘာမှမဖြစ်ဘဲ နိဂုံးချုပ်သွားတာပဲလေ” ဟု အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးက ဝေဖန်ထောက်ပြသည်။

ကျိုင်းတုံမြို့ အခြေစိုက် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် အဆိုပါ ရထားလမ်းဖွင့်ပွဲ၌ ဝန်ကြီးချုပ်အဖြစ် တက်ရောက်ခဲ့သည့် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၄ တွင် ယင်းရထားလမ်း စီမံကိန်း ဆက်လက်လုပ်ဆောင်ရန် ရှိ မရှိကို လွှတ်တော်တွင် တင်ပြမေးမြန်းခဲ့ရာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ  ဆက်လက်လုပ်ဆောင်မည် မဟုတ်ဟု ဖြေကြားထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျိုင်းတုံမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်က ပြောကြားသည်။

“ရထားလမ်း စီမံကိန်း ရပ်နားသွားပြီး နောက်ပိုင်း ပျက်စီးမှုတွေ ရှိနေတဲ့အပြင် ဝန်ထမ်းစရိတ်တွေ အလဟဿ ကုန်ကျနေလို့ ပြီးခဲ့တဲ့ လွှတ်တော်မှာ မေးမြန်းခဲ့တော့ ဆက်မလုပ်တော့ပါဘူးလို့ ရထားပို့ဆောင်ရေးဝန်ကြီး ဦးသန်းဌေးကိုယ်စား တစ်ယောက်က လာဖြေထားတဲ့ မှတ်တမ်းရှိပါတယ်။ ဒီအချိန်အထိ ဘာမှမလုပ်ဖြစ်တော့ရင်တော့ ဘာအတွက် ဆက်အသုံးပြုမှာလည်း ဆိုတာ လက်ရှိ လွှတ်တော်သက်တမ်းမှာ ထပ်ပြီး မေးမြန်းပေးမယ်” ဟု လွှတ်တော်သက်တမ်း နှစ်ကြိမ်တိုင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် ၎င်းက ဆိုသည်။

လက်ရှိ ရထားလမ်း စီမံကိန်းသည် ကျပ်ငွေ ဘီလီယံပေါင်းများစွာ အကုန်အကျခံ ဖောက်လုပ်ထားသော်လည်း နိုင်ငံတော်နှင့် ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူး မရရှိသည့်အပြင် ပျက်စီးဆုံးရှုံးမှုများကြောင့် ပြည်သူ့ဘဏ္ဍာငွေများ အလဟဿ ထပ်မံဆုံးရှုံးနေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အကျင့်စာရိတ္တ ပျက်စီးမှု ဖြစ်စေသည့် နေရာတစ်ခု ဖြစ်နေ၍ ဒေသခံများနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည့် စီမံကိန်းတစ်ခုကို အစားထိုး အကောင်အထည်ဖော် အသုံးချသင့်ကြောင်း အဆိုပါ ဒေသခံများက ပြောကြားသည်။

“အမှန်တကယ်က အခုလို မဖြစ်နိုင်တဲ့ ရထားလမ်း ဖောက်လုပ်မယ့်အစား ရှိပြီးသား ကျိုင်းတုံ-တောင်ကြီး ကားလမ်းကို ၂၄ နာရီ သွားလို့ရအောင် အဆင့်မြှင့်တင်ခဲ့လိုက်ရင် ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်နေပြီ။ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် ဘာကုန်စည်ဒိုင်မှ မဖွင့်နိုင်လို့ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေ မဖွံ့ဖြိုးဘဲ ဒေသထွက်ကုန် မှန်သမျှ  ရောင်းချဖို့ ဈေးကွက်မရှိဘူး” ဟု ဒေါက်တာစိုင်းရွက်ဟောင်က ဆိုသည်။

တိုင်းရင်းသားမျိုးနွယ်စုပေါင်းများစွာ နေထိုင်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် ခေတ်အဆက်ဆက် အုပ်ချုပ်သူ အကြီးအကဲများ၏ အောင်မြေ ဖြစ်ခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ လုပ်ဆောင်ပေးရန် အမေ့လျော့ခံ ဖြစ်နေသည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လွှတ်တော်တွင် တင်ပြတောင်းဆိုပေးနိုင်ရန် ပါတီတည်ထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (ESSDDP) ဥက္ကဋ္ဌ ဦးစိုင်းဟောင်ခမ်းက ပြောကြားသည်။

“အခုရထားလမ်းကို အရှုံးထဲက အမြတ်ထွက်အောင် ယာဉ်ကြောပိတ်ဆို့နေလို့ ဒေသအတွက် အရမ်းလိုအပ်နေတဲ့ မြို့ရှောင်ကားလမ်းအတွက် အသုံးပြုချင်ပြု ဒါမှမဟုတ် ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်နိုင်တဲ့ မြို့ပတ်ရထားလမ်း ဆက်လုပ်သင့်တယ်။ တစ်ခုနားမလည်တာက မဖြစ်နိုင်လို့ ရပ်တန့်ထားတဲ့ ရထားလမ်းကို မြို့ရှောင်လမ်းအဖြစ် အသုံးပြုနိုင်ဖို့ တင်ပြပြောဆိုတာကို နိုင်ငံ့ဘဏ္ဍာငွေ သုံးစွဲနေရ တာချင်းတူညီတဲ့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကုန်ကျစရိတ် ပြန်လျော်ပေးရမယ် ဆိုတာပဲ” ဟု ဒေါက်တာစိုင်းရွက်ဟောင်က ဆိုသည်။

ရထားပြေးဆွဲမှု လပိုင်းသာ ပြုလုပ်ခဲ့သည့် ကျိုင်းတုံဘူတာဝင်း အတွင်းမှာတော့ မော်တော်ယာဉ် အမောင်းသင် လေ့ကျင့်သည့် ယာဉ်များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူစုံတွဲများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ နေ့ညမပြတ် ပုံမှန်ဝင်ထွက် သွားလာနေ၍ စည်ကားနေဆဲ ဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်ကြီးကသာ ပြီးခဲ့တဲ့ လွှတ်တော်မှာ ရထားလမ်းစီမံကိန်း ရပ်နားဖို့ရှိ မရှိ မေးမြန်းလို့ ရပ်နားပြီ ဖြေဆိုထားတယ် ပြောပေမယ့် အထက်အကြီးအကဲတွေက လွှတ်တော်မှာ မေးခွန်းမမေးမြန်းသလို ရပ်နားပြီလို့လည်း မဖြေထားဘူး ပြောတယ်။ ဆက်လုပ်မယ် မလုပ်ဘူးဆိုတာ မပြောတတ်ပေမယ့် ဒေသခံတွေကို မြေယာလျော်ကြေးတွေပေးဖို့ တင်ပြထားတာ မကြာခင် ကျလာတော့မယ်” ဟု ဒုကြီးကြပ်ရေးမှူး (မြို့ပြ) ဦးကြည်စိုးက ပြောကြားသည်။

သို့ရာတွင် ထိုအရာတို့သည် ဘယ်တော့စမည်၊ ဘယ်အချိန်ရမည်ဆိုတာ တိတိပပ သူမပြောနိုင်။

သူက မီးရထားဘူတာရုံ ပြုပြင်ထိန်းသိမ်းမှုတွေ နိုင်သလောက် လုပ်နေသလို မီးရထားဝင်းအတွင်း စားသောက်ဆိုင်ဖွင့်ကာ ဈေးရောင်းသည့် အလုပ်ကိုလည်း လုပ်နေသည်။ 

“အားတဲ့အချိန်မှာ ဈေးကူရောင်းပေးနေရတာပေါ့” ဟု  ဦးကြည်စိုးက ပြောသည်။ 

ရန်နိုင် (သီလဝ)