POST TYPE

ARTICLE

မြို့ပတ်ရထားခရီးစဉ်မှ တစ်ရက် ကျပ်တစ်သိန်း အမြတ်ငွေရ
05-Sep-2017 tagged as မီးရထား


ရန်ကုန်၊ စက်တင်ဘာ ၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထားအနေနှင့် မြို့ပတ်ရထား ခရီးစဉ်များမှ တစ်ရက်လျှင် ကျပ်တစ်သိန်းခန့် အမြတ်ငွေ ရရှိပြီဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ရန်ကုန်မြို့ပတ်ရထားဖြင့် သယ်ယူပို့ဆောင်ရာတွင် ခရီးသည်စီးနင်းမှု တိုးလာခြင်းအပေါ် ရထားဆီဖိုးနှင့် တွက်ချက်မှုအရ တစ်ရက်ကို ကျပ်တစ်သိန်း အမြတ်ငွေ ရနေခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ ဆက်လက် သိရသည်။

“ကားတွေမှာ ဆီဖိုးနဲ့တွက်ပြီး အမြတ်ငွေ ကျန်၊ မကျန် စိစစ်ရတယ်။ ရထားမှာလည်း ဒီလိုပဲ ဆီဖိုးနဲ့တွက်မှ အမြတ်ငွေ တွက်လို့ရတာပေါ့။ ဒါတောင် အစိုးရကပေးတဲ့ ဆီဖိုးက အခုနှစ်မှာ ဈေး တက်သွားပြီ”ဟု မြန်မာ့မီးရထား (စီးပွားရေးဌာန)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အစိုးရထံမှ မြို့ပတ်ရထား ပြေးဆွဲရန် ဒီဇယ်ဆီ ဝယ်ယူရာတွင် ၂၀၁၆ ခုနှစ်က တစ်ဂါလန်လျှင် ကျပ် ၂၅၀ဝ အထိရှိပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် တစ်ဂါလန်လျှင် ကျပ် ၃၃၀ဝ အထိ ပေးဝယ်ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာ့မီးရထားသည် နှစ်စဉ် အရှုံးများနှင့်သာ ရင်ဆိုင်နေရပြီး အရှုံး ကာမိရန် မြန်မာ့မီးရထားပိုင်မြေများကို ငှားရမ်းခြင်း၊ ကုမ္ပဏီများနှင့် အခြားလုပ်ငန်းများကို ဖက်စပ် လုပ်ကိုင်ခြင်းများရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ရတဲ့ငွေထဲက လမ်းပြင်စရိတ်တွေ၊ စက်ခေါင်းပြင်တာတွေ၊ ဝန်ထမ်းလစာတွေ တခြားစရိတ်တွေပါ ထည့်တွက်ရင်တော့ ရငွေနဲ့သုံးငွေ မမျှဘူး။ အဲဒါတွေကို ထည့်မတွက်ဘဲ ဆီဖိုးအပေါ်ကိုပဲ အရှုံးအမြတ် ပြောတာပါ”ဟု မြန်မာ့ မီးရထား (စီးပွားရေးဌာန) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြို့ပတ်ရထား စီးနင်းမှုသည် ယခင်က ခရီးသည် ၇၂၀ဝ၀ ကျော်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ၉၇၀ဝ၀ ကျော် တိုးမြင့်လာကြောင်း၊ တစ်ရက်ကို တွဲဆိုင်း ၂၅ ဆိုင်းဖြင့် ခေါက်ရေ ၂၂၀  ပြေးဆွဲကြောင်း မြန်မာ့မီးရထား၊ တိုင်း-၇ (သွားလာရေးဌာန)ထံမှ သိရသည်။ 

J-06