POST TYPE

ARTICLE

မင်္ဂလာဒုံဘူတာတွင် လမ်းလွှဲမီးပွိုင့်နှင့် အဆင့်မြင့် အချက်ပြစနစ် တပ်ဆင်ပြီး
31-Aug-2017 tagged as မီးရထား


ရန်ကုန်၊ ဩဂုတ် ၃၀

ရန်ကုန်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရာတွင် အရှေ့ခြမ်းပိုင်းဖြစ်သည့် မင်္ဂလာဒုံဘူတာ၌ လမ်းလွှဲမီးပွိုင့်နှင့် အချက်ပြစနစ် တပ်ဆင်ထားပြီးဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

အဆိုပါဘူတာ၌ ရထားအကွာအဝေးကို စက်ဖြင့် အသိပေးသည့်အချက် ပြစနစ်နှင့် လမ်းလွှဲပြောင်းစနစ် အပါအဝင် လမ်းလွှဲပြောင်းများကို မှန်ကန်အောင် ထိန်းချုပ်သည့်စနစ်များကို တပ်ဆင်ထားခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား၊ အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

အဆိုပါ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းတွင် နိုင်ငံတော်ဘတ်ဂျက် အမေရိကန် ဒေါ်လာ ၉၄ ဒသမ ၇၆ သန်းကို သုံးစွဲခြင်းဖြစ်ပြီး မြို့ပတ် ရထားလမ်း၏ အရှေ့ခြမ်းဖြစ်သည့် အင်းစိန်၊ တညင်းကုန်၊ မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ ပုဇွန်တောင်ဘူတာများကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့ပတ်ရထား လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် လုပ်ငန်းဆောင်ရွက်မှု နှစ်ပိုင်း ခွဲခြားထားပြီး JICA ချေးငွေနှင့် နိုင်ငံတော် ဘတ်ဂျက်အပါအဝင် အမေရိကန် ဒေါ်လာ ၃၀၁ ဒသမ ၂၉ သန်း သုံးစွဲမည်ဖြစ်ကာ လမ်းလွှဲမီးပွိုင့်နှင့် ရထား အကွာအဝေး အဆင့်မြင့်အချက်ပြစနစ် တပ်ဆင်မှုတွင် အဆိုပါစီမံကိန်း၏ သုံးစွဲမည့်ငွေများထဲမှ အမေရိကန် ဒေါ်လာ ၉၄ ဒသမ ၇၆ သန်းကို သုံးစွဲခြင်းဖြစ်ကြောင်း မြန်မာ့ မီးရထားထံမှ သိရသည်။

ယခုအခါ ပုရွတ်ဆိတ်ကုန်းဘူတာတွင် Cross-Over တစ်ခု၊ သော့အိမ်ထိန်းချုပ်စနစ် တပ်ဆင်ထားပြီး တညင်းကုန်းဘူတာ Cross-Over နှစ်ခု၊ အစုန်၊ အဆန်ရထားများ ဝင်၊ ထွက်ပြုနိုင်ရန် ထိန်းချုပ်အချက်ပြစနစ် တပ်ဆင်ရန် လိုအပ်သည့် စက်ပစ္စည်းများ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

လက်ရှိ ဆက်သွယ်ရေး အချက်ပြစနစ်များကို စမ်းသပ် အသုံးပြုခြင်း၊ မြို့ပြဆိုင်ရာလမ်းလွှဲ၊ လမ်းကူးများ စမ်းသပ်အသုံးပြုခြင်း၊ မင်္ဂလာဒုံ ဘူတာတွင် မီးရောင်စုံအချက်ပြစနစ်မှ အလံရွက်အချက်ပြစနစ်သို့ ပြောင်းလဲကျင့်သုံးခြင်းအပေါ် စမ်းသပ်လေ့ကျင့်ခြင်းများ လုပ်ဆောင်ထားပြီး ကွန်ကရစ်ဇလီဖားတုံး ၃၆၀ တုံးနှင့် လမ်းခင်းကျောက်များ ဝယ်ယူထားပြီးဖြစ်ကြောင်း စီမံကိန်းဒါရိုက်တာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

တညင်းကုန်းဘူတာမှ ပုရွက်ဆိတ် ကုန်းဘူတာ လမ်းပိုင်းမှာ ၇ ဒသမ ၂၅ မိုင် အကွာအဝေးရှိပြီး အောက်တိုဘာလ ၁ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06