News

POST TYPE

ARTICLE

မက်ဂရီဂေါ်ကို အနိုင်ယူပြီး ပွဲ ၅၀ လုံး ရာနှုန်းပြည့် အနိုင်ရသည့် စံချိန်ကို မေဝယ်သာ စိုက်ထူ
27-Aug-2017

လတ်ဗီးဂတ်စ်၊ သြဂုတ် ၂၇

အမေရိကန် လက်ဝှေ့အကျော်အမော် မေဝယ်သာသည် အိုင်ယာလန် MMA ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး ကစားသမား မက်ဂရီဂေါ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် အထူးစိန်ခေါ်ပွဲစဉ်တွင် မေဝယ်သာက ပွဲချီ ၁၀ ချီမြောက်၌ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

မက်ဂရီဂေါ်သည် ပထမပွဲချီမှနေ၍ ဆဋ္ဌမမြောက်ပွဲချီတိုင်သည်အထိ မေဝယ်သာကို အပြန်အလှန် ထိုးသတ်နိုင်ခဲ့သော်လည်း သတ္တမမြောက်ပွဲချီသို့ အရောက်တွင်မူ သက်လုံပိုင်းဆိုင်ရာ ကျဆင်းသွားခဲ့ပြီး ခြေမခိုင်မှုများ ရှိလာခဲ့ကာ ပွဲချီ ၁၀ ချီမြောက်၏ ယှဉ်ပြိုင်ထိုးသတ်ချိန် တစ်မိနစ်နှင့် ငါးစက္ကန့်သို့ အရောက်တွင် ကြိုးဝိုင်းဒိုင်လူကြီးက ပွဲကိုရပ်ဆိုင်းပစ်၍ မေဝယ်သာကို အနိုင်ပေးလိုက်ခြင်း ဖြစ်သည်။

အနားယူနေရာမှနေ၍ လက်ဝှေ့လောကအတွင်းသို့ တစ်ကျော့ပြန်လည် ဝင်ရောက်လာခဲ့သည့် မေဝယ်သာသည် နောက်ဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ပွဲစဉ် ရှစ်ပွဲတွင် အလဲထိုး (သို့မဟုတ်) ဒိုင်ပွဲရပ်ဖြင့် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်အနိုင်ရခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ပွဲ ၅၀ ထိုးသတ်ရာ၌ ပွဲ ၅၀ လုံး အနိုင်ရသည့်စံချိန်ကို မေဝယ်သာက တင်ရှိသွားခဲ့ပြီ ဖြစ်သည်။

မက်ဂရီဂေါ်သည် အစောပိုင်းပွဲချီများတွင် မေဝယ်သာကို ဖိအားပေး ထိုးသတ်နိုင်ခဲ့ပြီး ပထမပွဲချီ၊ ဒုတိယပွဲချီနှင့် တတိယပွဲချီတို့တွင် မက်ဂရီဂေါ်၏ လက်သီးချက်များ ဆက်တိုက်နီးပါး ထိမှန်ခဲ့သည့်အတွက် မေဝယ်သာမှာ အကျပ်အတည်း တွေ့ခဲ့ရသေးသည်။

မက်ဂရီဂေါ်သည် မေဝယ်သာကို ဖိအားပေး ထိုးသတ်နိုင်ချိန်များတွင် စည်းမျဉ်းချိုးဖောက်သည့်အတွက် ပြစ်ဒဏ်ဖြစ်မှုများ ရှိခဲ့ပြီး ၎င်း၏ ထိုးသတ်ဟန်တွင် MMA ကိုယ်ခံပညာစုံ ထိုးသတ်သည့်ဟန်များ ရောစွက်ပါနေခဲ့ခြင်းကြောင့် ကြိုးဝိုင်းဒိုင်လူကြီးက မကြာခဏပင် သတိပေး တားမြစ်ခဲ့ရသည်။

မေဝယ်သာသည် အစောပိုင်းပွဲချီများတွင် မက်ဂရီဂေါ်ကို ခံစစ်ဖြင့် ရင်ဆိုင်ခဲ့သော်လည်း သတ္တမြောက်ပွဲချီသို့ အရောက်တွင်မူ အပြန်အလှန်ယှဉ်၍ တိုက်စစ်ဖွင့်ကာ စတင်ထိုးသတ်လာခဲ့ပြီး မေဝယ်သာ ဖွင့်ထိုးလိုက်ချိန်တွင် မက်ဂရီဂေါ်မှာ ချက်ချင်းပင် အခြေယိုင်သွားခဲ့သည်။

ကိုးချီမြောက်နှင့် ဆယ်ချီမြောက်တို့တွင် မေဝယ်သာ၏ လက်သီးချက်များသည် မက်ဂရီဂေါ်ကို တရစပ် ထိမှန်ခဲ့ပြီး ၁၀ ချီမြောက်သို့ အရောက်တွင် မေဝယ်သာ၏ လက်သီးချက်များကို မက်ဂရီဂေါ်က ခုခံစွမ်းငှာ မတတ်နိုင်တော့သည့်အတွက် ကြိုးဝိုင်းဒိုင်လူကြီးက ပွဲကိုရပ်နားကာ မေဝယ်သာကို အနိုင်ပေးလိုက်ခြင်း ဖြစ်သည်။

မေဝယ်သာသည် ၎င်း၏ ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ပွဲ ၅၀ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ၌ ၂၇ ပွဲကို အလဲထိုးဖြင့် အနိုင်ရခဲ့ကာ ၂၃ ပွဲကို အမှတ်ဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။