News

POST TYPE

ARTICLE

မဟာမုနိမှ ဗုံထောင်သံ
11-Aug-2017 tagged as မဟာမုနိဘုရား


“တုတ်-တုတ်-တုတ်-တုတ်” ဗုံထောင်သံ အနောက်မှ “ချပ်ချပ်” စည်းတီးသံ ကပ်လိုက်သည်။ တစ်ချက်တစ်ချက် မောင်းသံ ထပ်ကြားရသည်။

“တုန်-တုန်-တောင်-တောင်- တုန်-တောင်-တုန်-တောင်” ကြေးပတ္တလားသံကား ရောနှောထွက် ပေါ်လာသည်။ နှဲသံရှည်ကြီးကား အနိမ့်အမြင့်အတက် အကျအလိုက် ပေါင်းစပ်ကာ ဆက်တိုက်တီးမှုတ်သံ ကြားရသည်။

ထိုတီးမှုတ်မှုမျိုးကို ဗုံတော် ရေခင်းတော်တီးခြင်းဟု ခေါ်ကြသည်။

ယခုတီးမှုတ်မှုကား ဖျော်ဖြေခြင်းသက်သက် မဟုတ်။ နရီအချက်ပေးသံမျိုး ဖြစ်သည်။ နေရာကား  မန္တလေး၏ အထင်ကရ မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း ဖြစ်သည်။

နံနက်ခင်း အရုဏ်တက်ချိန် မဟာမုနိဘုရားကြီး မျက်နှာတော်သစ်အချိန်ဝယ် မျက်နှာသစ်၊ ခြေလက်ဆေးရန် အလို့ငှာ ရေတော်ခင်းခြင်းအတွက် တီးမှုတ်ရခြင်းကြောင့် ရေခင်းတော်တီးခြင်းဟု ခေါ်ကြခြင်း ဖြစ်သည်။

“ဘုရားကြီးမှာ ဘာတွေလုပ်ပြီ ဆိုတာကို အချက်ပေးတဲ့ သဘောပေါ့” ဟု အရုဏ်တက် လင်းကြက်တွန်ချိန် နံနက် ၄ နာရီတွင် ဘုရားကြီးမျက်နှာတော်သစ်နှင့် တွဲဖက်၍ ဗုံတော်ရေခင်းတော် တီးမှုတ်ခြင်း၏ အနက်ကို ယင်းဗုံတော်အဖွဲ့မှ ကြေးပတ္တလားတီး ဦးဝင်းဆွေက ဆိုသည်။

စင်စစ်အားဖြင့် မြန်မာ့ရိုးရာတူရိယာ တီးမှုတ်ခြင်းတွင် ရေခင်းတော်နှင့် ရေကင်းတော်ဟူ၍ နှစ်မျိုးနှစ်စား ရှိလေသည်။ ရှေးယခင်က မန္တလေးကျုံးဘေး ပတ်လည်ရှိ ကျုံးအတွင်း လှေများဖြင့် ဗုံတော်လေး တစ်ခုတီးကာ ခိုးဆိုးလုယက်သည့် အန္တရာယ်ကို အချက်ပေးရာဝယ် တီးခဲ့ခြင်းကို ရေကင်းတီးခြင်းဟု ခေါ်သည်။ 

ယခုမဟာမုနိဘုရားကြီး မျက်နှာတော်သစ်  အချိန်ဝယ် တီးမှုတ်သည်ကား ရေတော်ခင်းသည့်  ရေခင်းတော် အမျိုးအစားသာ ဖြစ်သည်။

ဗုံထောင်တီးသည့် အလေ့အထသည် မြန်မာ့ရိုးရာအစဉ်အလာတစ်ခု ဖြစ်ပြီး ရှေးယခင်ကတည်းက  ရှိခဲ့သည်။ အဆိုပါ မြန်မာ့ရိုးရာ အစဉ်အလာတစ်ခု ဖြစ်သော ဗုံထောင်တီးခြင်းကို တူရိယာအစုံဖြင့် တွဲဖက်ကာ နှစ်ပေါင်း ၅၀ နီးပါး ထိန်းသိမ်းထားဆဲ ဖြစ်သည့် ပြယုဂ်တစ်ခုကို ပြပါဆိုလျှင် မဟာမုနိဘုရားကြီး တစ်နေရာသာ ပြသရန် ထင်ရှားလျက်ရှိသည်။

တေးဂီတသည် ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ နေရာဒေသ မတူသူအားလုံး နားလည်နိုင်သည့် ဘုံဘာသာရပ်တစ်ခု ဖြစ်သည်။ ရင်ထဲထိ ရောက်အောင် တွန်းပို့နိုင်သည်။ လူသားတိုင်း နားလည်ခံစားနိုင်ကြသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ ဒေသအသီးသီးမှ ခရီသွားဧည့်သည်များ သာမက ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကပါ အဆိုပါ ဗုံထောင်တီးခြင်းကို စိတ်ဝင်စားမှု များကြသည်။

ယင်းတီးမှုတ်နေသည့်အချိန် အနီးအနား လူစုလူဝေး အသီးသီးဖြင့် စုရုံးတတ်ကြသည်က သက်သေတစ်ခုအလားပင်။

ယင်းမဟာမုနိဘုရားကြီးတွင်ကား ဘုရားကြီး မျက်နှာသစ်တော်အချိန်တွင် ဗုံထောင်တစ်ခါ တီးမှုတ်၍ ညနေ ၄ နာရီ၊ ဘုရားကြီးရုပ်ပွားတော် ထားရှိရာနေရာ သံတံခါးမပိတ်မီ တစ်ခါတီးမှုတ်ကြသည်။
ကုန်းဘောင်ခေတ်က မဟာမုနိဘုရားကြီး ရုပ်ပွားတော်ကို မြစ်ကြောင်းတစ်လျှောက် ဖောင်တော်ဖြင့် ပင့်ယူလာစဉ် ကတည်းက မြစ်အတွင်း ဗုံတော်တီးမှုတ်ကာ ပင့်လာခဲ့ခြင်း ဖြစ်ကြောင်း၊ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်း ရောက်မှသာ စည်တော်များဖြင့် တီးမှုတ်ကြိုဆိုကြခြင်း ဖြစ်ကြောင်း အဆိုပါ ဗုံတော်အဖွဲ့မှ ဦးဝင်းဆွေက ဆိုသည်။
“ဘုရားကြီးပင့်လာကတည်းက ဗုံထောင်တီးလုံးတွေက တစ်ပါတည်း ပါလာခဲ့တာ၊ ရိုးရာအစဉ်အလာလေး တစ်ခုလိုပါ” ဟု ၎င်းက ဆိုသည်။

ရှေးယခင်က ယင်းမဟာမုနိဘုရားကြီး မျက်နှာတော်သစ်အချိန်တွင် ဓာတ်ပြား၊ ဓာတ်စက်ဖြင့်သာ  ရေခင်းတော်ကို ဖွင့်ပြခဲ့ကြောင်း၊ နောက်ပိုင်း ကက်ဆက်ခွေဖြင့် ယင်းရေခင်းတီးလုံးကို ဖွင့်ပြခဲ့ရာမှ အမေ လူထုဒေါ်အမာ၏ ရေးသားဖော်ပြမှုများကြောင့် လူကိုယ်တိုင် တီးမှုတ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဘုရားကြီးတွင် ဗုံထောင်ရေခင်းကို လူကိုယ်တိုင်ဖြင့် တီးမှုတ်နေသည်မှာ နှစ်ပေါင်း ၅၀ ခန့်ပင် ကြာခဲ့ပြီ ဖြစ်ကြောင်း အဆိုပါ ဗုံတောင်အဖွဲ့မှ ဦးသိန်းမောင်က ရှင်းပြသည်။

“ဒီဗုံထောင်တီးကြသံကြားပြီး တချို့တွေဆို  မျက်ရည်တွေကျပြီး ချုံးပွဲချ ငိုကြတာတွေ၊ တချို့ဆို ထကကြတာတွေ၊ တချို့ဆို ဒီဗုံထောင်တီးတဲ့ သူတွေကို သေသေချာချာ ထိုင်ကန်တော့သွားတာတွေကို ထူးထူးခြားခြား တွေ့ခဲ့ရပါတယ်” ဟု ဦးသိန်းမောင်က သူ၏ အတွေ့အကြုံကို ပြောပြသည်။

ယင်းမဟာမုနိဝယ် ဗုံထောင်ရေခင်းတီးရာတွင် ဗုံထောင်၊ ကြေးပတ္တလား၊ မောင်း၊ နှဲ၊ စည်း စသည့် တူရိယာငါးမျိုးကို တစ်ပြိုင်နက် အသံစုံတီးမှုတ်ခြင်း ဖြစ်သည်။ နှဲတူရိယာသည် ကြားရသူကို လွမ်းဆွေးမှု  ရသတစ်မျိုးကို ပေးလေ့ရှိသည်။ ယင်းတူရိယာကို တစ်ဦးလျှင် တစ်မျိုး တီးမှုတ်ကြပြီး မောင်းနှင့် စည်းကိုဖြင့် တစ်ဦးတည်းကသာ တီးလေသည်။

ဗုံထောင်ကဖြင့် တစ်ဖတ်ပိတ်စည် အမျိုးအစားဖြစ်ကာ အရှည် ၂ ပေခွဲနှင့် ၃ ပေကြားတွင် ရှိသည်။ တစ်ဖက်ပိတ်စည်ကား တစ်ဖက်တည်းတွင်သာ ထောင်၍ တီးရခြင်းကို ဆိုလိုသည်။

ရေခင်းတော် တီးလုံးအမျိုးအစားများစွာ ရှိတော်လည်း ယင်းဘုရားကြီး၌ တီးခတ်ရာ လာရောက်ဖူးမြော်သူများ စိတ်ကြည်နူးစေမည့် ရသအတီးအဖွဲ့မျိုးကိုသာ တီးသည်။ မြန်မာ့ရိုးရာ အခြေခံတီးလုံးများ ဖြစ်သော ပုဇဉ်းတောင်သံကြိုး အစရှိသည့် ရှေ့ကကြိုးခံရသည့် တီးလုံးများကို တီးခြင်းဖြစ်သည်။

ဗုံထောင်ရေခင်းတော်တွင် အတွင်းက အဆာပလာအဖြစ် ဗုဒ္ဓဓမ္မနှင့် ပတ်သက်သည့် တေးဂီတများကို ထည့်သွင်းတီးမှုတ်သည်။ တီးမှုတ်ချိန်ကား မိနစ် ၃၀ ခန့်မျှသာ ကြာသည်။

ဗုံထောင်တီးသူများက ပုဆိုး၊ အင်္ကျီအဖြူ ဝတ်ကာ ခေါင်းတွင် မောင့်ကျက်သရေခေါင်းပေါင်းကို  ပေါင်းထားကြသည်။

မန္တလေးတွင် ရှေးယခင်က အရုဏ်တော်အသင်းများက ဆွမ်းခံ၊ ဘုံဆွမ်းလောင်း ကြွရာတွင် ဗုံထောင်တီးမှုတ်လေ့ ရှိကြသည်။ ယခုလည်း အချို့သော အရုဏ်တော်အသင်း၊ ဗုံဆွမ်းလောင်း အသင်းများတွင် ဗုံထောင်တစ်လုံးတည်းဖြင့် တီးမှုတ်ကာ လှည့်လည်ကြသည်။

“ငယ်ငယ်က ဆွမ်းလောင်းအသင်းတွေ ဗုံထောင်တီးရင် နောက်ကလိုက်သွားကြတာ။ ပုဆိုးအဖြူမရှိလို့၊ ဦးလေးရဲ့ ခေါင်းပေါင်းကြီးကို ဖြေပြီး ပုဆိုးဝတ်ပြီး လိုက်သွားတာ” ဟုမန္တလေးမြို့ခံ ဆိုင်းဝိုင်းတီးပညာရှင် ဇာတိမာန် ဦးမောင်မော်က ဆိုသည်။

ဗုံထောင်တွင်- ‘ဗုံကြီး၊ ဗုံတို၊ ဗုံရှည်၊ ဒိုးပတ် ပုဂံကစ’ ဟု စာဆိုရှိခဲ့ကြောင်း ဦးမောင်မော်က ထပ်မံဆိုသည်။ သာသနာပွဲ၊ ဘာသာရေးပွဲများတွင် တီးခတ်လေ့ရှိကြပြီး စိတ်ကြည်နူး၊ ပျော်ရွှင်သည့်ရသကို ပေးစွမ်းသည်ဟု ၎င်းက ဆိုသည်။
“ခုခေတ်ကတော့ ဗုံထောင်တွေလည်း လူငယ်တွေ သိပ်သိရကောင်းမှန်း မသိတော့ပါဘူး။
KTV တွေ ဘာတွေက ပေါ်လာတော့ အဲဒါကိုပဲ အလေးထားနေကြပုံပါပဲ” ဟု ၎င်းက ဆိုသည်။

မနက်စောစော ဘုရားကြီး မျက်နှာသစ်တော် အချိန်နှင့် ဘုရားကြီးရုပ်ပွားတော် တံခါးပိတ်ချိန်တွင်  ဗုံထောင်တီးရန် မန္တလေးမဟာမုနိ ဂေါပကအဖွဲ့မှ အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ပေးထားခြင်း ဖြစ်သည်။ 

တစ်ဦးလျှင် လစာငွေ ၁၈၀,ဝ၀ဝ ကျပ်နှင့် အထက်ရရှိကာ ဝန်ထမ်းအိမ်ရာတွင် နေထိုင်ခွင့် ရရှိသည်။

ဗုံထောင်တီးသည့် မျိုးရိုးစဉ်ဆက်အရ ခေါ်ယူထားခြင်းဖြစ်ပြီး ယင်းတီးသူများ နေထိုင်မကောင်းဖြစ်က ပြင်ပပညာရှင်ကို အချိန်ပိုင်း ငှားရမ်းခေါ်ယူကြောင်း ယင်းဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ဆိုသည်။

နံနက်ခင်း မိုးစင်စင်မလင်းမီ ဘုရားကြီးမုခ်ဦး အသီးသီး၌ ခရီးသွားကားများ၊ ဒေသခံများ၏ ဆိုင်ကယ်၊ ကား အသီးသီးက နေရာယူနှင့်ပြီး ဖြစ်သည်။

ရေတော်ကျောင်းတိုက်မှ ဆရာတော်နှင့် အရုဏ်တော် ဝတ်ဖြူဝတ်၊ ခေါင်းပေါင်းနှင့်အဖွဲ့က ဘုရားကြီး ရုပ်ပွားတော်ခြေရင်းတွင် နံ့သာ ရွှေ၊ ငွေ အိုးများဖြင့် မျက်နှာတော်သစ်လျက်ရှိသည်။ ဤသို့ မျက်နှာတော်သစ်နေစဉ် ဗုံထောင်အဖွဲ့မှ ရေခင်းတီးမှုတ်လျက် ရှိသည်။

ပန်းစေတီများ၊ အရုဏ်ဆွမ်းတော်များကို ဘုရားကြီးမျက်နှာသစ်တော်အရှေ့၊ စင်တစ်ခုတွင် အစီအရီတင်ကာ လာရောက်ဖူးမြော်သူများက ဘုရားရှိခိုး၊ မေတ္တာပို့လျက်ရှိသည်။ ပြည်ပနိုင်ငံခြားသား ခရီးသွားများကား ဘေးဘီတစ်ဖက်တစ်ချက်တွင် ဓာတ်ပုံ မှတ်တမ်းတင်သူကတင်၊ ခြေလက်ကွေးကာ ရိုသေသမှုဖြင့် ငြိမ်သက်စွာထိုင်၍ ကြည့်ရှုနေကြသည်။

မန္တလေး စာပေအသိုင်းအဝိုင်းမှ ဦးငြိမ်းချမ်းကမူ “နံနက်ခင်းအစောမှာ ဒီလိုဦးဦးဖျားဖျား ဘုရားဝတ်ပြုပြီး ဗုံထောင်သံကို တွဲဖက်ကြားရတာ တစ်နေ့လုံးအတွက် စိတ်ကြည်နူးစေတယ်” ဟု ဆိုသည်။

ဝင်းရွှေရည်ဦး