News

POST TYPE

ARTICLE

အာဆီယံ နှစ် ၅၀
08-Aug-2017 tagged as အာဆီယံ

မြန်မာပါဝင်သော အရှေ့တောင်အာရှတွင်း ကွဲပြားခြားနားမှုများသော အာဆီယံ ၁၀ နိုင်ငံ ပေါင်းစည်းမှုသည် ယနေ့တွင် နှစ် ၅၀ ပြည့်ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့တွင် ၁၉၉၇ ခုနှစ်တွင် စတင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ယခုနှစ်တွင် နှစ်၂၀ ပြည့်မြောက်ပြီ ဖြစ်ပါသည်။ အာဆီယံသည် ဥရောပသမဂ္ဂ (အီးယူ) ကို ပုံတူယူသည်ဟုလည်း ဝေဖန်မှုများ ရှိသလို ဥရောပသမဂ္ဂ (အီးယူ) တွင်လည်း အဖွဲ့ဝင် နုတ်ထွက်မှုများ ရှိနေချိန် မြန်မာပါဝင်သော အာဆီယံ၏ အနာဂတ်ကလည်း တွေးဆစရာ ဖြစ်ပါသည်။ (အယ်ဒီတာ)

ခီးရှောမာဘူဘာနီ ရေးသားပြီး ဇေဝင်းနောင် ဘာသာပြန်ဆိုသည်။

ကျွန်ုပ်တို့သည် အခက်အခဲအကျပ်အတည်း ကာလတွင် နေထိုင်နေရပြီး ကမ္ဘာပေါ်မှာ အကြွယ်ဝဆုံးဆိုသော နေရာများတွင်ပင် အဆိုးမြင်ဝါဒက တိမ်သလ္လာ ဖုံးလွှမ်းလျက် ရှိသည်။ နိုင်ငံတကာ ဖွဲ့စည်းပုံ စနစ်သည် ပြိုလဲနေပြီဟု အများက မှတ်ယူလာကြသည်။ 
ယဉ်ကျေးမှုများအကြား တိုးတိုက်မှုကြီးသည် မစတင်သေးလျှင်ပင် ဖြစ်အံ့ဆဲဆဲကာလသို့ ရောက်ရှိနေပြီဟု အချို့က ထိတ်လန့်လျက် ရှိသည်။

မှောင်ရီဖျိုးဖျကာလတွင် အရှေ့တောင်အာရှသည် မျှော်လင့်မထားသော မျှော်လင့်ချက်ရောင်ခြည်ကို ပေးစွမ်းနိုင်စွမ်း ရှိနေသည်။ မကြာသေးမီနှစ်များအတွင်း ဤဒေသ၌ ထူးကဲသော တိုးတက်မှုများ စွာရှိခဲ့ပြီး ယခင်က မမျှော်လင့်နိုင်ခဲ့သော ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှု အတိုင်းအတာတစ်ခုအထိ အောင်မြင်လျက်ရှိသည်။ 

ယင်းအောင်မြင်မှုအတွက် ယခုလ ၈ ရက်နေ့ တွင် အနှစ် ၅၀ ပြည့်ပြီ ဖြစ်သော အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပေသည်။

အရှေ့တောင်အာရှသည် ကမ္ဘာပေါ်တွင် ကွဲပြားခြားနားမှု အများဆုံး ဒေသတစ်ခု ဖြစ်သည်။ သန်း ၆၄၀ သော ပြည်သူများအနက် မွတ်ဆလင်က သန်း ၂၄၀၊ ခရစ်ယာန်က သန်း ၁၂၀၊ ဗုဒ္ဓဘာသာက သန်း ၁၅၀ ရှိပြီး ဟိန္ဒူ၊ တာအိုဝါဒီ၊ ကွန်ဖြူးရှပ်ဝါဒီ နှင့် ကွန်မြူနစ်များလည်း သန်းနှင့်ချီ ရှိနေသည်။ လူဦးရေ အထူထပ်ဆုံးနိုင်ငံ အင်ဒိုနီးရှားတွင် သန်း ၂၆၀ ရှိပြီး ဘရူနိုင်းနိုင်ငံ လူဦးရေမှာမူ လေးသိန်းခွဲသာ ရှိသည်။ စင်ကာပူနိုင်ငံသား တစ်ဦးချင်းတစ်နှစ် ဝင်ငွေ ဒေါ်လာ ၅၂၉၆၀ မှာ လာအိုနိုင်ငံသား တစ်ဦးချင်း တစ်နှစ်ဝင်ငွေ ၂၃၅၃ ဒေါ်လာ၏ ၂၂ ဒသမ ၅ ဆ မျှ ရှိသည်။

ဤမတူကွဲပြားမှုများကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး လုပ်ဆောင်ရာတွင် သိသာသော အားနည်းချက် များစွာရှိသေည်။ ထို့ကြောင့်ပင် ၁၉၆၇ တွင် ထူထောင်ခဲ့သော အာဆီယံသည် နှစ်အနည်းငယ်အတွင်း သေဆုံးသွားမည်ဟု အများက ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။

ထိုစဉ်က အရှေ့တောင်အာရှသည် ဆင်းရဲပြီး ပြဿနာမျိုးစုံ တက်နေသော ဒေသတစ်ခုဖြစ်ရာ ဗြိတိန်သမိုင်းပညာရှင် စီ၊ အေ၊ ဖစ်ရှာက အာရှ၏ ဘော်လ်ကန်ဒေသဟုပင် တင်စားခဲ့ဖူးသည်။ ဗီယက်နမ်စစ်ပွဲက ဖြစ်ပွားနေပြီး တရုတ်-ဗီယက်နမ် စစ်ပွဲကလည်း ဖြစ်တော့မည့်ကာလ ဖြစ်သည်။ အာဆီယံကို စတင်ထူထောင်ခဲ့သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း ဆိုသော ကွန်မြူနစ် မဟုတ်သော ငါးနိုင်ငံသည်လည်း ကွန်မြူနစ်ဝါဒ လွှမ်းမိုးသွားသော သို့မဟုတ် ပြည်တွင်းပဋိပက္ခအတွင်း သက်ဆင်းသွားသော အိမ်နီးချင်းများနည်းတူ တစ်ခုလဲသည်နှင့် လိုက်ပြိုလဲမည့် ဒိုမီနိုတုံး ကလေးများသာ ဖြစ်သည်ဟု အများက ရှုမြင်ခဲ့ကြသည်။ 

သို့သော်လည်း အာဆီယံသည် မျှော်လင့်ထားသလို ပြိုလဲမသွားခဲ့ဘဲ ဥရောပသမဂ္ဂပြီးလျှင် အအောင်မြင်ဆုံး ဒေသဆိုင်ရာ စုဖွဲ့မှုတစ်ခု ဖြစ်လာခဲ့သည်။ ပညာရေး၊ ကျန်းမာရေး၊ သံတမန်ရေး ကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှစ်စဉ် အာဆီယံ အစည်းအဝေး ၁၀၀၀ ခန့် ကျင်းပလျက်ရှိသည်။ 

အာဆီယံသည် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်တို့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များ လက်မှတ်ထိုးနိုင်ခဲ့သလို အာဆီယံ စီးပွားရေး အသိုက်အဝန်းကိုလည်း ထူထောင်နိုင်ခဲ့သည်။ ယခုအခါ အာဆီယံသည် ကမ္ဘာတွင် သတ္တမမြောက် အကြီးဆုံး စီးပွားရေး အင်အားစု ဖြစ်လာပြီး ၂၀၅၀ တွင် စတုတ္ထမြောက် အကြီးဆုံး ဖြစ်လာမည့် လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်သည်။

ကျွန်တော့် (ခီးရှောမာဘူဘာနီ) စာအုပ် ‘The Asean Miracle’ တွင် ရှင်းပြခဲ့သည့်အတိုင်း အချို့သော အကြောင်းအချက်များသည် အဖွဲ့၏ အောင်မြင်မှုအတွက် အထောက်အပံ့ ဖြစ်ခဲ့ပါသည်။ 

ပထမဆုံး အနေနှင့် ကွန်မြူနစ် ဆန့်ကျင်ရေးသည် ပူးပေါင်းဆောင်ရွက်ရန်အတွက် အားကောင်းသော မက်လုံးတစ်ရပ် ဖြစ်လာခဲ့ပါသည်။ အားကောင်းသော ခေါင်းဆောင်များ၊ အင်ဒိုနီးရှားမှ ဆူဟာတို၊  မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်၊ စင်ကာပူ တည်ထောင်သူ ဖခင်ကြီး လီကွမ်ယူးတို့သည် အဖွဲ့ကို အတူတကွ ဖြစ်စေရန် ဆောင်ရွက်နိုင်ခဲ့ကြသည်။

ယင်းကြောင့် အာဆီယံသည် ၁၉၆၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းနှင့် ၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ခေါင်းထောင်လာခဲ့ခြင်း ဖြစ်ပြီး၊ အမေရိက၊ တရုတ်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများ ပေါင်းဆုံရာနေရာ ဖြစ်လာခဲ့သည်။ 

စစ်အေးခေတ် အဆုံးသတ်ချိန်တွင် အနှိုင်းခံခဲ့ရသည့် ဘော်လ်ကန်ဒေသတွင် ဖြစ်ခဲ့သလိုမျိုး အရှေ့တောင်အာရှတွင် ပဋိပက္ခကြီးနှင့် မကြုံခဲ့ရပေ။ အာဆီယံနိုင်ငံများသည် ၁၉၇၀ ပြည့်လွန် နှစ်များနှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ထူထောင်ခဲ့သော ပူးပေါင်းဆောင်ရွက်သည့် အလေ့အထကို ဆက်ထိန်းထားနိုင်ခဲ့သည်။

နောက်ဆုံးတွင်တော့ အာဆီယံ၏ တစ်ချိန်က ကွန်မြူနစ်ရန်သူများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်ပါ အဖွဲ့အတွင်း ဝင်လာခဲ့သည်။ ဆယ်စုနှစ်များစွာ အထီးကျန် ဖြစ်နေခဲ့သည့် မြန်မာလည်း ပါလာခဲ့သည်။ မြန်မာနှင့် ထိတွေ့ဆက်ဆံသည့် အာဆီယံ၏ မူဝါဒကို အနောက်ကမ္ဘာက ဝေန်ခဲ့ကြသော်လည်း ယင်းမှာ စစ်အုပ်စိုးမှုမှ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးတွင် အုတ်မြစ်ချရေး အကူအညီဖြစ်ခဲ့သည်။ (ယင်းကို အနောက်ကမ္ဘာ၏ အထီးကျန်ဖြစ်အောင် ထားသည့် မူဝါဒနှင့် နှိုင်းယှဉ်ကြည့်နိုင်ပြီး ဥပမာအားဖြင့် ဆီးရီးယားတွင်ဆိုလျှင် အလားတူ ရလဒ်မျိုး ထွက်မလာနိုင်သည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်)

အာဆီယံသည် ပြည့်စုံရန် အဝေးကြီး လိုနေသည်မှာတော့ သေချာသည်။ ကာလတို တစ်ခုတွင်တော့ အာဆီယံသည် ကဏန်းသွားသွား နေခဲ့ပုံပေါ်ပြီး ရှေ့နှစ်လမ်းသွား၊ နောက်တစ်လမ်းဆုတ်၊ ဘေးတစ်လှမ်းသွားသလို ဖြစ်ခဲ့သည်။

သို့သော်လည်း အာဆီယံ၏ ရေရှည်တိုးတက်မှုမှာမူ ငြင်းမရနိုင်သည့် ကိစ္စဖြစ်သည်။ စုစုပေါင်း GDP သည် ၁၉၇၀ တွင် ဒေါ်လာ  ၉၅ ဘီလီယံသာ ရှိခဲ့ရာမှာ ၂၀၁၄ တွင် ၂ ဒသမ ၅ ထရီလီယံ ရှိလာခဲ့သည်။ 

အာရှပစိဖိတ်ဒေသတွင် ပထဝီနိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် တစ်ခုတည်းသော စင်မြင့်ဖြစ်လာပြီး ကမ္ဘာ့အင်အားကြီးအားလုံး၊ အမေရိကန်နှင့် ဥရောပသမဂ္ဂမှသည် တရုတ်နှင့် ရုရှားအထိ တက်ရောက်သည့် အစည်းအဝေးပွဲများ ကျင်းပပေးနိုင်သည့် တစ်မူထူးကဲသော အစွမ်းရှိနေသည်။ 

အာဆီယံသည် ကြီးမားသော စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်သည်။ တောင်တရုတ်ပင်လယ်ပြင်မှ ပိုင်နက်အငြင်းပွားမှုများသည် နက်ရှိုင်းသော သဘောကွဲလွဲမှုကို ဖြစ်စေသလို အမေရိကနှင့် တရုတ်အကြား ပထဝီနိုင်ငံရေးအရ အားပြိုင်မှုမှာလည်း ညီညွတ်မှုအတွက် နောက်ထပ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သည်။ မလေးရှားနှင့် ထိုင်းနိုင်ငံ အပါအဝင် အချို့သော အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးမှာလည်း ပိုမိုဖရိုဖရဲ ဖြစ်လာနေသည်။

သို့သော်လည်း အာဆီယံသမိုင်းကို ကြည့်လျှင် ထိုသို့သော မုန်တိုင်းများကို ကျော်လွှားနိုင်မည်ဟု ကောက်ချက်ချနိုင်သည်။ အဖွဲ့၏ အထင်ကြီးလေးစားဖွယ် ဒူပေနာပေ ခံနိုင်စွမ်းရှိမှုတွင် အင်ဒိုနီးရှားက စတင်ခဲ့သော မူစယာဝါရာနှင့် မူဖာကတ် (တိုင်ပင်ဆွေးနွေးခြင်းနှင့် ဘုံသဘောတူညီချက် ရယူခြင်း) ဓလေ့က နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်။ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီသို့ မဟုတ် တောင်အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့ပင် ယင်းသို့သော ဓလေ့ထုံးတမ်းမျိုးကို လိုက်နာခြင်းဖြင့် အကျိုးရှိလာနိုင်သည်။

ဥရောပသမဂ္ဂ (အီးယူ) သည် တစ်ချိန်က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် ရွှေစည်းမျဉ်းပမာ အလေးထား မှတ်ယူခံခဲ့ရသည်။ သို့သော်လည်း အီးယူကိုယ်တိုင်ပင်လျှင် ဘယ်တော့မှ မဆုံးနိုင်ဟု ထင်ရသည့် အကျပ်အတည်းများ၊ စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းများနှင့် ရင်ဆိုင်ရုန်းကန်နေရဆဲ ဖြစ်သည်။  အီးယူမှ ဗြိတိန် ထွက်ခွာသွားခြင်းနှင့်အတူ အခြားပူးပေါင်းဆောင်ရွက်မှု ပုံစံများကို နှိုင်းချိန် ကြည့်ရန်လိုအပ်လာချိန်၌ အာဆီယံသည် မပြည့်စုံသော်လည်း ဆွဲဆောင်နိုင်စွမ်း ရှိသည့် ပုံစံတစ်ခု ဖြစ်လာခဲ့သည်။

ဥရောပသမဂ္ဂသည် ၂၀၁၂ တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရသည်။ သို့သော်လည်း အာဆီယံ၏ ချဉ်းကပ်ပုံသည် အနာဂတ်အတွက် နည်းလမ်းဖြစ်လာနိုင်ပြီး အခြားသော အကွဲကွဲအပြားပြား ဖြစ်နေသည့် ဒေသများတွင် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ဖန်တီးရန် လမ်းပြလာနိုင်ဖွယ် ရှိနေသည်။    

ခီးရှောမာဘူဘာနီသည် စင်ကာပူ အမျိုးသားတက္ကသိုလ်၊ လီကွမ်ယူးပြည်သူ့မူဝါဒကျောင်း၏  မဟာဌာနမှူး ဖြစ်ပြီး ဂျက်ဖရီဆန်နှင့်အတူ ‘The Asean Miracle: A Catalyst for Peace’ စာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။