News

POST TYPE

ARTICLE

အသိ၊ သတိ စုပေါင်းအားနှင့် ရာသီတုပ်ကွေး
07-Aug-2017 tagged as H1N1

အစိမ်းရောင်၊ အပြာရောင်၊ အနက်ရောင် စသဖြင့် နှာခေါင်းစည်း အရောင်မျိုးစုံများသည် ဇူလိုင်လ ၂၃ ရက်ခန့်မှ စတင်ကာ လူထုကြားတွင် နေရာယူခဲ့သည်။

H1N1 ဟုဆိုသည့် ရာသီတုပ်ကွေးဗိုင်းရပ်စ်သည် ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ တစ်စတစ်စဖြင့် ပြည်သူလုထုအကြားတွင် ကူးစက်ပျံ့နှံ့လာသကဲ့သို့ လူထု၏ စိုးရိမ်မှုသည်လည်း မြင့်တက်လျက်ရှိသည်။ ထို့အတူ လူမှုကူညီရေး ပရဟိတ အဖွဲ့အစည်းများကလည်း လူစုလူဝေးများသည့် နေရာများတွင် နှာခေါင်းစည်းများ၊ ပညာပေး လက်ကမ်းစာစောင်များကို တစ်ဖက်တစ်လမ်းမှနေ၍ ဝေငှအားဖြည့်လျက် ရှိသည်ကို တွေ့မြင်ရသည်။

ယင်းအပြင် စိုးရိမ်မှုနှင့်အတူ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကိုလည်း ပြည်သူတို့သည် မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် ပြုမူဆောင်ရွက်နေသည်မှာလည်း နေရာတိုင်း၊ လူတိုင်းပင်။

မြန်မာနိုင်ငံသည် လူမှုကူညီရေး ပရဟိလုပ်ငန်းနှင့် ပတ်သက်လျှင် လက်မနှေးသည့်အလျောက် တစ်နိုင်တစ်ပိုင် လူမှုရေးအဖွဲ့များ၊ လူမှုရေး ပရဟိတ အသင်းအဖွဲ့များကလည်း H1N1 ကူးစက်မှု မရှိစေရေးအတွက် နှာခေါင်းစည်းဝေခြင်း၊ ရောဂါနှင့် ဆက်စပ်သည့် အသိပညာ၊ ဗဟုသုတများ ပါဝဝ်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို လူသွားလူလာ ထူထပ်သည့် နေရာများတွင် ဖြန့်ဝေပေးခြင်းများကို လုပ်ဆောင်ခဲ့သည်မှာ ယခုအထိတိုင်ပင် ဖြစ်သည်။

ရာသီတုပ်ကွေး (H1N1) ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုး အမျိုးအစားဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး မကူးစက်စေရန် နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း လက်ကိုင်ပဝါ၊ တစ်ရှူးနှင့် မိမိတို့၏ လက်မောင်းကို အသုံးပြု၍ နှာချေ၊ ချောင်းဆိုးခြင်းများကို ပြုလုပ်သင့်ကြောင်း၊ ထို့ပြင် တံခါးလက်ကိုင်များ၊ ဘတ်စ်ကားများ၊ ရထားများနှင့် လူစုလူဝေး များပြားသည့် နေရာများမှ ပြန်လာပြီးချိန်နှင့် အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အသိပေး ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

“တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ လက်သန့်ရှင်းမှုက အရေးကြီးတယ်။ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေနဲ့ ကာကွယ်ရင် ဘာမှမဖြစ်ဘူး။ လူထူထပ်တဲ့ နေရာကိုလည်း ရှောင်ရမယ်။ Hand Gel သုံးစွဲဖို့ပေါ့” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ဆိုသည်။

ယင်းသို့ အသိပေးထုတ်ပြန်ချက်များ ထုတ်ပြီးသည့်နောက်ပိုင်း လူမှုရေးပရဟိတ လှုပ်ရှားသူများက  နှာခေါင်းစည်းများအပြင် လက်ဆေးဆပ်ပြာရည် (Hand Gel) များကိုပါ ထပ်မံအားဖြည့် ဝေငှပေးလျက်ရှိသည်။

အဆိုပါ ရောဂါသည် ကိုယ်ခံအားကျချိန်တွင် ဖြစ်ပွားတတ်သည့်အတွက် လူထုအနေနှင့်လည်း ကိုယ်ခံအား ကောင်းမွန်စွာ နေထိုင်ရန် လိုအပ်ပြီး ကိုယ်ခံအားကျသည့်သူများ အနေနှင့်လည်း အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသည့် နဂိုရောဂါအခံ ရှိသူများကလည်း မကူးစက်ရန် နေထိုင်ဖို့သည် အရေးကြီးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်တွေ့ရှိခဲ့သည့် ယင်း H1N1 ရောဂါကူးစက်မှုကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အမျိုးသားတစ်ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတို့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စတင်သေဆုံးခဲ့ပြီး ၎င်းတို့မှာ ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် တက်ရောက်ခဲ့ကြသော လူနာများဖြစ်ကြောင်း၊ ထိုကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ဇူလိုင်လ ၂၄ ရက်နေ့က ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောဂါပြင်းထန်သဖြင့် လွှဲပြောင်းကုသမှု ပေးခဲ့သည့် လူနာဖြစ်ကြောင်းလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဇူလိုင်လ ၂၅ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယင်းသို့ သေဆုံးခဲ့သည့် သတင်းများကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်မှုသည်လည်း ရောဂါစတင်ဖြစ်ပွားကာစထက်ပင် ပိုမိုစိုးထိတ်မှုများ ရှိလာခဲ့ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပြည်သူလုထု အပါအဝင် ကျန်းမာရေးဌာန ဝန်ထမ်းများကလည်း ပိုမိုအရှိန်မြှင့် ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့မြင်ရသည်။

“ဖြစ်တယ်ဆိုတည်းက ကျွန်တော့်အမေကို နှာခေါင်းစည်းတွေရော၊ ခေါင်းဆောင်းတာတွေရော လာပေးပါတယ်။ ကျွန်တော်တို့ကိုလည်း နှာခေါင်းစည်းတွေ တပ်ထားဖို့ သူနာပြုတွေက လာပြောပါတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ သွေးကုသဆောင်တွင် တက်ရောက်ကုသနေသည့် လူနာရှင်တစ်ဦးက ဆိုသည်။

H1N1 ကြောင့် အသက်သေဆုံးသည့် သတင်းများ ထွက်ပေါ်ပြီး နောက်ပိုင်း ဈေးကွက်အတွင်း နှာခေါင်းစည်း (Surgical Mask) များနှင့် N-95 နှာခေါင်းစည်းများ ဝယ်ယူရာတွင် ဈေးတက်မှုများ ရှိလာခဲ့ပြီး ဝယ်ယူရ ခက်ခဲ့သည့် အခြေအနေနှင့်လည်း ကြုံတွေ့လာရသည်။

H1N1 ရောဂါကို ရိုးရိုး Surgical Mask များထက် N-95 နှာခေါင်းစည်းများ တပ်ဆင်ခြင်းက  ပိုမိုထိရောက်နိုင်သော်လည်း N-95 Mask များမှာ ပုံမှန်အချိန်တွင် အသုံးပြုသူ နည်းပါးသဖြင့် ဆေးဆိုင်များတွင် လိုသလောက် ဝယ်ယူ၍ မရရှိခြင်း စသည့် အခြေအနေများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

ထို့ကြောင့် ပရဟိတလုပ်ငန်းများ စုပေါင်း၍ အဖွဲ့များ ဖွဲ့စည်းကာ ပြည်သူလူထုများ H1N1 အတွက် လိုအပ်သည့် ကာကွယ်ရေးသုံးပစ္စည်းများ ရရှိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အားထုတ်မှုများ ရှိလာခဲ့သည်။

“N-95 ဆိုတဲ့ Mask ကသာ အကောင်းဆုံးပဲပေါ့။ ဒီရောဂါကို ကာကွယ်တယ်ဆိုတာ သိရတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဈေးကွက်မှာ အများကြီးမရှိဘူး။ ကျန်းမာရေးဌာနကလည်း မလုပ်ပေးနိုင်ဘူး။ အနီးအနားမှာရှိတဲ့ ဆရာဝန်တွေရဲ့ဒုက္ခကို ကိုယ်ချင်းစာတယ်။ ဒီတော့ ကျွန်တော်တို့ ကမ်ပိန်းတစ်ခု အနေနဲ့ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းတွေဆီ အလှူခံတယ်။ အဓိကတော့ စင်ကာပူမှာရှိတဲ့ ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းတာပေါ့။ ဖြစ်တာများလာတော့ တစ်နိုင်ငံလုံး အနေအထားနဲ့ Mask က လိုအပ်လာတယ်။ ဈေးတွေကလည်း မတရားကို တက်လာတာ” ဟု ကိုကြီးနှင့် ညီအစ်ကိုများ ပရဟိတအဖွဲ့မှ ဦးမြင့်ဇော်က ပြောကြားသည်။

လက်ရှိဖြစ်ပွားလျက်ရှိသည့် ရာသီတုပ်ကွေး (H1N1) ရောဂါကူးစက်မှုမှ ကာကွယ်ရန် အသုံးပြုလျက်ရှိသော နှာခေါင်းစည်း (Surgical Mask) များသည် ရောဂါကူးစက်မှုကို ကာကွယ်မှု မပေးနိုင်ကြောင်း၊ N-95 Mask ဆိုသည့် နှာခေါင်းစည်းသည်သာ ၎င်းရောဂါအား ကာကွယ်မှု ပေးနိုင်ကြောင်းကိုလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ရှင်းပြသည်။

မည်သို့ပင် ဆိုစေကာမူ လူထု၏ စိုးရိမ်မှုမှ ကြိုတင်ကာကွယ်မှုအဖြစ် Surgical Mask  များ အသုံးတွင်လာသကဲ့သို့ ရောဂါကို ကြိုတင်ကာကွယ်လိုစိတ်ရှိသော လူထု၏ သဘောထားကိုလည်း မြင်တွေ့ရသည်။ ယခင်က နှာခေါင်းစည်းတပ်ခြင်းကိုပင် အထူးအဆန်းသဖွယ် မြင်လေ့ရှိသော ဓလေ့သည် တဖြည်းဖြည်း ကျဆင်းလာပြီ ဖြစ်သည်။ Surgical Mask များက H1N1  ရောဂါကို ကာကွယ်မှု မပေးနိုင်သော်လည်း မဖြစ်မနေ ရောဂါ (ဥပမာ-တီဘီရောဂါလူနာများ) တစ်ခုခုကြောင့် နှာခေါင်းစည်းတပ်ရန် လိုအပ်သော လူနာများအတွက် လူအချို့၏ အမြင်များ ပြောင်းလဲလာနိုင်သည်မှာလည်း ဆိုးရွားသော ရောဂါအခြေအနေများကြားက ကောင်းမွန်သည့် ရလဒ်တစ်ခုပင်။

ပြည်တွင်းလုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ သာမက ပြည်ပနိုင်ငံများကလည်း ကာကွယ်ဆေးများ၊ ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် အလှူငွေများကို ကူညီပေးလျက် ရှိသည်ကို သိရပြီး H1N1 ရောဂါဖြစ်ပွားသူနှင့် တိုက်ရိုက်ထိတွေ့ ပြုစုစောင့်ရှောက်မှု ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများ အတွက်လည်း ကြိုတင်ကာကွယ်ဆေးထိုးခြင်းများ၊ N-95 Mask များ ဖြန့်ဝေခြင်းကို အလုံအလောက် ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အပြင် တစ်စတစ်စ ကူးစက်ပျံ့နှံ့လာသည့် H1N1 သည် ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် ဖြစ်ပွားလျက်ရှိသည့်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပရဟိတ အဖွဲ့အစည်းများနှင့် လူမှုရေး အသင်းများကလည်း နေရာအနှံ့ ဆောင်ရွက်လျက် ရှိနေသည်ကို တွေ့ရှိရသည်။

H1N1 ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကို ပြည်နယ်နှင့် တိုင်းအလိုက် ဆောင်ရွက်ခဲ့ကြပြီး ရှေးယခင်ကတည်းက ထင်ရှားပြီး နှစ်စဉ် ကျင်းပခဲ့သော တောင်ပြုန်းပွဲတော်ကိုပင် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သည်။ ထို့အပြင် လူစုလူဝေးဖြင့် ကျင်းပလျက်ရှိသည့် ပွဲတော်များကိုလည်း သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးရှိ တာဝန်ရှိသူများက ကျင်းပခွင့်ရပ်နားစေခဲ့ပြီ ဖြစ်သည်။

ယခုအခါ နေရာဒေသ အသီးသီးရှိ စာသင်ကျောင်းများ၊ ဈေးများ အပါအဝင် လူသွားလူလာ ထူထပ်လှသည့် နေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများ ဝေငှခြင်းများအပြင် ဈေးဝယ်စင်တာများရှိ ဆိုင်အချို့တွင် လက်ဆေးရည်များ (Hand Sanitizer) များကို ထားရှိခြင်း စသည်တို့ကြောင့် လူထုအနေဖြင့် ကျန်းမာရေးအသိများ တိုးပွားလာကြောင်း ယင်းအချက်များက ဖော်ပြနေသည်။

အလားတူ City Mart Holding Co., Ltd. ကလည်း ဈေးဝယ်သူများ အသုံးပြုနိုင်ရန် Anti-Bacterial Hand Sanitize များကို ဆိုင်တွင်း (Security Counter အနီး) ထားရှိပေးခြင်း၊ ဈေးဝယ်ခြင်းတောင်း လက်ကိုင်များ၊ လက်တွန်းလှည်း လက်ကိုင်များကို တစ်နာရီခြားတစ်ခါ Antiseptics များဖြင့် သန့်ရှင်းခြင်း၊ စက်လှေကား လက်ရန်းများကို နှစ်နာရီခြားတစ်ခါ Antiseptics များဖြင့် သန့်ရှင်းခြင်း စသည့် လုပ်ငန်းများဖြင့် ၎င်းတို့ကလည်း တစ်ဖက်တစ်လမ်းက ကူညီအားဖြည့်ပေးလျက် ရှိသည်။

ထို့ပြင် ဝန်ထမ်းမျာ အားလုံးကို နေ့စဉ် ကိုယ်အပူတိုင်းတာခြင်း၊ ကိုယ်အပူချိန်များနေသည့် ဝန်ထမ်းများကို လုပ်ငန်းခွင်သို့ မဝင်ရောက်စေဘဲ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ရယူစေခြင်း၊ ဈေးဝယ်သူများနှင့် အများဆုံး ထိတွေ့ရသော ဝန်ထမ်းများ အားလုံးကို Mask များ တပ်စေပြီး ယင်းတို့ကို လေးနာရီခြားတစ်ခါ လဲလှယ်စေခြင်း၊ ဝန်ထမ်းများအားလုံးကို တစ်နာရီတစ်ခါ စနစ်တကျ လက်ဆေးစေခြင်း၊ ဈေဝယ်သူနှင့် အများဆုံး ထိတွေ့ရသည့် Cashier Counter မှ ဝန်ထမ်းများအတွက် အချိန်မရွေး အသုံးပြုနိုင်ရန် Hand Sanitizer များ ထားရှိပေးခြင်းနှင့် သန့်စင်ခန်းများကို အကြိမ်အရေအတွက် ပိုတိုး၍ သန့်ရှင်းရေး ပြုလုပ်ခြင်း စသည့် လုပ်ငန်းဆောင်တာများဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ယင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသက်ကိုးလအရွယ် ကလေးငယ်များ အပါအဝင် အသက်အရွယ်မရွေး ကိုယ်ဝန်ဆောင်မိခင်များအထိ ဖြစ်ပွားလျက်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့အထိ H1N1 ပိုးတွေ့ လူနာ ၁၃၆ ဦးရှိပြီး၊ ၁၅ ဦး သေဆုံးကာ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း ၃၅၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌လည်း သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားအဖွဲ့အစည်းများ ပါဝင်သော ရာသီတုပ်ကွေးဆိုင်ရာ ကျန်းမာရေး ပညာပေး ဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိပြီး ပညာရေးဝန်ထမ်းများကလည်း ကျောင်းများတွင် ကျောင်းသားများအား လည်းကောင်း၊ လူမှုရေး အသင်းအဖွဲ့များကလည်း ပြည်သူလူထုအား လည်းကောင်း ရာသီတုပ်ကွေးရောဂါဆိုင်ရာ ကျန်းမာရေး ပညာပေးခြင်းများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

ထိုရောဂါနှင့် စပ်လျဉ်း၍ မရမ်းကုန်းမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ ၁၆၀၀ ကျော်အတွက် ကြိုတင်ကာကွယ်ရေး အနေဖြင့် လက်ဆေးဆပ်ပြာများကို ဝေငှခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးဇွဲရန်နိုင်က ပြောဆိုသည်။

“နှာခေါင်းစည်းလိုပဲ လက်ဆေးခြင်းကလည်း ရောဂါကို အဓိက ကာကွယ်နိုင်တယ် ဆိုတာ သိထားပါတယ်။ ရောဂါကာကွယ်ရေး ကိစ္စတွေက တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တည်း လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေအပြင် အားလုံး ပူးပေါင်းပါဝင်မှ ရမယ်။ မရမ်းကုန်းမြို့နယ်အပြင် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ကျောင်းတွေကို သက်ဆိုင်ရာ လူကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ ထပ်ပြီး ဝေငှသွားဖို့ ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေနှင့်လည်း ကျန်းမာရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ပညာပေး လက်ကမ်းစာစောင် တစ်သန်းငါးသိန်းခန့်၊ ပိုစတာ ရှစ်သောင်းခန့် ဖြန့်ဝေခဲ့ပြီး ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်း ၆၂၂၃ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း တစ်သန်းနှစ်သိန်းကျော်ကို ကျန်းမာရေး ပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြန်မာဘာသာစကားဖြင့် သာမက တိုင်းရင်းသား ဘာသာစကားဖြင့်ပါ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ပြန့်ပွားကူးစက်နိုင်သည့် ရောဂါများ အန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းသည် မဖြစ်မနေ အရေးပါလှပြီး ကုသခြင်းသည် ကာကွယ်ခြင်းထက် ပိုမိုထိရောက်သည်ဟု ဆိုသည့်အတိုင်း လူတစ်ဦးတစ်ယောက်မှ အစုအဖွဲ့အလိုက်၊ အစုအဖွဲ့မှ အဖွဲ့အစည်းများအလိုက် အားလုံး ပူးပေါင်းပါဝင်ခြင်းသည် ကောင်းမွန်သောရလဒ်ကို ရရှိစေမည်မှာ ဧကန်မလွဲပင်။           

သီတာဆွေ