News

POST TYPE

ARTICLE

မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ ရထားတစ်စင်း မိုင်းခွဲခံရ
02-Aug-2017 tagged as မီးရထား

ကလေး၊ သြဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အတွင်းရှိ မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ မြစ်ကြီးနားမှ မန္တလေးသို့ စုန်ဆင်းလာသည့် ရထားတစ်စင်း မိုင်းခွဲခံရကြောင်း အင်းတော်မြို့နယ် ပင်ဝဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။

သြဂုတ်လ ၁ ရက်နေ့ ည ၉ နာရီကျော် အချိန်ခန့်က စက်ခေါင်းအမှတ် DF-1322 သည် ပင်ဝဲကျေးရွာအုပ်စု ပုံးဟုံကျေးရွာအနီး နန့်ဒရန့်တံတားအလွန် မိုင်တိုင်အမှတ် ၆၀၃/၁၂-၁၃ ကြားရှိ ကားလမ်းနှင့် သံလမ်းဆုံရာတွင် မိုင်းခွဲခံရခြင်းဖြစ်ကြောင်း၊ မိုင်းခွဲမှုကြောင့် လူများ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်သေဆုံးခြင်း မရှိကြောင်း၊ ရထားစက်ခေါင်းမှာမူ အရှေ့ယာဘက်ခြမ်းမှန်နှင့် အရှေ့မီးသီးနှစ်လုံး ပျက်စီးခဲ့ကြောင်း ၎င်းကပြောဆိုသည်။

“လမ်းကြောပိုင်းဆိုင်ရာတွေ ရှင်းပြီးမှ ပင်ဝဲဘူတာကနေ နဘားဘက်ကို ည ၁၂ နာရီထိုးဖို့ ၁၅ မိနစ်အလိုအချိန်မှာ စုန်သွားတယ်”ဟု ဦးမြင့်သိန်းကဆိုသည်။

သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် လုံခြုံရေးစိတ်ချရပြီဖြစ်သည့်အတွက် ခရီးသည်တင်ရထားများကို ပုံမှန်အတိုင်း သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နဘားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြောကြားသည်။

R-20