News

POST TYPE

ARTICLE

ရွာဆေးခန်းက ဆရာဝန်
30-Jul-2017 tagged as ပရဟိတ

ငယ်စဉ်အခါက ခြေထောက်နှစ်ချောင်းလုံး ပြတ်သွားခဲ့သည်။ ထိုစဉ်က သူမ အတော်ငယ်သေးသည်။ ဘဝရဲ့ ကြမ်းတမ်းမှုဒဏ်များကို ပြင်းထန်စွာ ခံခဲ့ရသည်။ သို့သော် သူမ၏ ငယ်အိပ်မက် ဖြစ်သော ကျေးလက်ဆရာဝန်တစ်ယောက် ဖြစ်ရေးကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ယခုအခါ ဒေါက်တာလီဂျူဟောင် တစ်ယောက် အသက် ၃၇ နှစ် ဖြစ်သွားလေပြီ။ ၁၅ နှစ်တိုင်တိုင် ကျေးလက်ဆရာဝန်မ သူရဲကောင်းတစ်ဦးအဖြစ် အများလေးစားမှုကို ရရှိပြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်ပြည်နယ် ဟီချွမ်ခရိုင် ဝါဒီယန်ကျေးရွာက သူမ၏ ဇာတိဖြစ်သည်။ ဇာတိရွာနှင့် အနီးတစ်ဝိုက် ပြည်သူ ၆၀၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ဖြစ်သည်။ ထပ်မံ မိတ်ဆက်ပေးပါမည်။ ပေါင်ရင်းကနေ ခြေထောက်များ လုံးဝမရှိသည့် ဆရာဝန်မ ဒေါက်တာလီဂျူဟောင် ဖြစ်သည်။ 

လီသည် ၁၉၈၃ ခုနှစ်က ခြေထောက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရပါသည်။ မူကြိုကျောင်းသို့ သွားရာလမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ထရပ်ကားတစ်စီးနှင့် ကြိတ်မိခြင်း ဖြစ်သည်။ ခြေထောက်နှစ်ဖက်လုံးကို အရေးပေါ် ဖြတ်လိုက်ရပါသည်။ ဒဏ်ရာကြောင့် မသန်စွမ်း ဖြစ်သွားခဲ့သော်လည်း လက်မလျှော့ခဲ့ပေ။ လှုပ်လှုပ်ရှားရှား နေထိုင်ခဲ့ပါသည်။ အသက် ၈ နှစ်တွင် ခွေးခြေခုံကလေးများကိုသုံးပြီး လမ်းလျှောက်ပါတော့သည်။ ခုံလေးများပေါ် တက်လိုက် နေရာရွှေ့လိုက်ဖြင့် တရွေ့ရွေ့ဖြင့် သွားလာရပါသည်။ တရွေ့ရွေ့ဖြင့်ပင် သူ့အိပ်မက်ရှိရာသို့ သွားခဲ့ပါသည်။ ကျေးလက်ဆရာဝန်တစ်ယောက်ဖြစ်ရေး ဆိုသည့် အိပ်မက်ဖြစ်ပါသည်။ သူမ၏ ဒဏ်ရာအနာတရတွေကပင် အဆိုပါ အိပ်မက်ကို ဖြစ်စေခဲ့ခြင်း ဖြစ်ပါသည်။ အနာရောဂါ ဖြစ်သူများ၊ ထိခိုက်ဒဏ်ရာ ရသူများကို ကူညီပေးချင်ပါသည်။ ငွေကြေးမတတ်နိုင်သူများကို စောင့်ရှောက်ပေးချင်ပါသည်။ အရွယ်ရောက်လာသောအခါ ပညာရည် ထူးချွန်ခဲ့သည်။ ကျေးလက်ကို စွန့်ခွာပြီး ဆေးကျောင်းတက်သည်။ ၂၀၀၀ ခုနှစ်တွင် ဆေးကျောင်းပြီးသွား၏။ ကျောင်းပြီး၍ တစ်နှစ်ခန့် ကြာသောအခါ ဒေါက်တာလီ၏ ဆေးခန်း ရွာတွင် ဖွင့်နိုင်ခဲ့လေပြီ။ 

လီသည် သူမ၏ ကျေးရွာမှ ကျင်းဆိုသည့် အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ကျင်းသည် လီ့အတွက် အဖော်မွန်ကောင်းတစ်ယောက် ဖြစ်ကာ အနစ်နာလည်း ခံပါသည်။ ဆေးခန်းတွင် အကူရရန်အတွက် ကျင်းသည် အလုပ်ထွက်လိုက်၏။ လူနာသွားကြည့်သော ဆရာဝန်မအတွက် တောလမ်းများတွင် ဘီးတပ်ကုလားထိုင်ဖြင့် သွားဖို့ကမလွယ်။ ခင်ပွန်းဖြစ်သူက ကျောပိုးပြီး ခေါ်သွားပေးသည်။ အိပ်ရာပေါ်က မထနိုင်သော လူနာများအတွက် ဆိုလျှင် ဆရာဝန်က သွားကြည့်ပေးဖို့ လိုပါသည်။ လင်မယားနှစ်ယောက် ဘယ်လောက်ဝေးဝေး တောင်ထူထူ ရောက်အောင် သွားကြသည်။ ဝါဒီယန် ရွာကလေးတွင် နေအိမ် ၃၀၀ ရှိကာ ရွာသားတစ်ထောင်ကျော် ရှိပါသည်။ လီသည် တစ်ရွာလုံး၏ ကျန်းမာရေးကို နှစ်လုံးပေါက် ကြည့်ရှုပေးနေပါသည်။ 

“ကျွန်မလုပ်ရမယ့် အလုပ်ကို လုပ်နေတာပဲ။ ကျွန်မအလုပ်အတွက် ဂုဏ်ပြုခြင်း မခံရလည်း၊ ကျေးလက်ဆရာဝန် အလုပ်ကိုပဲ ဆက်လုပ်နေဦးမှာပဲ” ဟု ဒေါက်တာလီက ပြောပြသည်။ 

“တခြားလူတွေနဲ့ မတူတဲ့ အခက်အခဲတွေ ကျွန်မ ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ် ကျွန်မ အမြဲတမ်းပြောတယ်။ ‘မိမိကိုယ်ကို အားကိုးတဲ့သူကို ဘုရားသခင်က ကူညီမှာပဲ’ လို့ အားပေးရင်း ရှေ့ဆက်ခဲ့ပါတယ်” ဟု ဒေါက်တာလီက ပြန်ပြောင်းပြောပြသည်။ 

ယခုအခါ ဒေါက်တာလီတွင် ၁၂ နှစ်အရွယ် သားလေးတစ်ဦးလည်း ရှိနေလေပြီ။ ကောင်လေးက ဆိုသည်။ သူ့ဘဝ၏ အားကျလေးစားရဆုံး ပုဂ္ဂိုလ်မှာ မိခင်ဖြစ်သည်တဲ့။ အရွယ်ရောက်လာသည့်အခါ ဆရာဝန်တစ်ဦး အနေနှင့် အများကို ကူညီမည်ဟုလည်း အိပ်မက်မက်နေသည်။ လီသည် သူမ၏ အိပ်မက်ကို လက်ဆင့်ကမ်းပေးခဲ့သည်ဟု ဆိုရမည်ပင်။ 

ဘဝဆုံးပြီဟု လူပေါင်းများစွာက ယူဆထားသော အဖြစ်ဆိုးကို ဒေါက်တာလီက ကြုံခဲ့ရဖူးသည်။ သို့သော် သူမသည် ထိုအဖြစ်အပျက်ကြောင့် သူမ၏ လူသားများအပေါ် လုပ်ဆောင်ပေးနိုင်စွမ်းကို အလျော့မခံခဲ့ပေ။ ရအောင်ကြိုးစားခဲ့သည်။ အလုပ်လည်း ကြိုးစားသည်။ စိတ်ဓာတ်ကြံ့ခိုင်အောင်လည်း ကြိုးစာ သည်။ သူမ၏ စေတနာ အကျိုးပေးပါသည်။ အကူအညီ အလွန်ပေးသော ကြင်နာသည့် ခင်ပွန်းသည်ကြောင့် ပျော်ရွှင်စရာ မိသားစုဘဝကိုလည်း ရထားသည်။ ဒေါက်တာလီဆိုလျှင် ရွာနီးချုပ်စပ်ကပါ အားကိုးနေကြခြင်းသည် သူမ၏ စေတနာ သက်သေ ဖြစ်ပါသည်။ “မိမိကိုယ်ကို အားကိုးတဲ့သူကို ဘုရားသခင်က ကူညီမှာပဲ” ဟု အခက်အခဲတွေ့တိုင်း ဒေါက်တာလီ ပြောလေ့ရှိသည်။ 

သန့်ဇင်စိုး