News

POST TYPE

ARTICLE

YBS (၂၅) ယာဉ်တိမ်းမှောက် ခရီးသည် ခုနှစ်ဦး ဒဏ်ရာရ
13-Jul-2017 tagged as YBS


ရန်ကုန်၊​ဇူလိုင် ၁၃

ဒဂုံတက္ကသိုလ်မှ ထွက်လာသည့် YBS (၂၅) ခရီးသည်တင်ယာဉ်တစ်စီးမှာ ဇူလိုင်လ ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲက ပြည်ထောင်စုလမ်းနှင့် ပင်လုံဆေးရုံ လမ်းခွဲထောင့်တွင် အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းဘေး ထိုးကျတိမ်းမှောက်ခဲ့သည်။

ယင်းကြောင့် ယာဉ်ပေါ်ပါ ကျောင်းသား ကျောင်းသူများ အပါအဝင် ခရီးသည် ခုနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဒဂုံတက္ကသိုလ်ကျောင်းသူ နှစ်ဦး အပါအဝင် အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်နေသည်။

“ကားက အခြားလိုင်းကားတွေကို လိုက်ဖိုက်နေတာ။ ဝုန်းခနဲ အသံကြားလိုက်ချိန် ကျွန်တော်လဲ ကားထဲမှာ လွင့်ထွက်သွားတာ။ ဟိုနေ့ကတင် YBS ကားတိုက်ပြီး လူတွေ သေတာ မနည်းဘူးလေ။ ကျွန်တော်လဲ ကြောက်တာပေါ့။ ကားပြတင်းပေါက်ကနေ ခုန်ချပြေးတာ။ ကျောင်းက ကောင်မလေးတွေက ကိုယ့်ထက် အရင်ခုန်ချပြီးနေပြီလေ။ မနက် YBS စီး ကျောင်းတက်ရမှာတောင် လန့်နေပြီ။”ဟု ယင်းယာဉ်ပေါ်ပါ ဒဂုံမြောက်တက္ကသိုလ်မှ ကျောင်းသားက ပြောသည်။

အဆိုပါ YBS ကို မောင်းနှင်သူမှာ အသက် ၅၂ နှစ် ယာဉ်မောင်း ဦးအောင်ကျော်လွင်ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်မောင်းကို အမှုဖွင့် အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03