News

POST TYPE

ARTICLE

မေဝယ်သာနှင့် မက်ဂရီဂေါ်တို့၏ပွဲစဉ် ဈေးကွက်မြှင့်တင်ရေးခရီးစဉ် စတင်၊ လေးချီအတွင်း အလဲထိုးပြမည်ဟု မက်ဂရီဂေါ် ကြုံးဝါး
12-Jul-2017 tagged as လက်ဝှေ့


လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၂

အမေရိကန်လက်ဝှေ့ကစားသမား မေဝယ်သာနှင့် အိုင်ယာလန် UFC ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး ကစားသမား မက်ဂရီဂေါ်တို့သည် လာမည့်သြဂုတ်လ ၂၆ ရက်နေ့တွင် ယှဉ်ပြိုင် ထိုးသတ်မည့် ၎င်းတို့နှစ်ဦး၏ အထူးစိန်ခေါ်ပွဲစဉ်အတွက် ဈေးကွက်မြှင့်တင်ရေး ခရီးစဉ် စတင်လိုက်ပြီဖြစ်ကာ ယင်းခရီးစဉ်၏ ပထမနေ့ တွေ့ဆုံမှုတွင် မက်ဂရီဂေါ်က စိန်ခေါ်ပွဲစဉ် ထိုးသတ်သည့်နေ့၌် မေဝယ်သာကို လေးချီအတွင်း အလဲထိုးပြမည်ဟု ထိုးနှက် ပြောဆိုသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

မေဝယ်သာနှင့် မက်ဂရီဂေါ်တို့သည် ၎င်းတို့နှစ်ဦး၏ စိန်ခေါ်ပွဲစဉ်အတွက် ဈေးကွက်မြှင့်တင်ရေး ခရီးစဉ်ကို အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ရှိ စတာပယ်လ်စင်တာတွင် မျက်နှာချင်းဆိုင် တွေ့ဆုံအစပြုခဲ့ခြင်းဖြစ်ပြီး ယင်းဈေးကွက်မြှင့်တင်ရေး ခရီးစဉ်မှာ လေးရက်ကြာမြင့်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက သတင်းထုတ်ပြန် ကြေညာထားသည်။

မေဝယ်သာနှင့် မက်ဂရီဂေါ်တို့သည် ဈေးကွက်မြှင့်တင်ရေး ခရီးစဉ်များအဖြစ် ကနေဒါနိုင်ငံ တိုရွန်တိုမြို့၊ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့နှင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တို့သို့ ဆက်လက် သွားရောက်လိမ့်မည်ဖြစ်ပြီး ၎င်းမှာ အကြောက်အလန့် ကင်းမဲ့စွာဖြင့် ထိုးသတ်ယှဉ်ပြိုင်သွားရန် စိတ်ပိုင်းဖြတ်ထားသည့်အတွက် မေဝယ်သာမှာ အတိတ်က ထိုးသတ်ခဲ့သည့် ပွဲစဉ်များနှင့် မတူညီသည့်ဖိအားကို ကျိန်းသေ ခံစားရလိမ့်မည်ဟုလည်း မက်ဂရီဂေါ်က ပြောကြားသွားခဲ့သေးသည်။

မေဝယ်သာ၏ ပြိုင်ဘက်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသည့် ဖိလစ်ပိုင်လက်ဝှေ့ကစားသမား ပက်ကွီယာအိုကမူ မေဝယ်သာနှင့် မက်ဂရီဂေါ်တို့၏ပွဲစဉ်မှာ လွန်စွာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့် စိန်ခေါ်ပွဲသာ ဖြစ်လိမ့်မည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ယင်းပွဲစဉ်ကို ရုပ်သံက ကြည့်ရှုရန်ပင်လျှင် ၎င်း၌ အစီအစဉ် မရှိကြောင်းလည်း ပက်ကွီယာအိုက ပြောကြားသွားခဲ့သေးသည်။

ပက်ကွီယာအိုသည် မေ၀ယ်သာနှင့် မက်ဂရီဂေါ်တို့၏ပွဲစဉ်ကို လက်ဝှေ့အားကစားနည်း၏ စည်းမျဉ်းစည်းကမ်းများဖြင့် ယှဉ်ပြိုင်စေမည်ဖြစ်၍ အဆုံးသတ်၌ မေဝယ်သာကသာ အောင်ပွဲ ခံသွားလိမ့်မည်ဟု ခန့်မှန်း သုံးသပ်ထားသည်။

မေဝယ်သာနှင့် မက်ဂရီဂေါ်တို့၏ လော့စ်အိန်ဂျလိစ်မြို့ ၌ တွေ့ဆုံခဲ့မူကို ပရိသတ်ပေါင်း ၁၁,၀၀၀ လာရောက် အားပေးကြည့်ရှုခဲ့ပြီး ၎င်းတို့နှစ်ဦး၏ အပြန်အလှန် စကားစစ်ထိုးမှုများကို ပရိသတ်များ အားလုံး မြင်တွေ့နိုင်စေရန်အတွက် မြင်ကွင်းကျယ် ပရိုဂျက်တာကြီးများဖြင့်လည်း ပွဲစီစဉ်သူများက ပြသပေးသွားခဲ့သည်။

မက်ဂရီဂေါ်သည် မေဝယ်သာနှင့်တွေ့ဆုံရန် လာရောက်ခဲ့ရာတွင် ရုန့်ရင်းကြမ်းတမ်းသော စကားရပ်များ ရေးသားထားသည့် ကုတ်အင်္ကျီကို ဝတ်ဆင်လာခဲ့ပြီး မက်ဂရီဂေါ်၏ကုတ်အင်္ကျီမှာ အဝေးမှနေ၍ လှမ်းကြည့်လိုက်မည်ဆိုပါက လိုင်းစင်းများပါရှိသော ကုတ်အင်္ကျီတစ်ထည်ဟု မှတ်ထင်ရသော်လည်း အနီးကပ်ကြည့်ရှုမည်ဆိုပါကမူ မက်ဂရီဂေါ်မှာ ယင်းလိုင်းစင်းများကို Fuck ဟူသော စကားလုံးများရေးသား၍ ပုံဖော်ထားခြင်းဖြစ်ကြောင်း မြင်တွေ့ရလိမ့်မည်ဖြစ်သည်။