News

POST TYPE

ALSO IN NEWS

သူခိုးခိုးခံရကြောင်း တိုင်ချက်နဲ့ နိုင်ငံရေးခိုလှုံခွင့် မှားတင်မိတဲ့ တရုတ်နိုင်ငံသား ရွှေ့ပြောင်းဒုက္ခသည် စခန်းသို့ အပို့ခံရ
09-Aug-2016

ဘာလင်၊ သြဂုတ် ၉

တရုတ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသွားတစ်ယောက်ဟာ လျှောက်လွှာမှားတင်မိလို့ ဂျာမနီက ရွှေ့ပြောင်းဒုက္ခသည်စခန်းမှာ နှစ်ပတ်လောက် သောင်တင်သွားခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ ဂျာမနီလို မပြောတတ်သလို၊ အင်္ဂလိပ်လိုလည်း မပြောတတ်တဲ့ အသက် ၃၁ နှစ်အရွယ် ယင်းတရုတ်နိုင်ငံသားဟာ စတုဂတ်မြို့မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရတဲ့အတွက် အာဏာပိုင်တွေထံ တိုင်ကြားဖို့ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ရဲစခန်းသွားပြီး ခိုးမှုတိုင်ချက် ဖွင့်ရမယ့်အစား နိုင်ငံရေး ခိုလှုံခွင့်အတွက် မှားယွင်း လျှောက်လွှာတင်မိခဲ့တာကြောင့် တာဝန်ရှိသူတွေက သူ့ကို ရွှေ့ပြောင်းဒုက္ခသည်စခန်း တစ်ခုကို ပို့ထားလိုက်တာပါ။

နောက်ပိုင်းမှာ အင်္ဂလိပ်လိုရော၊ ဂျာမနီလိုပါ မပြောတတ်တဲ့ သူ့အတွက် တရုတ်စကားပြန် ရှာတွေ့သွားတဲ့ အခါကျမှပဲ တာဝန်ရှိသူတွေဟာ အမှန်အတိုင်း သိရှိသွားကြပါတော့တယ်။

အဲဒီလို အဖြစ်မှန် မသိခင်ကြားကာလ ၂ ပတ်တာ အတွင်းမှာ အဆိုပါ တရုတ်နိုင်ငံသားဟာ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်တွေအားလုံး လုပ်ဆောင်ပြီးသွားခဲ့သလို ရွှေ့ပြောင်းဒုက္ခသည်တွေကို ထောက်ပံ့တဲ့ အစားအစာတွေနဲ့ သုံးစွဲဖို့ ငွေကိုလည်း လက်ခံရရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ အဖြစ်မှန်ကို သိရှိပြီး နောက်မှာတော့ သူ့ရဲ့ ခိုလှုံခွင့် လျှောက်ထားမှု လုပ်ငန်းစဉ်တွေကို အာဏာပိုင်တွေက ရပ်ဆိုင်းလိုက်ပြီး တရုတ်ခရီးသွားဟာလည်း သူ့ရဲ့ ကမ္ဘာလှည့် ခရီးစဉ်ကို ဆက်သွားခွင့် ရသွားခဲ့ပါတယ်။

Source: BBC