News

POST TYPE

ALSO IN NEWS

ကမ္ဘာ့ အထူးခြား အဆန်းပြားဆုံး သဘာဝဖြစ်စဉ်များ ဖြစ်တည်နေသည့် နေရာများ
06-Aug-2016 tagged as

လူသားတွေဟာ အာကာသထဲထိ ခြေဆန့်ပြီး လေ့လာ စူးစမ်းမှုတွေ၊ ရှာဖွေမှုတွေ လုပ်နေကြတာ မှန်ပေမယ့် ကိုယ်နေထိုင်ရာ ကိုယ့်ကမ္ဘာကြီးပေါ်မှာတင်ပဲ မဖြစ်နိုင်ဘူးလို့ ထင်ရလောက်အောင် ထူးခြား ဆန်းကြယ်မှုတွေ ဖြစ်တည်နေတဲ့ နေရာတွေ ရှိနေပါသေးတယ်။ အဲဒီလို နေရာတွေထဲကမှ အထူးခြားဆုံးလို့ ဆိုနိုင်တဲ့ နေရာ ၃ ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခဲနေတဲ့ မီသိန်း ပူဖောင်းများ၊ ကနေဒါ

ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာ ပြည်နယ်မှာရှိတဲ့ အေဘရာဟမ် ရေကန်ကြီးကို ရောက်သွားခဲ့ရင် တခြားဂြိုဟ် တစ်ခုခုရောက်နေသလို ခံစား သွားရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ ရေအိုင်ကြီးထဲမှာ ရှိနေတဲ့ ရေပေါ်မှာ ပေါလောမျောနေတဲ့ လဖက်ရည် ပန်းကန်ပြားတွေလိုလို၊ ဂျယ်လီငါးတွေလိုလို ရေထဲမှာ မျောလွင့်နေတဲ့ အဖြူရောင် အရာတွေကြောင့်ပါပဲ။ တကယ်တော့ အဲဒီထူးခြားလှတဲ့ အဖြူရောင် အရာတွေဟာ ခဲနေတဲ့ မီသိန်းတွေသာ ဖြစ်ပါတယ်။ ရေကန်ထဲကျတဲ့သစ်ရွက်တွေ၊ မြက်တွေနဲ့ တိရစ္ဆာန်အသေကောင်တွေက ထွက်တဲ့မီသိန်းတွေဟာ ရေခဲနေတဲ့ ရေကန်ကြီးထဲမှာ အဲဒီလို ထူးခြားလှတဲ့ ပူဖောင်းအသွင် အဖြူရောင်အရာတွေ အဖြစ်တည်ရှိနေတာပဲ ဖြစ်ပါတယ်။

၂။ သွေးရေတံခွန်များ ၊ အန္တာတိက

နာမည်နဲ့လိုက်အောင်ပဲ သွေးတွေစီးကျနေသလို နီနီရဲရဲ အရည်တွေ စီးကျနေတဲ့ ရေတံခွန်တွေ အရှေ့အန္တာတိကမှာ တကယ်ပဲ ရှိနေပါတယ်။ တကယ်တမ်းမှာ အဲဒီ နီနီရဲရဲ အရေတွေဟာ သွေးတွေ မဟုတ်သလို ရေညှိပင်တွေရဲ့ အရောင်ကြောင့် အနီရောင် ဖြစ်နေတာလည်း မဟုတ်ပါဘူး။ တကယ်တော့ အနီရောင် အရည်တွေဟာ ဆားငံရေဓါတ် ပြည့်ဝလှတဲ့ ရေခဲကန်ကြီးကြောင့်သာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ သိပ္ပံသဘောအရလည်း တကယ့်ကို ရှားပါးထူးခြားတဲ့ ဖြစ်စဉ် တစ်ခုပဲ ဖြစ်ပါတယ်။

၃။ ရွက်လွှင့်နေတဲ့ ကျောက်တုံးများ၊ အမေရိက

ရွက်လွှင့်နေတဲ့ ကျောက်တုံးတွေဆိုတာက အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ သေမင်းတောင်ကြား အမျိုးသား ဥယျာဉ်ထဲက ရေခန်းခြောက်နေတဲ့ ကန်ကြီးရဲ့ ကန္တာရဆန်ဆန် ကြမ်းပြင်မှာ သူ့အလိုလို ရွေ့လျားတတ်တဲ့ ကျောက်တုံးတွေပဲ ဖြစ်ပါတယ်။ အဲဒီလို သူ့အလိုလို ရွေ့တတ်တဲ့ ကျောက်တုံးတွေထဲမှာ ၃၀၀ ကီလိုဂရမ်လောက်အထိ လေးတဲ့ကျောက်တုံးတွေပါပြီး ၂၅၀ မီတာအထိတောင် ရွေ့လျားကြတာကို တွေ့ရပါတယ်။

အစပိုင်းမှာ ဒီဖြစ်စဉ်ဟာ ပဟေဠိကြီး တစ်ခု ဖြစ်နေပေမယ့် နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေက အဖြေ ရှာနိုင်ခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ။ ဆောင်းတွင်းမှာဆိုရင် အဲဒီရေကန်ကြီးမှာ ရေတွေ ပြန်ရှိလာပြီး ကျောက်တုံးတွေရဲ့မျက်နှာပြင်တွေက ရေခဲတွေနဲ့ ဖုံးအုပ် သွားတတ်ပါတယ်။ အဲဒီလို ရေခဲနဲ့ ဖုံးအုပ်သွားတာကြောင့် ကျောက်တုံးတွေဟာ ရေကန်ကြမ်းပြင်မှာ လေအနည်းငယ် တိုက်ရုံနဲ့တင် အကွာအဝေး တစ်ခုထိ ရွေးလျား သွားနိုင်ကြပါတယ်။ နွေရာသီကို ရောက်တဲ့အခါ ရေကန်ကြီးမှာ ရေ လုံးဝ ပြန်ခန်းသွားပြီး ကျောက်တုံးတွေကို ဖုံးအုပ်ထားတဲ့ ရေခဲတွေလည်း အရည်ပျော်သွားတဲ့ အခါမှာတော့ လူတွေဟာ ရွေ့လျားသွားတဲ့ ကျောက်တုံးတွေနဲ့ သူတို့ ရွေ့သွားတဲ့ လမ်းကြောင်းကို ပြန်တွေ့ကြရတော့တာပဲ ဖြစ်ပါတယ်။

Ref : BBC

  • VIA
  • TAGS