News

POST TYPE

ALSO IN NEWS

မိန်းကလေးများရှေ့ အထင်ကြီး ခံရစေဖို့ ပန်ဒါဝက်ဝံခြံထဲ ခုန်ချသူ ဘာဖြစ်သွားသလဲ
31-Oct-2016

မိန်းကလေး သူငယ်ချင်းတွေနဲ့ တိရစ္ဆာန်ရုံဘက်သွားတုန်း သူတို့ အထင်ကြီးစေဖို့ တစ်ခုခု လုပ်ရတော့မယ်ဆို သားရဲလှောင်အိမ်ထဲတော့ မဝင်ပြလိုက်ပါနဲ့။ တရုတ် အမျိုးသား တစ်ဦးကတော့ ပန်ဒါဝက်ဝံကြီး နေတဲ့ခြံထဲကို စည်းရိုးကျော်ပြီး ဝင်သွားတယ်လို့ South China Morning Post သတင်း တစ်ရပ်က ဖော်ပြထားပါတယ်။

 

အစပိုင်းက ဝက်ဝံကြီးက အိပ်နေတာပါ။ အဲဒီအမျိုးသားက အနီးကပ်သွားပြီး ခေါင်းကို ပွတ်ဖို့၊ ကိုင်ဖို့ ကြိုးစားခဲ့တာပါ။ ပန်ဒါဝက်ဝံကြီးက ထလာပြီး သူ့ကို ဖက်ထားပြီး ကစားနေပါတော့တယ်။ ရုန်းကန်ပေမယ့် သန်မာလှတဲ့ ဝက်ဝံလက်ကြီးတွေက မလွတ်နိုင်ပါဘူး။ ဝက်ဝံကြီးတော့ သာသာယာယာ ဖက်ထားတာပါ။ ပျိုမေတို့ ဟီးရိုးကိုကိုလည်း အသည်းအသန် ရုန်းကန် ရပါတော့တယ်။ နောက်ဆုံးတော့ ဝက်ဝံပန်ဒါကြီးက ပြန်လွှတ်ပေးခဲ့ပြီး အဲဒီ အမျိုးသားလည်း ခြံစည်းရိုးဆီ ပြေးပြီး အလွတ်ရုန်း ရပါတော့တယ်။ ဒီအဖြစ်အပျက်ကို ခရီးသွားဧည့်သည် တစ်ယောက်က တွေ့ပြီး ဗီဒီယို ရိုက်ထားခဲ့ပါတယ်။ ဝက်ဝံ အထီးဟာ အသက် ၁၂ နှစ်ရှိပြီးတော့ မိန်လင်းလို့ အမည်ရကြောင်း၊ သူဟာ အဆော့မက်သူ ဖြစ်တာကြောင့် အဲဒီအမျိုးသား ဒဏ်ရာရမသွားတာ အလွန် ကံကောင်းကြောင်း တိရစ္ဆာန်ရုံ မန်နေဂျာက ပြောပါတယ်။

 

ပန်ဒါဝက်ဝံတွေက ချစ်စရာ အသွင်အပြင် ရှိပြီး တည်ငြိမ်ကြပေမယ့် လက်သည်းကြီးတွေ မေးရိုးကြီးတွေ ရှိတာကြောင့် ဒေါသထွက်ချိန်မှာ အန္တရာယ် ဖြစ်နိုင်တယ်လို့ မန်နေဂျာက သတိပေးထားပါတယ်။

 

Ref : UPI



  • VIA