News

POST TYPE

ALSO IN NEWS

အမေရိကန်က မက္ကဆီကိုနှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရန် ဖိအားပေး၊ ကနေဒါနှင့်ဆွေးနွေးမှု လာမည့်အပတ်တွင် ပြန်စမည်
02-Sep-2018


ဝါရှင်တန်၊ စက်တင်ဘာ ၁

အမေရိကန်ပြည်ထောင်စုသည် မက္ကဆီကိုနိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ် ရေးသဘောတူညီချက်သစ် ရရှိနိုင်ရေး ဖိအားပေးဆောင်ရွက်လျက်ရှိပြီး ကနေဒါနှင့် ညှိနှိုင်းမှုတွင် မူသဘောတူညီမှုမရဘဲ ဩဂုတ်လ ၃၁ ရက်နေ့တွင် အဆုံးသတ်သွားခဲ့သောကြောင့် လာမည့်အပတ်တွင် ဆွေးနွေးမှုများ ပြန်လည်စတင်မည်ဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ် (NAFTA) နေရာ အစားထိုးမည့် သဘောတူညီချက်သစ်ရယူရန် တာဝန်ရှိသူများ၏ ညှိနှိုင်းမှုများ ပြေလည်နေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စကားတစ်ခွန်းကြောင့် ကနေဒါဘက်က မကျေမနပ်ဖြစ်သွားခဲ့ပြီး ဆွေးနွေးမှု ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။

အမေရိကန်နှင့် မက္ကဆီကိုမှာ ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက ပြေလည်မှုရပြီဟု ကြေညာထားသော်လည်း ကနေဒါသာ သဘောမတူပါက ချန်လှပ်ထားမည့် သဘောဖြစ်သွားခဲ့သည်။ 

ကနေဒါနိုင်ငံခြားရေးဝန်ကြီးကမူ သူနိုင်-ကိုယ်နိုင် သဘောတူညီချက်မျိုး ရရှိရန် လက်တစ်ကမ်းအလိုဟု ပြောကြားထားသည်။

အမေရိကန်နှင့် ကနေဒါတာဝန် ရှိသူများသည်လာမည့် ဗုဒ္ဓဟူးနေ့တွင် ပြန်လည် ဆွေးနွေးကြမည်ဖြစ်သော်လည်း အိမ်ဖြူတော်က ကနေဒါ၊ မက္ကဆီကိုတို့နှင့် ကုန်သွယ်ရေးသဘောတူစာချုပ်ကို ဆန္ဒရှိပါက ယခုမှစ၍ ရက် ၉၀ အတွင်း လက်မှတ်ထိုးတော့မည်ဖြစ်ကြောင်း ကွန်ဂရက်လွှတ်တော်ကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်။

သို့ဖြစ်ရာ အိမ်ဖြူတော်အနေနှင့် ရက် ၃၀ အတွင်း သဘောတူညီချက် အပြည့်အစုံကို ကွန်ဂရက်လွှတ်တော်တွင် တင်ရမည်ဖြစ်ရာ ကနေဒါနှင့် အမေရိကန်အကြား ညှိနှိုင်းရန်အချိန် များများစားစားမရှိတော့ပေ။

အမေရိကန်နှင့် မက္ကဆီကိုအကြား ကားကုန်သွယ်ရေးနှင့်ပတ်သက်သည့် စည်းမျဉ်းသစ်များ၊ အလုပ်သမားများနှင့် ဉာဏပစ္စည်းများ တင်းတင်းကျပ်ကျပ် ကာကွယ်ပေးရေးတို့အတွက် သဘောတူညီမှုရခဲ့သော်လည်း ကနေဒါနှင့်ပတ်သက်၍ မူမပြေလည်မှုများ ရှိနေဆဲဖြစ်သည်။

ကနေဒါဘက်က လက်မှတ်မထိုးလျှင်ပင် မက္ကဆီကိုနှင့် စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု အမေရိကန်ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။ 

မက္ကဆီကို တာဝန်ရှိသူများကမူ ကနေဒါပါ ပါဝင်သည့် သဘောတူညီချက်မျိုးရရှိရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောကြားထားသည်။

F-03