News

POST TYPE

ALSO IN NEWS

မက္ကဆီကိုနှင့် အံ့အားသင့်ဖွယ် ကောင်းမွန်သော ကုန်သွယ်ရေးသဘောတူညီမှုရရှိကြောင်း ထရမ့်ကြေညာ
29-Aug-2018


ဝါရှင်တန် ဩဂုတ် ၂၈

သက်တမ်း ၂၅ နှစ်ရှိ မြောက်အမေရိက လွတ်လပ်သောကုန်သွယ်ရေးသဘော တူညီချက် Nafta ပြန်လည်ညှိနှိုင်းမှုကို အပြီးသတ်ရန် ဖိအားများမြင့်တက်လာသည့်အလျောက် အမေရိကန်နှင့် မက္ကဆီကိုတို့သည် အဓိကကျသောကုန်သွယ်ရေး စည်းမျဉ်းများတွင် အကျိုးတူကိစ္စရပ်များကို သဘောတူညီမှုရရှိခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

လက်ရှိစာချုပ်ကို မကြာခဏ ပြစ်တင်ဝေဖန်လေ့ရှိသူ သမ္မတဒေါ်နယ်ထရမ့်က သိသိသာသာတိုးတက်မှုရရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာသည်။

အင်္ဂါနေ့ဆွေးနွေးမှုများတွင် ပါဝင်လာမည့် စာချုပ်အဖွဲ့ဝင် တတိယမြောက်နိုင်ငံဖြစ်သည့် ကနေဒါနှင့်ပတ်သက်သည့် ရလဒ်များမှာမူ မရေရာသေးပေ။

သမ္မတထရမ့်က Nafta မှ ထွက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တစ်နှစ်အကြာ ဆွေးနွေးမှုများထွက်ပေါ်လာခဲ့သည်။ အမေရိကန်၏ ကုန်ထုတ်လုပ်မှုအထူးသဖြင့် မော်တော်ယာဉ်လုပ်ငန်း အလုပ်အကိုင်များကို ကျဆင်းစေခဲ့သော Nafta ကို ပြန်လည်ညှိနှိုင်းရန် ထရမ့်က တောင်းဆိုခဲ့သည်။

တနင်္လာနေ့က သဘောတူညီမှုသတင်းများကြောင့် အမေရိကန် စတော့ရှယ်ယာများ ဈေးပြန်တက်လာခဲ့ပြီး မက္ကဆီကို ပီဆိုငွေကြေးသည်လည်း တန်ဖိုး “မာ”လာခဲ့သည်။

စေ့စပ်ညှိနှိုင်းသူများက ပြီးခဲ့သောတစ်နှစ်လုံး Nafta ကို ပြန်လည်ရေးဆွဲခဲ့ကြသည်။ နောက်ဆုံး သီတင်းငါးပတ်ကြာ ဆွေးနွေးမှုများတွင်မူ ကနေဒါ ပါဝင်ခြင်းမရှိခဲ့ပေ။

ထရမ့်က ပိုမိုမျှတသောစာချုပ်ကို အံ့အားသင့်ဖွယ် သဘောတူညီမှုရရှိခဲ့သည်ဟု အိမ်ဖြူတော်တွင် ကြေညာခဲ့ပြီး ကနေဒါကိုထည့်သွင်းရမလား၊ သီးခြားဆွေးနွေးရမလား ဆိုသည်ကို ဆုံးဖြတ်ရန် စဉ်းစားနေသည်ဟု ပြောကြားသည်။

အမေရိကန်နှင့် မက္ကဆီကိုတို့ သဘောတူညီချက်ရရှိကြောင်း ကြေညာပြီးနောက်တွင် ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက သမ္မတထရမ့်နှင့် စကားပြောဆိုခဲ့သည်။ ကနေဒါညှိနှိုင်းရေးတာဝန်ခံများသည် အမေရိကန်ကိုယ်စားလှယ်များနှင့် အင်္ဂါနေ့တွင် ဆွေးနွေးရန် စီစဉ်ထားပြီး ဝန်ကြီးချုပ် ထရူးဒိုးကလည်း Nafta ပြန်လည်ညှိနှိုင်းမှုနှင့်ပတ်သက်၍ မက္ကဆီကိုမှ ရာထူးစွန့်ခါနီးသမ္မတ ပီနာနီတိုနှင့် တနင်္ဂနွေနေ့က ဆွေးနွေးခဲ့သည်။

ဒီဇင်ဘာလတွင် အာဏာလွှဲပြောင်းလက်ခံမည့် မက္ကဆီကိုသမ္မတသစ် အိုဘရာဒါက ပီနာနီတို၏ စွမ်းအင်ကဏ္ဍတံခါးဖွင့်မှုများကို မလိုလားသောကြောင့် အာဏာလွှဲပြောင်းခြင်းမတိုင်မီ သဘောတူညီချက်ရရန် ညှိနှိုင်းရေးတာဝန်ခံများက ကြိုးပမ်းနေကြသည်။

အဆိုပါ ဒီဇင်ဘာလနောက်ဆုံး သတ်မှတ်ရက်ကို မီနိုင်ရန်အတွက် ထရမ့်အစိုးရက ကွန်ဂရက်လွှတ်တော်သို့ ရက် ၉၀ ကြိုတင် တင်ပြရမည်ဖြစ်ရာ လာမည့်သောကြာနေ့မှာ နောက်ဆုံးရက်ဖြစ်သည်။

သမ္မတသစ် အိုဘရာဒါကမူ သုံးနိုင်ငံ Nafta စာချုပ်တွင် ဝါရှင်တန်နှင့် နှစ်နိုင်ငံ သဘောတူညီမှုသည် စာချုပ်သစ်၏ ပထမအဆင့်မျှသာဖြစ်သည်ဟု မှတ်ချက်ပေးထားသည်။

F-04