News

POST TYPE

ALSO IN NEWS

နိုင်ငံခြားသားများအိမ်ဝယ်ယူမှုကို နယူးဇီလန် ပိတ်ပင်
17-Aug-2018


ဝယ်လင်တန်၊ ဩဂုတ် ၁၆

နယူးဇီလန်နိုင်ငံသည် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ခြင်းကိုထိန်းချုပ်ရန် ကြိုးစားသည့်အနေနှင့် နိုင်ငံခြားသားများ အိမ်ဝယ်ယူခွင့်ကို တားမြစ်လိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ကိန်းဂဏန်းအချက်အလက်များအရ တရုတ်နှင့် ဩစတြေးလျတို့သည် အများဆုံးဝယ်ယူသူများ ဖြစ်သော်လည်း ဩစတြေးလျတို့ ပိတ်ပင်ခြင်းခံရမည် မဟုတ်ဟုဆိုသည်။

တိုင်းပြည်အတွင်း၌ ရှိပြီးသားအိမ်ခြံမြေများအား နေထိုင်ခွင့်မရသူ နိုင်ငံခြားသားများက ဝယ်ယူခြင်းအပေါ် ပိတ်ပင်သည့် ဥပဒေကို နယူးဇီလန်ပါလီမန်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်သည်။

ယခုဥပဒေသည် နယူးဇီလန်သားများထက် ငွေကြေးကြွယ်ဝသော နိုင်ငံခြားသားများက ငွေပိုပေးဝယ်ယူနေမှုကို ရပ်တန့်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထို့ပြင် ယင်းဥပဒေသည် ဝန်ကြီးချုပ်၏ အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုနှင့် အိမ်မပိုင်ဆိုင်မှုတို့ကို ကိုင်တွယ်ဖြေရှင်းမည့် မဲဆွယ်ကတိကဝတ် အကောင်အထည်ပေါ်လာခြင်းကို ထင်ဟပ်စေသည်။

ပြီးခဲ့သောဆယ်နှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ ပျမ်းမျှအိမ်ခြံမြေဈေးနှုန်းသည် ၆၀ ရာခိုင်နှုန်းတက်လာခဲ့ပြီး အကြီးဆုံးမြို့တော် အောက်ကလန်တွင် နှစ်ဆတက်လာခဲ့သည်။

နယူးဇီလန် အိမ်ခြံမြေအသင်း၏ အဆိုအရ အလယ်အလတ် အိမ်တစ်လုံး၏ ဈေးနှုန်းသည် ဇူလိုင်လက ဒေါ်လာ ၃၆၀,၅၅၀ ခန့် ရှိခဲ့ရာ ယခင်လကထက် ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ယခင်နှစ် ဇူလိုင်လကထက် ၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရှိရသည်။

အစိုးရသည် နိုင်ငံခြားသားများအား အသစ်ဆောက်လုပ်သော အိမ်ခန်းအရေအတွက်၏ ၆၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ပြုရန် ဇွန်လက အနည်းငယ် ဖြေလျှော့ပေးခဲ့သော်လည်း ရှိပြီးသား အိမ်များကိုမူ နောက်ထပ်ဝယ်ယူခွင့် ရနိုင်တော့မည်မဟုတ်ပေ။

တရားဝင်ကိန်းဂဏန်းများအရ နိုင်ငံခြားသားများ အိမ်ဝယ်ယူမှု အတိုင်းအတာသည် တစ်နိုင်ငံလုံး အိမ်မြေအရောင်းအဝယ်၏ ၃ ရာခိုင်နှုန်းခန့်သာရှိတော့သည်ဟု ပြသနေသည်။

နယူးဇီလန်နိုင်ငံသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရွှေ့ပြောင်းနေထိုင်မှု မြင့်တက်လာခြင်းကို ကြုံတွေ့ခဲ့ရသည်။ ၂၀၁၇ တွင် နယူးဇီလန်သား မဟုတ်သူ ၇၁,၁၀၀ ရောက်ရှိနေထိုင်ခဲ့ရာ ၎င်းတို့အနက် ဩစတြေးလျ ၂၀ ရာခိုင်နှုန်း၊ ယူကေ ၁၂ ရာခိုင်နှုန်း၊ တရုတ် ၁၀ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။ 

F-04


  • VIA