News

POST TYPE

ALSO IN NEWS

မက္ကဆီကို ခရီးသည်တင်လေယာဉ် ပျံတက်ပြီးလျှင်ပြီးချင်း ပျက်ကျ၊ လိုက်ပါလာသူ ၁၀၀ ကျော်လုံး အသက်ရှင်


မက္ကဆီကိုစီတီ၊ ဩဂုတ် ၁

မက္ကဆီကိုနိုင်ငံတွင် ခရီးသည် ၁၀၁ ဦးလိုက်ပါလာသည့် လေယာဉ်တစ်စီး ဆိုးရွားစွာ ပျက်ကျခဲ့သော်လည်း ယင်းခရီးသည်အားလုံး ထူးထူးခြားခြားပင် အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

Aeromexico လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်သည် မက္ကဆီကို မြောက်ပိုင်း ဒူရန်ဂိုမြို့မှ ပျံတက်ပြီးနောက် ခဏတာမျှအကြာတွင် ပျက်ကျသွားခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် ၈၀ ခန့် ဒဏ်ရာရရှိသွားသည်ဟု အာဏာပိုင်တို့က ဆိုသည်။ ယင်းအနက် လေယာဉ်မှူးအပါအဝင် လူနှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း အာဏာပိုင်များကဆိုသည်။ 

အဆိုပါ လေယာဉ်သည် ဆိုးရွားစွာ မီးလောင်ပျက်စီးသွားခဲ့သည့်တိုင် သေဆုံးသူတစ်ဦး တစ်ယောက်မျှမရှိခဲ့ကြောင်း အာဏာပိုင်များကဆိုသည်။ 

ဘရာဇီးလေကြောင်းကုမ္ပဏီ Embraer က တပ်ဆင်ထုတ်လုပ်ခဲ့သည့် အဆိုပါလေယာဉ်သည် ဒူရန်ဂိုမြို့မှ မြို့တော်မက္ကဆီကိုစီတီသို့ ပျံသန်းသည့်ခရီးစဉ်တွင် ယင်းဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု Aeromexico လေကြောင်းလိုင်းက ဖော်ပြသည်။ 

မက္ကဆီကို သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏အဆိုအရ လေယာဉ်ပေါ်တွင် ခရီးသည် ၁၀၁ ဦးနှင့် လေယာဉ်အမှုထမ်းလေးဦး လိုက်ပါခဲ့သည်ဟု သိရသည်။ 

ဒူရန်ဂိုမြို့အုပ်ချုပ်ရေးမှူး ဂျို့စ်အစ္စပူရိုက အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ကြက်ထားရှိကြောင်း ပြောကြားပြီး လေယာဉ်ပေါ်လိုက်ပါလာသူ အားလုံး အသက်ရှင်သည်ဟု ဆိုသည်။ 

လေယာဉ်သည် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့သော်လည်း ယခုအခါ မီးငြှိမ်းသတ်နိုင်ပြီဖြစ်သည်ဟု ဆိုသည်။ 

မက္ကဆီကိုနိုင်ငံပိုင် ရုပ်သံသတင်းဌာန Milenio ၏ ထုတ်လွှင့်ချက်တွင် လေယာဉ်အမြီးပိုင်းမှ မီးများလောင်ကျွမ်းနေပုံများ၊ ဆီတိုင်ကီနေရာမှ မီးခိုးလုံးကြီး ထွက်နေပုံများ ပါဝင်သည်ကိုတွေ့ရသည်။ 

ဒူရန်ဂိုမြို့အုပ်ချုပ်ရေးမှူး ဂျို့စ်အစ္စပူရိုက မက္ကဆီကိုစီတီသို့ပျံသန်းမည့် အဆိုပါလေယာဉ်သည် လေဆိပ်မှပျံတက်နေစဉ် ပေါက်ကွဲသံအကျယ်ကြီးထွက်ပေါ်ခဲ့သည်ဟု ဆိုသည်။ 

“မိုးတွေလည်းရွာနေတယ်၊ မုန်တိုင်းလည်း ရှိနေတယ်၊ ကျွန်တော်ထင်ပါတယ်၊ သူတို့လေယာဉ်ပျံမတက်ဖို့ကြိုးစားခဲ့ပေမယ့် ချက်ချင်းမလုပ်နိုင်ခဲ့ဘူး ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြော ကြားသည်။ 

မက္ကဆီကို အရပ်ဘက်ကာကွယ်ရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ အယ်လ်ဂျန်ဒရိုကာဒိုဇာက လေယာဉ်ပေါ်မှ ခရီးသည်များသည် လမ်းလျှောက်ထွက်လာနိုင်သည်ကိုတွေ့ရကြောင်း ပြောကြားသွားသည်။ 

မက္ကဆီကို သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ယင်းလေယာဉ်သည် ပျံတက်ပြီးလျှင်ပြီးချင်း ပျက်ကျသွားခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းကို ရှင်းလင်းပြောဆိုမှုမပြုပေ။

F-01