News

POST TYPE

ALSO IN NEWS

အမေရိကန်ရောက် မက္ကဆီကန်အဘိုးအိုကို လူတစ်စု အုတ်ခဲဖြင့် ဝိုင်းဝန်းထုနှက်၊ “ကိုယ့်နိုင်ငံကိုယ်ပြန်” ဟု အော်ဟစ်ပြောဆို
11-Jul-2018



နယူးယောက်၊ ဇူလိုင် ၁၀

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိဒ်စ်ကောင်တီရှိ ဝီးလိုးဘရွတ်မြို့တွင် အသက် ၉၁ နှစ်အရွယ် မက္ကဆီကန် လူမျိုးအဘိုးအိုတစ်ဦးကို လူစုတစ်စုက အုတ်ခဲဖြင့် ဝိုင်းဝန်းထုနှက်ပြီး မက္ကဆီကိုသို့ပြန်ရန် အော်ဟစ်ပြောဆိုသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း CNN နှင့် အခြားအမေရိကန်မီဒီယာများက ရေးသားဖော်ပြသည်။ 

ရိုဒေါ်လ်ဖိုရိုဒရီဂူဇက်ဟု အမည်ရသည့် ၉၁ နှစ်အရွယ် အဘိုးအိုသည် အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေး နေ့က လမ်းထွက်လျှောက်စဉ် လူစုတစ်စု၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ 

ရိုဒေါ်လ်ဖိုရိုဒရီဂူဇက်သည် ၎င်း၏မိသားစုဝင်များနေထိုင်ရာ ဝီးလိုးဘရွတ်မြို့သို့ မက္ကဆီကိုနိုင်ငံ၊ မီကိုကန်မြို့မှလာ ရောက်လည်ပတ်နေထိုင်နေစဉ် ယင်းအဖြစ်နှင့် ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။ တစ်နှစ်လျှင် အမေရိကန်ပြည်ထောင်စုသို့ တစ်ခေါက်သို့မဟုတ် နှစ်ခေါက်မျှ လာရောက်လေ့ရှိခဲ့သည်။ 

အခင်းဖြစ်ပွားသည့်နေ့မှာ ဇူလိုင် ၄ ရက်၊ အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်ပြီး ထုံးစံအတိုင်း လမ်းထွက်လျှောက်စဉ် လူအုပ်တစ်အုပ်၏ ရိုက်နှက်ခြင်းခံလိုက်ရကြောင်း ရိုဒေါ်လ်ဖိုရိုဒရီဂူဇက်၏ မြေးဖြစ်သူ အဲရစ်မန်ဒိုဇာက ပြောကြားသည်။ 

“အဘိုးကို အိမ်နီးနားချင်းတွေ ကောင်းကောင်းသိကြပါတယ်၊ လမ်းလည်းထွက်လျှောက်နေကျ” ဟု ၎င်းကဆိုသည်။ 

ရိုဒေါ်လ်ဖိုရိုဒရီဂူဇက်၏ အဆိုအရ ၎င်းသည် အနီးနားရှိပန်းခြံတစ်ခုသို့ ဇူလိုင် ၄ ရက်နေ့က လမ်းထွက်လျှောက်သွားစဉ် အမျိုးသမီးတစ်ဦးမှာ ကလေးငယ်တစ်ဦးနှင့်အတူ သူ၏အနီးမှဖြတ်လျှောက်သွားကြောင်း၊ ထို့နောက် တစ်စုံတစ်ခုပြောဆို သတိပေးခြင်းမရှိဘဲ ၎င်းကို ယင်းအမျိုးသမီးက ဘိလပ်မြေအုတ်ခဲတစ်ခုနှင့် စတင်ထုနှက်လာကြောင်း ပြောကြားသည်။ 

ထို့နောက် အမျိုးသားတစ်စုရောက်ရှိလာပြီး ရိုဒေါ်လ်ဖိုရိုဒရီဂူဇက်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ 

“ကျွန်တော် အဲဒီအမျိုးသမီးရဲ့ ကလေးကိုလည်းမထိမိခဲ့ပါဘူး၊ သူ့ဘေးနားက ဖြတ်လျှောက်သွားရုံပါ။ အဲဒီအမျိုးသမီးက တွန်းတယ်၊ ပြီးတော့ ကျွန်တော့်ကို အုတ်ခဲနဲ့ထုရိုက်တယ် သူမပြီးမချင်းရိုက်တယ်” ဟု ရိုဒေါ်လ်ဖိုရိုဒရီဂူဇက်က ဆေးရုံတွင်ပြောကြားသည်။ 

“ကျွန်တော်လမ်းထပ်မလျှောက်နိုင်တော့ပါဘူး၊ အင်မတန်နာကြင်ကိုက်ခဲနေပါပြီ” ဟု ၎င်းက စပိန်ဘာသာစကားဖြင့် ဆက်လက်ပြောကြားသည်။ 

ရိုဒေါ်လ်ဖိုရိုဒရီဂူဇက်သည် ဘဝတစ်လျှောက် ပြောင်းစိုက်ပျိုးသည့်အလုပ်နှင့် ကျွဲနွားမွေးမြူသည့်အလုပ်ကိုသာ လုပ်ကိုင်ခဲ့သည်။ ယခုလိုနာကြင်မှုမျိုး ဘဝတစ်လျှောက် တစ်ကြိမ်တစ်ခါမျှမကြုံဖူးကြောင်း ၎င်းကဆိုသည်။ 

လော့စ်အိန်ဂျလိဒ်စ်ကောင်တီရဲချုပ်က ရိုဒေါ်လ်ဖိုရိုဒရီဂူဇက်ကို ရိုက်နှက်သွားသောအမျိုးသမီးနှင့် အမျိုးသားတစ်စုကို လိုက်လံရှာဖွေလျက်ရှိသည်ဟု ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုတွင် သမ္မတထရမ့်လက်ထက် မက္ကဆီကိုနယ်စပ်ဒေသမှ ဝင်ရောက်လာသော ရွှေ့ပြောင်းအခြေချသူများပြဿနာနှင့်ပတ်သက်၍ ပြည်တွင်း၌ လူထုသဘောထားအမြင်များ ကွဲပြားလျက်ရှိသည်။ သို့သော် ရွှေ့ပြောင်းအခြေချလာသူများကို ဒေသခံများက တိုက်ခိုက်သည်ဟူသော ဖြစ်ရပ်မျိုးမှာ ကြုံတောင့်ကြုံခဲပင်ဖြစ်သည်။ 

ယခု ရိုဒေါ်လ်ဖိုရိုဒရီဂူဇက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ၎င်း၏ မိသားစုဝင်များက တိုက်ခိုက်သွားသူများ မည်သူမည်ဝါဖြစ်သည်ကို သိရှိထားကြောင်း၊ သို့သော် ရဲတပ်ဖွဲ့ကသာ ၎င်းတို့ကို ရှာဖွေပေးသင့်ကြောင်း ပြောကြားသည်။ 

“ကျွန်တော်တို့ အဘိုးအတွက် မျှမျှတတဖြစ်စေချင်တယ်၊ မျှတတဲ့တရားစီရင်မှု ရှိရမယ်” ဟု ရိုဒေါ်လ်ဖိုရိုဒရီဂူဇက်၏ မြေးဖြစ်သူက ပြောကြားသည်။

F-01