News

POST TYPE

ALSO IN NEWS

မက္ကဆီကိုသမ္မတရွေးပွဲတွင် လက်ဝဲဝါဒီ နိုင်ငံရေးသမား အနိုင်ရ
04-Jul-2018 tagged as မက္ကဆီကို


မက္ကဆီကို၊ ဇူလိုင် ၃

မက္ကဆီကိုတွင် တနင်္ဂနွေနေ့က ကျင်းပသော သမ္မတရွေးပွဲတွင် အန်းဒရက်စ်မန် နျူရယ် လိုပက်ဇ် အိုဘရာဒါက ထောက်ခံမဲ ၅၃ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိကာမက္ကဆီကို၏ ပထမဆုံး လက်ဝဲယိမ်းသမ္မတ ဖြစ်လာခဲ့သည်ဟု DW သတင်းတွင်ဖော်ပြထားသည်။

ပထမဆုံးထုတ်ပြန်သော တရားဝင် မဲရေတွက်မှုများအရ ကွန်ဆာဗေးတစ် PAN  ပါတီမှ ရီကာဒိုအန်နာယာက ၂၂ ဒသမ ၈ ရာခိုင်နှုန်း၊ အာဏာရ PRI ပါတီမှ ဂျိုဆေးအန်တိုနီယိုမက်ဒီက ၁၆ ဒသမ ၃ ရာခိုင်နှုန်း၊ တစ်သီးပုဂ္ဂလ ဂျိမ်းရိုဒရီဂွက်ဇ်က ၅ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်း သိရှိရသည်။

မက္ကဆီကို ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အစီအစဉ်ကို ကတိပြုထားသူ အိုဘရာဒါက “ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ဟာ တရားမျှတမှုရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်”ဟု ပြောကြားသည်။ ၎င်းသည် နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော် ရရှိသော ပထမဆုံးသမ္မတလောင်းဖြစ်သည်။

ရလဒ်များထွက်ပေါ်လာပြီးနောက် မက်ဒီနှင့် အန်နာယာတို့က အရှုံးကိုဝန်ခံကာ အိုဘရာဒါ၏ အနိုင်ကိုအသိအမှတ်ပြုခဲ့ကြသည်။ အမ်မလိုဟုခေါ်ကြသော အိုဘရာဒါသည် လူဝင်မှုဆန့်ကျင်ရေး၊ အဂတိလိုက်စားမှု ကင်းစင်ရေး၊ ရာဇဝတ်မှု တိုက်ဖျက်ရေး၊ ပြည်သူများအား ဆင်းရဲတွင်းမှ ကယ်တင်ရေး ကတိကဝတ်များဖြင့် မဲဆွယ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အိုဘရာဒါသည် ၎င်း၏ စီးပွားရေး ကြားဝင်စွက်ဖက်ရေးမူဝါဒဖြင့် တိုင်းပြည်ကို နောက်ပြန်ဆွဲလိမ့်မည်ဟု ၎င်း၏ပြိုင်ဘက်များက သတိပေးထားသည်။

မက္ကဆီကို မြို့တော်ဝန်ဟောင်း အိုဘရာဒါသည် ၂၀၀၆ နှင့် ၂၀၁၂ ရွေး ကောက်ပွဲများတွင် နှစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးမှ ယခုအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သမ္မတထရမ့်က တနင်္ဂနွေနေ့ညပိုင်း တွင် အိုဘရာဒါကို ချီးကျူးဂုဏ်ပြုလိုက်ပြီး အမေရိကန်နှင့် မက္ကဆီကို နှစ်နိုင်ငံစလုံးအကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်စရာ များစွာရှိသည်ဟု Twitter တွင် ပြောဆိုလိုက်သည်။

အိုဘရာဒါကထရမ့်၏ ဂုဏ်ပြုစကားသည် များစွာ လေးစားမှု ရှိကြောင်း၊ နှစ်နိုင်ငံနားလည်မှု ရှိရေးအတွက် ထရမ့်နှင့် ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမေရိကန်၊ ကနေဒါတို့နှင့် မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် NAFTA ပြန်လည် ညှိနှိုင်းမှု လက်မှတ်ထိုးနိုင်ရေးကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

အိုဘရာဒါသည် သမ္မတထရမ့်နှင့် နာရီဝက်ခန့် ဖုန်းဖြင့် စကားပြောဆိုခဲ့ပြီး အမေရိကန်ထံမှ ဖွံ့ဖြိုးရေး စီမံကိန်း အကူအညီများရရှိရေးအတွက် အပြန်အလှန် အားဖြင့် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းမှုများကို လျှော့ချကာ လုံခြုံရေးကိုတိုးမြှင့်မည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

သမ္မတရွေးပွဲအပြင် အုပ်ချုပ်ရေးမှူး ၈ နေရာ၊ ဆီးနိတ်အမတ် ၁၂၈ နေရာ၊ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အပါအဝင် ကိုယ်စားလှယ်နေရာ ၃၀၀၀ ကျော်ကို ရွေးချယ်သော တနင်္ဂနွေနေ့က ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူ ၈၉ သန်းအနက်မှ ၆၃ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြသည်။

အိုဘရာဒါ၏ မိုရီနာပါတီ ဦးဆောင်သော လက်ဝဲယိမ်းညွှန်ပေါင်းအစုသည် အုပ်ချုပ်ရေးမှူး ၉ နေရာအနက် ၅ နေရာ အပါအဝင် အဓိက ကျသောနေရာ များစွာတွင် အနိုင်ရရှိခဲ့သည်။ မက္ကဆီကို မြို့တော်ဝန်နေရာကိုလည်း မိုရီနာပါတီမှ အမျိုးသမီး နိုင်ငံရေးသမား ကလော်ဒီယာရှိန်ဘမ်းက ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းဝန်းကျင်ဖြင့် အနိုင်ရရှိကာ ပထမဆုံး အမျိုးသမီး မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရသည်။

ရွေးကောက်ပွဲများကျင်းပသော တနင်္ဂနွေနေ့တွင် အလုပ်သမားပါတီမှ အမျိုးသမီး နိုင်ငံရေးသမား ဖလော်ရာရီ ဆင်ဒစ် ဂွန်ဇာလက်ဇ်နှင့် အာဏာရပါတီမှ ဖာနန်ဒိုဟာရီယာဆီးလ်ဗားတို့ လုပ်ကြံသတ်ဖြတ်ခံရသော ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။

F-04