News

POST TYPE

ALSO IN NEWS

နယ်စပ်တံတိုင်းကြီး တည်ဆောက်မည့်ကိစ္စ မက္ကဆီကိုဘက်က ပေးရမည်ဟု ထရမ့်ပြောကြား
31-May-2018


နက်ရှ်ဗယ်လီ၊ မေ ၃၀ 

အမေရိကန်နိုင်ငံထဲသို့ မက္ကဆီကိုမှ တရားမဝင် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်နေမှုကို မက္ကဆီကိုအစိုးရက ရပ်ဆိုင်းအောင် လုပ်ဆောင်ပေးနိုင်ခြင်းမရှိသည့်အတွက် ပြစ်တင်ရှုတ်ချကြောင်းနှင့် နောက်ဆုံးတွင် မက္ကဆီကိုအနေနှင့် နယ်စပ်ဒေသ တံတိုင်းတည်ဆောက်ရေးအတွက် အခကြေးငွေပေးရမည်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း CNAသတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်-မက္ကဆီကို နယ်စပ်ဒေသတစ်လျှောက် တံတိုင်းတည်ဆောက်ရေးအတွက် မက္ကဆီကိုက ငွေကြေးပေးလာအောင် လုပ်ဆောင်မည်ဟူသော ကတိကဝတ်မှာ သမ္မတရွေးကောက်ပွဲကာလအတွင်း ဒေါ်နယ်ထရမ့်၏ ကတိစကားတစ်ခုဖြစ်သည်။ 

“နောက်ဆုံးမှာတော့ မက္ကဆီကိုဟာ တံတိုင်းအတွက်ပေးရမှာပါ”ဟု တင်တက်ဆီ ပြည်နယ်တွင်း မဲဆွယ်စည်းရုံးခဲ့ရာ၌ ထရမ့်က ပြောကြားခဲ့သည်။ “ဟွန်ဒူးရပ်စ်နဲ့ တခြားနိုင်ငံတွေက လူတွေ မက္ကဆီကိုကနေတစ်ဆင့် အမေရိကန်ပြည်ထောင်စုထဲကို ဝင်မလာနိုင်အောင် သူတို့ဘာတစ်ခုမှ မလုပ်ပေးဘူး၊ သူတို့ကျွန်တော်တို့ကို အကူအညီဘာတစ်ခုမှမပေးခဲ့ဘူး”ဟု ဒေါ်နယ်ထရမ့်က ပြောကြားသည်။ 

သမ္မတထရမ့်သည် တင်နက်ဆီပြည်နယ် နတ်ရှ်ဗယ်လီမြို့တွင် ကျင်းပပြုလုပ်သည့် မဲဆွယ်စည်းရုံးမှုပုံစံ ချီတက်ပွဲ အခမ်းအနားတစ်ခုတွင် ပရိသတ်အား ယင်းသို့ပြောကြားခြင်းဖြစ်သည်။ မက္ကဆီကို နယ်စပ်တံတိုင်းဆောက်မည့် ကိစ္စသည် ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတဖြစ်ရေးအတွက် မဲဆွယ်စည်းရုံးရာတွင် အခရာကျသည့် လှုံ့ဆော်မှုတစ်ရပ်ဖြစ်ခဲ့သည်။ 

ဒေါ်နယ်ထရမ့် ယင်းသို့ပြောဆိုပြီးနောက် နာရီပိုင်းအကြာတွင် မက္ကဆီကိုသမ္မတ အန်းရစ်ပီနာနီတိုက Twitter မှတစ်ဆင့် ပြန်လည်တုံ့ပြန်သည်။ “လုံးဝပဲ၊ မက္ကဆီကိုဟာ အဲဒီတံတိုင်းအတွက် ဘယ်တော့မှပေးမှာ မဟုတ်ဘူး၊ အခုလည်း မပေးဘူး၊ နောင်လည်းမပေးဘူး”ဟု ဆိုသည်။ 

မက္ကဆီကို သမ္မတအန်းနရစ်သည် ယင်းသို့ပြောကြားချက်ကို အင်္ဂလိပ်ဘာသာနှင့်ရော စပိန်ဘာသာဖြင့်ပါ ဖော်ပြခဲ့သည်။ 

မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုသည် မြောက်အမေရိကလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် ပြန်လည်အကောင်အထည်ဖော်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရာတွင် အောင်မြင်မှုမရရှိဘဲ ဖြစ်နေသည်။ ထို့ပြင် မက္ကဆီကိုသည် စတီးနှင့် အလူမီနီယံသွင်းကုန်များအား ကန့်သတ်ပိတ်ပင်မည်ဟူသော အမေရိကန်၏ ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရသည်။  

F-01



  • VIA