News

POST TYPE

ALSO IN NEWS

အထူးကု ဆရာဝန်ကိုပြဖို့ ရက်ချိန်းတောင်းတာ ၉ နှစ်ကြာမှ ရ
20-Sep-2016

ကနေဒါနိုင်ငံ ကွိဘက်ဒေသက ဗယ်လင်တိုင်း စီကော့တီလို့ အမည်ရတဲ့ အမျိုးသမီး တစ်ဦးက စိန့်အျူစတာချီ ဆေးရုံက အထူးကု ဆရာဝန် တစ်ဦးနဲ့ပြဖို့ ရက်ချိန်းကို ၂ဝဝ၇ ခုနှစ်က တောင်းခဲ့တာပါ။  ၉ နှစ်ကြာပြီးတော့နောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆေးရုံက ဖုန်းဝင်လာပါသတဲ့။ ဖုန်းကိုင်ပြီး မရယ်မိအောင် တော်တော် သတိထား ခဲ့ရတယ်လို့ အဲဒီ အမျိုးသမီးက ပြောပြပါတယ်။


“အထူးကုနဲ့ပြဖို့ ရက်ချိန်း တောင်းမိသလား ဆိုတာကိုပါ မမှတ်မိနိုင်တော့လောက်အောင်ပါပဲ။ ကျွန်မ နေရာကို တခြား လိုအပ်နေတဲ့ လူနာ တစ်ယောက်ကို ပေးလိုက်ပါလို့ ပြောခဲ့ပါတယ်”လို့ သူက ဆိုပါတယ်။


အူလမ်းကြောင်း အထူးကု ဆရာဝန် တစ်ယောက်နဲ့ပြဖို့ ဆေးရုံမှာ ရက်ချိန်း တောင်းခဲ့တုန်းက စီကော့တီဟာ ၁၉ နှစ်ပဲ ရှိပါသေးတယ်။ ဖုန်းလည်း ပြန်လာရော သူမဟာ ၂၈ နှစ် ပြည့်နေပြီ ဖြစ်ပြီးတော့ စားသောက် နေထိုင်ပုံကို ပြောင်းလိုက်ပြီးတော့ ပြဿနာကို ဖြေရှင်းလိုက်ပြီ ဖြစ်ပါသတဲ့။ ဒေသဆိုင်ရာ ကျန်းမာရေး ဌာနကလည်း ခုလို ဘာဖြစ်လို့ ၉ နှစ်ကြာ စောင့်ဆိုင်းတာလဲ ဆိုတာ အဖြေ မရှာနိုင်ဘူး ဖြစ်နေပါတယ်။


“ဘာဖြစ်ခဲ့သလဲဆိုတာ သိရဖို့ ဒါကို အာရုံစိုက် လေ့လာပါမယ်။ သူမကို ဆရာဝန်နဲ့ တွေ့ဖို့ ရက်ချိန်း လုံးဝ မပေးခဲ့ဘူးဆိုရင် ဒါဟာ လက်မခံနိုင်စရာ ဖြစ်ပါတယ်”လို့ ကျန်းမာရေးဌာန ပြောခွင့်ရ အရာရှိ အလိန်းပါကွက်တီက ဆိုပါတယ်။


အစာအိမ် အူလမ်းကြောင်း အထူးကု တစ်ဦးနဲ့ တွေ့ဖို့ဟာ အရေးပေါ် အခြေအနေဆို သိပ်မစောင့်ရဘဲ၊ အေးအေးဆေးဆေး အခြေအနေဆိုရင် အများဆုံး တစ်လလောက်သာ စောင့်ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။           

Ref : UPI 



  • VIA