News

POST TYPE

ALSO IN NEWS

နှစ်စဉ် ကျင်းပမြဲ စပိန်ရိုးရာ ခရမ်းချဉ်သီး တိုက်ပွဲ အရှေ့ပိုင်းဒေသမှာ ပြုလုပ်
01-Sep-2016
တန်ပေါင်း များစွာသော ခရမ်းချဉ်သီး အမှည့်တွေကိုသုံးပြီး တစ်ယောက်နဲ့ တစ်ယောက် ပစ်ပေါက်ကြတဲ့ ရိုးရာ ပျော်ပွဲရွှင်ပွဲကြောင့် စပိန် အရှေ့ပိုင်းက ဘူနိုမြို့ကလေးက လမ်းတစ်ခုတော့ ရဲပလောင်း ခတ်သွားခဲ့ပါတယ်။ ဒီပွဲတော်ကို တက်ရောက်ဆင်နွှဲသူ နှစ်သောင်း ပတ်ဝန်းကျင် ရှိခဲ့ပြီး နိုင်ငံခြားသားတွေလည်း အများကြီး ပါဝင်တယ်လို့ သိရပါတယ်။ စုစုပေါင်း ခရမ်းချဉ်သီး အမှည့်တန်ချိန် ၁၆ဝ သုံးထားတဲ့ ဒီပွဲအတွက် ထရပ်ကား ခြောက်စီးနဲ့ ခရမ်းချဉ်သီးတွေ သယ်လာ ပေးခဲ့ရပါသတဲ့။

ပါတီပွဲမှာ လူတွေဟာ ပျော်ရွှင် ဟစ်အော် နေခဲ့ကြပြီး တချို့ကတော့ လှလှပပ ဝတ်စား ထားကြပေမယ့် အများစုကတော့ တီရှပ်လောက်ပဲ ဝတ်ခဲ့ကြတာပါ။ ပါဝင်ခဲ့ကြသူတွေက “ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီး”ဆိုပြီး သံပြိုင် ရွတ်အော်ရင်း ထရပ်ကားကြီးတွေကို မျှော်နေ ခဲ့ကြတာပါ။ ဒဏ်ရာရ ရှိခြင်းကို ရှောင်ရှားနိုင်ဖို့ အတွက် ခရမ်းချဉ်သီးနဲ့ ပိတ်မပေါက်ခင် အရင်ဦးဆုံး အသီးကို ဖျစ်ညှစ်ရမယ်လို့ ပွဲစီစဉ်သူတွေက ညွှန်ကြားထားပါတယ်။ တော်တော်များများက မျက်လုံးကို ကာကွယ်ဖို့ ရေငုပ် မျက်နှာဖုံးတွေ တပ်ထားကြပါတယ်။ 

ကနေဒါ ဓာတ်ပုံဆရာ ဒေးဗစ် တရပ်လက်စ်ကတော့ သူဟာ ဒီပွဲတော်ကို လာလည်တာ ၁၅ နှစ်မြောက် ရှိပြီလို့ ပြောပါတယ်။ 

“သြဂုတ်လရဲ့ နောက်ဆုံး သီတင်းပတ်ဟာ ပွဲတော်လုပ်ဖို့ အကောင်းဆုံးပါ။ ဒီနေရာက လွဲလို့ ဒီထက် ပိုကောင်းတာကို မစဉ်းစားတတ်တော့ဘူး”လို့လည်း ဓာတ်ပုံဆရာက ဆိုပါတယ်။ ခရမ်းချဉ်သီး တိုက်ပွဲပြီးသွားတဲ့အခါ မြို့ရဲ့ လမ်းတွေဟာ ခရမ်းချဉ်သီး အနှစ်တွေနဲ့ ပြည့်နှက် သွားခဲ့တာ ဖြစ်ပါတယ်။


  • VIA