News

POST TYPE

ALSO IN NEWS

အိန္ဒိယနိုင်ငံက လူတစ်ဦးရဲ့ အစာအိမ်ထဲမှ ဓားအချောင်းလေးဆယ် ဆရာဝန်များ တွေ့ရှိ
23-Aug-2016
အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးဟာ အချိန် ၂ လကြာအောင် ဓားတွေကို မျိုချစားသောက်နေခဲ့ပါသတဲ့။ ယခုအခါ ဆရာဝန်တွေက အဆိုပါ ဓားတွေကို ဗိုက်ခွဲကာ ပြန်ထုတ်ပေးနေရပြီး ဓားအချောင်းလေးဆယ် တွေ့ရှိရတယ်လို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ 

“သူဟာ သတ္တုတွေကို စားသောက်နေခဲ့တာ ဖြစ်ပါတယ်။ အတွေ့အကြုံ ရင့်ပြီးသား ခွဲစိတ်ဆရာဝန်ကြီးတွေ အတွက်တောင် လန့်စရာကြီးပါ” လို့ ဒေါက်တာ ဂျာတင်ဒါမယ်ဟိုတြာက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

“ကျွန်တော်တို့ အရမ်းကို စိတ်လှုပ်ရှားကြပါတယ်။ အမှားလေးတစ်ခု လုပ်လိုက်မိတာနဲ့ လူနာ အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ ကျွန်တော့်ရဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ အတွေ့အကြုံမှာ ဒါမျိုးတစ်ခါမှ မမြင်ဖူးပါဘူး” လို့ ဒေါက်တာမယ်ဟိုတြာက ဆိုပါတယ်။ ရောဂါရှာဖွေရတာနဲ့ ခွဲစိတ်ဖို့ အစီအစဉ် လုပ်ရတာဟာ နှစ်ရက်တောင် ကြာပါတယ်လို့ ဆရာဝန်ကြီးက ဆက်လက်ပြောကြားပါတယ်။ 

ငါးနာရီကြာတဲ့ အဆိုပါ ခွဲစိတ်မှုဟာ ပန်ဂျပ်ပြည်နယ် အမ်ရစ်ဆာမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဓားတွေဟာ ခေါက်ဓားတွေဖြစ်ပြီးတော့ ဆန့်လိုက်မယ် ဆိုရင်တော့ ခုနစ်လက်မလောက် ရှည်သွားမှာ ဖြစ်ပါတယ်လို့ ဒေါက်တာမယ်ဟိုတြာက ဆိုပါတယ်။ 

“လူနာက ပြောပါတယ်။ သူဟာ တချို့ဓားတွေကို ခေါက်လျက်မျိုချပြီး တချို့ကိုတော့ မခေါက်ဘဲ အပြင်ကိုထုတ်လို့ မျိုချပါတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ တချို့ဓားတွေဟာ ခေါက်ထားပြီး တချို့ဟာ ပွင့်နေပါတယ်။ တချို့က သံချေးတက်နေပြီး တချို့က ကျိုးပျက်နေပါပြီ” လို့ သူက ဆိုပါတယ်။ လူနာအမျိုးသားဟာ အသက် ၄၂ နှစ်အရွယ် ရှိပြီး ကလေး ၂ ဦးရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ “ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်မိသားစုကို မျက်နှာပျက်စေခဲ့ရပါတယ်။ ဆရာဝန်နဲ့ ဆေးရုံဝန်ထမ်းတွေ ကျွန်တော့်ကို ကယ်ဆယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့လည်း ဆိုထားပါတယ်။ 

Ref: CNN