News

POST TYPE

ADVERTORIAL

ချင်းပြည်နယ်တွင် စီးပွားဖြစ် ကော်ဖီ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပျိုးပင် ၁၀ သိန်း စတင်စိုက်ပျိုး
10-Jun-2017 tagged as ကော်ဖီ

ကလေး၊ ဇွန် ၁၀

ချင်းပြည်နယ်တွင် ကော်ဖီကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ပျိုးပင် ၁၀ သိန်းကို ယခုနှစ်မှ စတင်ကာ စိုက်ပျိုးထားကြောင်း ကော်ဖီပျိုးပင်များကို စတင်စမ်းသပ် စိုက်ပျိုးနေသည့် ချင်းတိုင်းရင်းသားတစ်ဦး ဖြစ်သည့် မိုက်ကယ်စွန်းသက ပြောကြားသည်။

မိုက်ကယ်စွန်သ ဦးဆောင်ပါဝင်သည့် အဖွဲ့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ချင်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ်နေသည့် ကော်ဖီများနှင့် ပတ်သက်၍ ကွင်းဆင်းသုတေသန ပြုလုပ်ခဲ့ရာတွင် အမည်ပေးရန် ခက်ခဲသည့် ကော်ဖီပင် အမျိုးအစား ၁၈ မျိုး ကျော် ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ကော်ဖီပင် စိုက်ပျိုးရာတွင်လည်း မိမိအိမ်ခြံဝန်း အတွင်းမှာပင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြစ်ပြီး တစ်နှစ်လျှင် တန် ၃၀ အထိသာ အများဆုံး ထုတ်လုပ်နိုင်သည်ကို တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကော်ဖီကို စီးပွားဖြစ် အလုံးအရင်းလိုက် ထုတ်လုပ်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရသည့်အတွက် ချင်းပြည်နယ် မြောက်ပိုင်းထွက် ကော်ဖီကို ဈေးကွက်အတွင်း လိုသလောက် ရောင်းချနိုင်ရန်၊ ချင်းပြည်နယ်အတွင်း နေထိုင်သူများ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၁၇ ခုနှစ် မတ်လမှ စတင်ကာ တီးတိန်မြို့နယ် ဗားဗွန်ကျေးရွာတွင် စမ်းသပ်စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း မိုက်ကယ်စွန်းသက ရှင်းပြသည်။

“အခုမှ မြေကြီးပေါ်မှာ ၂ လက်မ ၃ လက်မလောက် ထွက်တဲ့ အနေအထားပဲ ရှိသေးတယ်။ သြဂုတ် စက်တင်ဘာလလောက် ဆိုရင်တော့ စပြီး စိုက်လို့ရပြီ။ မြေကြီးက ရေကောင်းကောင်း စိုသွားပြီ မိုးများများရွာပြီဆိုလို့ ရှိရင်တော့ ပျိုးခင်းကနေ စိုက်ခင်းကို ပြောင်းလို့ရပြီ” ဟု မိုက်ကယ်စွန်သက ပြောသည်။

ကော်ဖီပျိုးပင်များကို စိုက်ခင်များအဖြစ် စတင်စိုက်ပျိုးရာတွင် ချင်းပြည်နယ်မြောက်ပိုင်းမြို့များသာ မဟုတ်ပဲ ချင်းပြည်နယ် တစ်ပြည်နယ်လုံး လွှမ်းခြုံစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ပျိုးခင်းတွင် ကုန်းမြင့်ပိုင်းတွင် စိုက်ပျိုးနိုင်သည့် S795 အမျိုးအစားဖြစ်သည့် (ရှေးကော်ဖီ ပင်ရှည်)၊ မြေနိမ့်ပိုင်းတွင် စိုက်ပျိုးနိုင်သည့် ကက်သီမိုး (Catimor)၊ Catuai အနီအဝါ နှင့် Cattura စသည့် ကော်ဖီမျိုးများကို ပျိုးထားခြင်း ဖြစ်သည်။

(ပုံစာ - တီးတိန်မြို့နယ်အတွင်း ပျိုးထားသည့် ကော်ဖီပင်များကို မြင်တွေ့ရစဉ်)

ဓာတ်ပုံ - Michael Suantak