News

POST TYPE

ADVERTORIAL

မြန်မာ့ကော်ဖီ တရုတ်သို့ တန် ၁၀ဝနီးပါးဖြင့် ယခုနှစ် ပိုမိုတင်ပို့မည်ဟုဆို
26-May-2017 tagged as ကော်ဖီ

ရန်ကုန်၊ မေ၂၅

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကော်ဖီစေ့များ နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ယခင်နှစ်ထက်တန် ၂၀ ကျော် တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ကော်ဖီစေ့တွေ မေလဆန်းကတည်းက တင်ပို့နေတာ အခုထက်ထိပါပဲ၊ ဒီနှစ်ကုန်အထိ တင်ပို့ရောင်းချသွားမယ်၊ ဒီနှစ်က အမှာများလာလို့ အရင်နှစ်ထက် တန်၂၀ ကျော် တင်ပို့ပေးသွားမယ်” ဟု အဆိုပါ ဝန်ကြီးဌာန၏ ပို့ကုန်ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ယခင်နှစ် ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံသို့ ကော်ဖီစေ့တန်ချိန် ၈၀ ကျော် တင်ပို့ရောင်းချခဲ့ပြီး ပြင်ဦးလွင်ဒေသထွက် အာရေးဗီးယားနှင့် ရိုဘက်စတာ အမျိုးစားကော်ဖီစေ့များ အများဆုံး ပါဝင်ကြောင်း၊ ယခုနှစ် ၂၀၁၇ ခုနှစ်အတွက် ပြင်ဦးလွင်၊ နောင်ချို၊ ရွာငံ ၊ မိုးကုတ်နှင့် တောင်ငူဒေသများက ကော်ဖီစေ့တန်ချိန် ၁၀ဝ ကျော်ကို  အကြမ်း၊ အချော နှစ်မျိုးခွဲ၍ တင်ပို့သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ် ကော်ဖီများ တင်ပို့ရာတွင် ကော်ဖီတစ်ပေါင်လျှင် ကျပ်နှစ်ထောင်မှ ငါးထောင်အထိ အမျိုးစားအမျိုးမျိုး ပါဝင်ကြောင်း ကော်ဖီစိုက်တောင်သူများထံမှ စုံစမ်းသိရှိရသည်။

မြန်မာ့ကော်ဖီစေ့အမျိုးအစားများထဲက ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံဒေသထွက် ကော်ဖီစေ့များကို ယခင်နှစ်က နမူနာ ၅၆ မျိုးဖြင့် အမေရိကန်ပြည်ထောင်စု ကော်ဖီပွဲတော်တွင် ပထမဆုံးအကြိမ် ခင်းကျင်းပြသခဲ့ပြီးနောက် အထူးဆု ဆွတ်ခူးရရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ အသင်းထံမှ သိရှိရသည်။