News

POST TYPE

ADVERTORIAL

လမ်းချော်ပြီး ကားလည်ထွက်သွားတဲ့အခါ ဘာလုပ်ရမလဲ
15-Nov-2016 tagged as ကား

စတီယာရင် ကပ်ပြီးတော့၊ ဒါမှမဟုတ် ကားနောက်ဖင် အပြင်ထွက်ပြီး လမ်းချော်ကာ ကားလည်သွားတဲ့ အခြေအနေမျိုးဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုအခြေအနေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတွေနဲ့ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာတွေကို မျှဝေပေးချင်ပါတယ်။

ပထမဆုံး စတီယာရင် ကပ်သွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ စတီယာရင် ကပ်တယ်ဆိုတာကတော့ ကားက ကိုယ်ကွေ့သလို ကွေ့မလာဘဲ တည့်တည့်ဆက်သွားတဲ့ အခြေအနေမျိုးကို ဆိုလိုတယ် ဆိုတာ ယာဉ်မောင်းနှင်သူ အားလုံးလည်း သိကြမှာပါ။

စတီယာရင် ကပ်ရတဲ့ အကြောင်းရင်းတွေကတော့ ကွေ့တဲ့အချိန်မှာ အရှိန်မလျှော့တာ၊ ရုတ်တရုတ် အလျှင်အမြန် ချိုးကွေ့တာ၊ ကားအောက်ပိုင်းနဲ့ ကားတည်ဆောက်ပုံတို့ ပုံမှန်ကြံ့ခိုင်တဲ့ အခြေအနေမှာ ရှိမနေတာကြောင့်တို့ပဲ ဖြစ်ပါတယ်။

ဒီလိုစတီယာရင် ကပ်တဲ့ အခြေအနေမျိုးနဲ့ မကြုံတွေ့ရအောင် ကား၊ တာယာတို့ရဲ့ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပေးရမှာ ဖြစ်သလို မောင်းနှင်တဲ့ အချိန်မှာလည်း အမြန်နှုန်းနဲ့ အခြားသတ်မှတ်ချက်တွေနဲ့အညီ မောင်းနှင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

တကယ်လို့ အကြောင်းကြောင်းကြောင့် စတီယာရင်ကပ်တဲ့ အခြေအနေမျိုးနဲ့ ကြုံရတယ် ဆိုရင်တော့ စိတ်ကိုတတ်နိုင်သမျှ တည်ငြိမ်အောင်ထိန်းပြီး ပထမဆုံး လီဗာကို လွှတ်ပါ။ ပြီးရင် ဘရိတ်ကိုနင်းပြီး စတီယာရင်ကို အတည့်အတိုင်း ထားလိုက်ပါ။

နောက်တစ်ခုအနေနဲ့ ကားကွေ့တဲ့အချိန်မှာ ကားနောက်ဖင် အပြင်ထွက်ပြီး လမ်းချော်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ အရှိန်နဲ့ကွေ့တဲ့အခါ၊ ရုတ်တရက် ကွေ့ချလိုက်တဲ့အခါ၊ ကားအောက်ပိုင်းနဲ့ တည်ဆောက်ပုံက ပုံမှန်အခြေအနေမှာ ရှိမနေတဲ့ အခါမျိုးမှာ ဒီလိုမျိုး ကြုံတွေ့ရတတ်ပါတယ်။ 

ဒီလိုအခြေအနေ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ အတွက်လည်း ကား၊ တာယာတို့ရဲ့ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပေးရမှာ ဖြစ်သလို မောင်းနှင်တဲ့ အချိန်မှာလည်း အမြန်နှုန်းနဲ့ အခြားသတ်မှတ်ချက်တွေနဲ့အညီ မောင်းနှင်ရမှာပဲ ဖြစ်ပါတယ်။

တကယ်လို့ မတတ်သာဘဲ ကြုံတွေ့ရပြီ ဆိုရင်တော့ လီဗာကိုလွှတ်ပြီး ဆန့်ကျင်ဘက် လားရာကို စတီယာရင်ကို လှည့်ရမှာ ဖြစ်ပါတယ်။ စိတ်ကို တည်ငြိမ်အောင်ထားဖို့ လိုအပ်တယ် ဆိုတာကိုတော့ အထူးပြောနေဖို့ လိုမယ် မထင်ပါဘူး။

ဒီလမ်းချော်ပြီး ကားလည်ထွက်သွားတဲ့အခါ ဘာလုပ်ရမလဲ #Driving Tip ကို ကမ္ဘာကျော် ကားကုမ္ပဏီ Ford ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲ Ford Myanmar ကနေ မြန်မာယာဉ်မောင်းတွေ အတွက် ရည်ရွယ်ပြုလုပ်ပေးခဲ့တဲ့ Ford Driving Skills For Life (FDSL) အလုပ်ရုံဆွေးနွေးပွဲမှာ သင်ကြားဆွေးနွေးပေးခဲ့တဲ့ အချက်တွေထဲကနေ ကောက်နှုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။