News

POST TYPE

ADVERTORIAL

စတိုးဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင် (စဉ်းစားစရာ ကိုယ်ပိုင်စီးပွားရေးအိုင်ဒီယာ)
19-Oct-2016 tagged as


စုဆောင်းထားတဲ့ ပိုက်ဆံလေးနဲ့ ကိုယ်ပိုင်လုပ်ငန်း တစ်ခုလောက် လုပ်ဖို့ စဉ်းစားနေကြပါသလား..။

ဒီတစ်ပတ်မှာတော့ ကိုယ့်အိမ်မှာပဲ စတိုးဆိုင်လေး ဖွင့်ချင်ကြတဲ့သူတွေအတွက် စတိုးဆိုင် တစ်ဆိုင် ဖွင့်ဖို့ ဘာတွေ လိုအပ်သလဲ၊ ဘယ်လို စလုပ်ရမလဲ၊ အရင်းအနှီး ဘယ်လောက်လိုမလဲ၊ စတဲ့ စတဲ့ သိဖို့လိုအပ်နေတဲ့ အကြောင်းတွေ အများကြီးထဲက အခြေခံကျတဲ့ အချက် အချို့ကို စုစည်းဖော်ပြ လိုက်ပါတယ်။

အိမ်မှာ ဆိုင်ဖွင့်မယ်ဆို

ကိုယ့်အိမ်မှာ စောင့်ရှောက်ရမယ့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေရှိလို့ အိမ်ရှိလူကုန် အပြင်ထွက် အလုပ် လုပ်ဖို့ အဆင်မပြေတာမျိုး ရှိတတ်ကြပါတယ်။

ကိုယ့်ရဲ့အိမ်က လူသွားလူလာ များတဲ့နေရာမှာလည်း ရှိတယ်။ ဈေးနဲ့လည်း ခပ်လှမ်းလှမ်း၊ အနီး ဝန်းကျင်မှာလည်း တခြားဆိုင်တွေ မရှိဘူးဆို ကိုယ်ပိုင်လုပ်ငန်း တစ်ခုအနေနဲ့ ကိုယ့်အိမ်မှာပဲ ဆိုင်လေးတစ်ဆိုင် ဖွင့်ဖို့ အဆင်ပြေပါတယ်။ ကိုယ့်အိမ်မှာ ကိုယ်ဖွင့်တာ ဖြစ်တဲ့အတွက် အိမ်အလုပ် လုပ်ရင်းနဲ့ တစ်ဖက် တစ်လမ်းက ဝင်ငွေရှာနိုင်မှာပါ။

ဒါ့ကြောင့် ကိုယ့်အိမ်မှာ စတိုးဆိုင် တစ်ဆိုင်ဖွင့်ဖို့ စဉ်းစားဆုံးဖြတ်လိုက်ပြီ ဆိုပါစို့…..။

ဘယ်က စလုပ်ကြမလဲ

ပတ်ဝန်းကျင်ကို အရင် လေ့လာကြည့်ပါ….။

ကိုယ်က အိမ်မှာ စတိုးဆိုင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတာနဲ့ အများရောင်းတဲ့ ပစ္စည်းတွေ လိုက်ကြည့်တာ၊ ဈေးထဲမှာ ရောင်းတဲ့ပစ္စည်းတွေ လိုက်ကြည့်တာမျိုး လုပ်သင့်ပါတယ်။

အဲ့ဒီလို လိုက်ကြည့်ရင်းနဲ့ ဘယ်ပစ္စည်းက ရောင်းသင့်တယ်၊ ဘယ်ပစ္စည်းကတော့ ရောင်းရနိုင်တယ် ဆိုတာမျိုး ဆုံးဖြတ်ပြီး အဲ့ဒီပစ္စည်းမျိုးတွေ ကိုယ့်ဆိုင်မှာ တင်ရောင်းသင့်ပါတယ်။

အဲဒီလို လေ့လာပြီးပြီဆိုရင်တော့ ကိုယ့်ဆိုင်ကို ဘယ်လိုပုံစံမျိုး လုပ်မလဲ၊ ဆိုင်မှာ ဘာတွေ တင်မလဲဆိုတာ ဆုံးဖြတ်ရတော့မှာပါ။

ဆိုင်မှာ ဘာတွေ တင်မလဲ

ကိုယ့်ဆိုင်မှာ မုန့်တွေ၊ အအေးတွေပဲ တင်မှာလား၊ ဆား၊ ငံပြာရည်၊ ငရုတ်သီးမှုန့်စတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ၊ သွားတိုက်ဆေး၊ ဆပ်ပြာ အစရှိတဲ့ လူသုံးကုန်ပစ္စည်းတွေရော တင်မှာလား ဆိုတာတွေကလည်း စဉ်းစားရမှာပါ။ ကိုယ်ဖွင့်မယ့် နေရာက ဈေးနဲ့လည်း လှမ်းတယ်။ အခြား ရောင်းချနေတဲ့ ဆိုင်တွေလည်း မရှိဘူးဆိုရင်တော့ အဲ့ဒီလို အစုံတင်သင့်ပါတယ်။

ဒီလိုပစ္စည်းမျိုးတွေ သာမက ကိုယ့်ဆိုင်မှာ ပစ္စည်းစုံချင်တယ် ဆိုရင်တော့ ဓာတ်ခဲ၊ မီးလုံး၊ မီးချောင်း စတာတွေ၊ စာရေးကိရိယာတွေလည်း ရောင်းချနိုင်ပါတယ်။ ဒါဆိုရင် ဘယ်လောက် ရင်းနှီးထားရမလဲ….?

အရင်းအနှီး ဘယ်လောက်လိုသလဲ

ဒါကတော့ ကိုယ့်အပေါ်မှာ မူတည်ပါတယ်။

ကိုယ့်ဆိုင်မှာ တင်မယ့် ပစ္စည်းတွေအပေါ် မူတည်ပြီး အရင်းအနှီးကလည်း ပြောင်းလဲနိုင်ပါတယ်။

ကိုယ့်ဆိုင်မှာ ပစ္စည်းအများကြီးလည်း မတင်ဘူးဆိုရင်တော့ အရင်းအနှီးက သိပ်အများကြီး မလိုပါဘူး။

တကယ်လို့ မုန့်တွေ၊ အအေးတွေတင်မက အိမ်သုံးပစ္စည်းတွေ၊ မီးဖိုချောင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ ဖုန်းငွေဖြည့်ကတ်တွေလည်း တင်မယ်ဆိုရင်တော့ ကျပ်သိန်း နှစ်ဆယ်လောက်တော့ ရင်းနှီးထားရမှာပါ။

ဒီအရင်းအနှီးထဲမှာ ဆိုင်အပြင်အဆင်အတွက် လိုအပ်တဲ့ ကုန်ကျစရိတ်၊ ရေခဲသေတ္တာ စတာတွေ မပါဝင်ပါဘူး။

တကယ်လို့ အရင်းအနှီးကို အများကြီး မသုံးချင်ပေမယ့် ဆိုင်မှာ ပစ္စည်း စုံစုံလင်လင် တင်ချင်တယ်ဆိုရင်တော့ ပစ္စည်း တစ်မျိုးချင်းကို အများကြီး ဝယ်မထားဘဲ နည်းနည်းစီလောက်ပဲ ဝယ်ထားတာမျိုးလည်း လုပ်နိုင်ပါတယ်။

ဒါဆိုရင် ကိုယ့်ဆိုင်မှာ လိုအပ်တဲ့ပစ္စည်းတွေကို ဘယ်မှာ သွားဝယ်ကြမလဲ….?

ပစ္စည်းတွေကို ဘယ်မှာ ဝယ်ကြမလဲ

အနီးအနားမှာ ဈေးရှိတယ် ဆိုရင်တော့ အဲ့ဒီမှာ ဝယ်တာက နည်းလမ်းကောင်း တစ်ခုဖြစ်မှာပါ။

တကယ်လို့ ကိုယ်က သိမ်ကြီးဈေးတို့၊ မင်္ဂလာဈေးတို့က သွားဝယ်မယ်ဆိုရင်တော့ ပစ္စည်းဖိုး ဈေးနည်းနည်း သက်သာနိုင်ပေမယ့် လမ်းစရိတ်အတွက် ပိုပြီး ကုန်ကျနိုင်တာမို့ အနီးအနားက ဈေးမှာပဲ ဝယ်ယူတာက အဆင်ပြေစေမှာပါ။

Good Morning၊ ဝမ့်ဝမ့် တို့လို ကုမ္ပဏီတွေကလည်း ဆိုင်ထိ ပို့ပေးနေတဲ့ ကုမ္ပဏီတွေလည်း ရှိသလို အချို့ အသေးစား မုန့်လုပ်ငန်းလေးတွေကလည်း ပို့ပေးတာမို့ အဲ့ဒီလို လုပ်ငန်းမျိုး၊ ကုမ္ပဏီမျိုးတွေနဲ့လည်း ချိတ်ဆက်ထားသင့်ပါတယ်။ အချို့ ကုမ္ပဏီတွေကတော့ နေရာ အနေအထား၊ ရောင်းအားပေါ် မူတည်ပြီး ပစ္စည်း လာမပို့ပေးတာမျိုးလည်း ရှိပါတယ်။

ကိုယ့်ဆိုင်မှာ အအေးတို့၊ ရေခဲချောင်းတို့ ရောင်းမယ်ဆိုရင်တော့ ရေခဲသေတ္တာက မဖြစ်မနေ လိုအပ်ပါတယ်။

ကုမ္ပဏီ အချို့ကတော့ သူတို့အမှတ်တံဆိပ်ကို ရောင်းချစေဖို့ ရေခဲသေတ္တာ ပံ့ပိုးပေးတာ၊ စင်တွေ ပံ့ပိုးပေးတာမျိုးလည်း ရှိပါတယ်။ အဲ့ဒီလို ကုမ္ပဏီမျိုးတွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ ချိတ်ဆက်ဖို့အတွက်လည်း အထူးတလည် ဘာမှ လုပ်စရာ မလိုပါဘူး။ ဆိုင်ဖွင့်ထားပြီးပြီဆိုရင် သူတို့ဘက်ကပဲ စပြီး ဆက်သွယ် လာပါလိမ့်မယ်။ တစ်ခုရှိတာက သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကိုတော့ လိုက်နာရမှာပါ။

ကဲ.. ခုဆိုရင် ကိုယ်ဖွင့်မယ့် ဆိုင်လေးမှာ ရောင်းချဖို့ ပစ္စည်းတွေလည်း စုံပြီ။ ဒါဆိုရင် အဲ့ဒီပစ္စည်းတွေကို ဘယ်လို နေရာချထားကြမလဲ….?

ဆိုင်ကို ဘယ်လိုပြင်ဆင်ကြမလဲ

ဒီအတွက်တော့ အများကြီး စဉ်းစားနေစရာ မလိုပါဘူး။

အိမ်မှာပဲ ဆိုင်ဖွင့်တာ ဖြစ်တဲ့အတွက် အဆင်ပြေသလို၊ သင့်လျော်သလို ပြင်ဆင်သွားရုံပါပဲ။ ဒါပေမဲ့ ကိုယ့်ဆိုင်ကို ဆိုင်ဖွင့်ထားတယ်၊ မုန့်ရောင်းတယ် ဆိုတာမျိုး သိအောင်တော့ ဆိုင်အဝမှာ မုန့်ထုတ်တွေကို ဝေဝေဆာဆာနဲ့ ချိတ်ဆွဲထားသင့်ပါတယ်။ ပစ္စည်းထားဖို့နေရာ၊ ပစ္စည်းတင်ဖို့ နေရာတွေကိုလည်း လုံလုံခြုံခြုံ ရှိအောင် ပြင်ဆင်သင့်ပါတယ်။

ကဲ… ခုဆိုရင် ဆိုင်ကတော့ တဖြည်းဖြည်းနဲ့ ရုပ်လုံး ပေါ်လာနေပါပြီ။ ဆိုင်မှာရောင်းချမယ့် ပစ္စည်းတွေကို ဈေးနှုန်း ဘယ်လို သတ်မှတ်ကြမလဲဆိုတာ စဉ်းစားရမှာပါ။

ဈေးနှုန်း ဘယ်လို သတ်မှတ်မလဲ

ကိုယ်က အမြတ်များများ ယူပြီး နည်းနည်း ရောင်းမလား၊ အမြတ်နည်းနည်းနဲ့ ပစ္စည်းများများ ရောင်းမလားဆိုတာ စဉ်းစားပါ။

အမြတ် နည်းနည်းနဲ့ ရောင်းချမယ်ဆိုရင်တော့ ကိုယ့်ဆိုင်မှာ လူဝင်များလာပြီး ပစ္စည်းကျန်နေတာမျိုး၊ မရောင်းရတာမျိုး နည်းလာနိုင်ပါတယ်။ 
ပုံမှန်ဆိုရင်တော့ ၂၀ ရာခိုင်နှုန်းလောက် အမြတ်တင်တာ အဆင်ပြေပါတယ်။ တန်ဖိုးနည်းနည်းနဲ့ အရေအတွက် များများ ရောင်းရတဲ့ ပစ္စည်းဆိုရင် ရာခိုင်နှုန်းကို လျှော့ယူပြီး တန်ဖိုးကြီးပြီး ခပ်လေးလေးပဲ ရောင်းရတဲ့ ပစ္စည်းမျိုးတွေ ဆိုရင်တော့ ရာခိုင်နှုန်းကို ပိုတင်ထားတာ အဆင်ပြေပါတယ်။

ဆိုင်ဖွင့်ပြီဆိုတာနဲ့ လေလွင့်တာတွေ၊ အကြောင်း အမျိုးမျိုးကြောင့် ဆုံးရှုံးရတာတွေလည်း ရှိလာပါတယ်။ ခု စတိုးဆိုင်မှာရော ဘယ်လိုမျိုး ဆုံးရှုံးမှုတွေ ရှိနိုင်မလဲ…?

ပျက်စီးဆုံးရှုံးမှုတွေ

အဓိက ကြုံရနိုင်တဲ့ ဆုံးရှုံးမှုကတော့ ကြွက်ကိုက်နိုင်တာပါ။

အစားအသောက်၊ လူသုံးကုန်ပစ္စည်း ဘယ်အရာကိုမဆို ကြွက်ကိုက်နိုင်တဲ့အတွက် ပစ္စည်းသိမ်းတဲ့နေရာ၊ ထားတဲ့နေရာတွေကို ကြွက်မဝင်နိုင်အောင် လုံလုံခြုံခြုံပြု လုပ်သင့်ပါတယ်။

နောက်တစ်ခုက မရောင်းရဘဲ ဒိတ်ကုန်သွားတာမျိုးပါ။ ကုမ္ပဏီကြီးတွေက လာပို့တာမျိုး ဆိုရင်တော့ ပြန်လဲလို့ ရနိုင်ပေမယ့် ဆိုင်တွေကနေ သွားဝယ်ထားတာမျိုး ဆိုရင်တော့ အလဲအလှယ် လုပ်လို့ မရနိုင်တာမို့ ကုန်ဆုံးရက်တွေကိုလည်း ဂရုစိုက်သင့်ပါတယ်။

ဆိုင်လေး အဓွန့်ရှည်ဖို့အတွက်

အဓိကက ဈေးသက်သာဖို့နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ပါ။

ဆိုင်ချင်း အတူတူ ဆိုရင်တောင် ဈေးသက်သာတဲ့ဆိုင်၊ ဆက်ဆံရေး ကောင်းမွန်တဲ့ဆိုင်ကို ရွေးချယ် တတ်ကြတာ ဝယ်သူတိုင်းရဲ့ အမူအကျင့်ပါ။ ဒါ့ကြောင့် ကိုယ့်ဆိုင် ရေရှည် ရပ်တည်နိုင်ဖို့အတွက် ဆိုရင်တော့ ပစ္စည်းတွေကို အမြတ်များများနဲ့ ရောင်းတာမျိုး မဟုတ်ဘဲ ဈေး သက်သက်သာသာနဲ့ ရောင်းချတာမျိုး၊ ဆိုင်ကိုလာဝယ်တဲ့ ဝယ်သူတွေကို ပြေပြေပြစ်ပြစ် ဆက်ဆံတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

(အထက်ပါ ဆောင်းပါးအတွက် လိုအပ်တဲ့ အချက်အလက်များကို စမ်းချောင်းမြို့နယ် သပြေလမ်းတွင် ဖွင့်လှစ်ထားသော သပြေစတိုးမှ ကူညီဖြေကြား ပေးထားပါတယ်။)

  • VIA
  • TAGS