News

POST TYPE

ADVERTORIAL

ရေးမြို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၅၅၀ ကောက်မည်ဟုကြေညာ
21-Oct-2018
မော်လမြိုင်၊ အောက်တိုဘာ ၂၀ 

မွန်ပြည်နယ်အတွင်းရှိ ရေးမြို့နယ်သည် ပြည်ထောင်စုလျှပ်စစ်ဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားမရရှိသေးသည့်အတွက် ပုဂ္ဂလိကကုမ္ပဏီများက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေရရာ နိုဝင်ဘာလကစ၍ လျှပ်စစ်မီတာတစ်ယူနစ်လျှင် ကျပ် ၅၅၀ နှုန်းဖြင့် ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီများက ကြေညာထားသည်။

စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် နိုဝင်ဘာလမှစ၍ လျှပ်စစ်မီတာခတစ်ယူနစ်လျှင် ၅၅၀ ကျပ် တိုးမြှင့်ကောက်ခံနိုင်ရန် ပြည်နယ်အစိုးရထံသို့လည်း ခွင့်ပြုချက်တင်ပြထားပြီးဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။

“နောက်လကောက်မယ့်ဟာက ၅၅၀ (ကျပ်)၊ ဒီဇယ်ဈေးအတက်အကျပေါ်မူတည်ပြီး ဒီဇယ်ဈေးတက်ရင်တက်တယ်၊ ဒီဇယ်ဈေးကျရင်ပြန်ချတယ်၊ ဒီဇယ်ဈေးတက်တော့ မီတာခတိုးပြီး ကောက်ရတာပါ။ ပြည်နယ်အစိုးရကို ခွင့်ပြုချက်တော့တင်ထားပြီးပြီ။ ခွင့်ပြုချက်တော့ မကျရသေးဘူး။ အခုလို မကြေညာထားရင် ပြည်သူတွေမသိဘူး၊ ဒါကြောင့် ကျွန်တော်တို့ ကြိုတင်ကြေညာထားတာပါ”ဟု ရေးမြို့တွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသည့် မြတ်သူရကုမ္ပဏီမှ မီးလင်းရေးကော်မတီအဖွဲ့ဝင် ဦးတင်ရှိန်က ပြောကြားသည်။

မြတ်သူရကုမ္ပဏီအနေနှင့် လက်ရှိတွင် ရေးမြို့နယ်အတွင်းဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်လျှင် ၅၀၀ ကျပ်ဖြင့် ကောက်ခံနေခြင်းဖြစ်သည်။

ယခင်နှစ်က ၂၂၀ လီတာဝင် ဒီဇယ်တစ်ပီပါဈေးမှာ ကျပ် ၁၄၅,၀၀၀ သာ ရှိသော်လည်း ယခုနှစ်တွင် ကျပ် ၂၄၆,၀၀၀ အထိဈေးရှိနေသောကြောင့် ကျပ်ကိုးသောင်းကျော်ဈေးတက်သွားကြောင်း ဦးတင်ရှိန်က ဆက်လက်ပြောဆိုသည်။

“ကျွန်တော်တို့ သောင်ပြင်မှာတော့ ရွာကဖြန့်တဲ့လျှပ်စစ်မီးက တစ်ယူနစ်ကို ၈၅၀ (ကျပ်) ပေးရတယ်၊ လွန်ခဲ့တဲ့နှစ်လလောက်ကတော့ ၈၀၀ နဲ့ ဆောင်ရတယ်၊ ဟိုအရင်ကတော့ ၇၀၀ ကျော်ရှိတယ်၊ ဒီမီးက ကုမ္ပဏီမီးမဟုတ်ဘူး။ ရွာက ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးပဲ” ဟု ရေးမြို့နယ် သောင်ပြင်ကျေးရွာဒေသခံ နိုင်အောက်စာက ပြောကြားသည်။

ပြည်ထောင်စုအစိုးရက ဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားလိုင်းများ ရေးမြို့နယ်တွင်မရှိသေးသည့်အတွက် လုပ်ငန်းရှင်ကုမ္ပဏီများ၏ ခြယ်လှယ်ခြင်းကို ခံနေရဦးမည်ဖြစ်ကြောင်း၊ အစိုးရကဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အား ရေးမြို့နယ်တွင် အမြန်ဆုံးရရှိရန် ပြည်နယ်အစိုးရကလည်း စီစဉ်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူထားရသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

“လက်ရှိမှာတော့ Southern Myanmar Development ကုမ္ပဏီကနေပြီး လျှပ်စစ်ဓာတ်အား မီတာခ တိုးမြှင့်ကောက်ခံဖို့ ပြည်နယ်အစိုးရကိုတင်ထားတဲ့စာတော့ ကျွန်တော့်ဆီရောက်နေပြီ။ ၅၅၀ တိုးကောက်မယ့်ဟာတော့ ကျွန်တော်ဆီကို မရောက်သေးဘူး။ သူတို့လည်း တင်ထားပြီးပြီထင်တယ်၊ ဒါကို ပြည်နယ်အစိုးရရဲ့ အပတ်စဉ်ပုံမှန်အစည်းအဝေးမှာ တင်ပြသွားမယ်၊ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ရေးမြို့နယ်အတွင်း၌ Southern Myanmar Development ကုမ္ပဏီ၊ မြတ်သူရကုမ္ပဏီနှင့် Bedok Construction and Engineering ကုမ္ပဏီတို့က လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေသည်။

R-21