News

POST TYPE

ADVERTORIAL

နည်းပညာအသစ်ဖြင့် ရေချိုပုစွန် စတင်သားဖောက်
11-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံရှိ ရေချိုပုစွန်များတွင် အမည်မသိရောဂါကျရောက်ကာ ခြောက်နှစ်ဆက်တိုက် သေဆုံးလျက်ရှိသောကြောင့် နည်းပညာအသစ်ဖြင့် ရေချိုပုစွန်သားပေါက်များ စတင်မွေးမြူလျက်ရှိကြောင်း မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“ရေချိုပုစွန်ကို အခုနည်းပညာအသစ်နဲ့ ဆားမလောက်မှာ စမွေးနေပြီ။ ပုစွန်မွေးကန်လေးရုံလောက်က အခုလုပ်ငန်း စနေပြီ။ ရောဂါကိုရှောင်ဖို့အတွက် ရခိုင်နဲ့ မင်းပြားဘက်ကမျိုးတွေယူပြီး အရင်မွေးတဲ့နည်းကို နည်းနည်းပြောင်းမွေးတာပါ” ဟု မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

ရောဂါကင်းလွတ်သည်ဟု ယူဆရသည့် ရခိုင်ပြည်နယ်ဘက်မှ ရေချိုပုစွန် သားပေါက်မျိုးများကို ထိုင်းကုမ္ပဏီများနှင့်ပူးပေါင်း၍ မွေးမြူလျက်ရှိပြီး လာမည့်နိုဝင်ဘာလတွင် ရေချိုပုစွန်မွေးမြူရေး ကန် ၅ ကန်ခန့် ထပ်မံ၍ နည်းပညာအသစ်ဖြင့် လုပ်ငန်းစတင်မည်ဖြစ်ကြောင်း ပုစွန်အသင်းထံမှ သိရသည်။ 

ပုဂ္ဂလိကမွေးမြူရေးစခန်းများရှိ ရေချိုပုစွန်သားပေါက်များသည် ၂၀၁၃ ခုနှစ်မှစကာ ဆက်တိုက်သေဆုံးလျက်ရှိပြီး ပုစွန်များတွင် ဖြစ်ပွားသည့်ရောဂါကို လက်ရှိအချိန်အထိ အတိအကျအဖြေမရှာနိုင်ခြင်းဖြစ်ကာ ပြည်တွင်းတွင် ပုစွန်သားပေါက်မထုတ်လုပ်နိုင်သောကြောင့် ထိုင်းနိုင်ငံမှ ပုစွန်သားပေါက်များကိုသာ အဓိကတင်သွင်းမွေးမြူနေရခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံရှိ ရေချိုပုစွန်များတွင် ဖြစ်ပွားသည့်ရောဂါကို လက်ရှိအချိန်အထိ တိတိကျကျမသိရှိသောကြောင့် ရန်ကုန်တက္ကသိုလ်က ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ ရေချိုပုစွန်အများဆုံးထုတ်လုပ်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ ပုစွန်မွေးမြူရေးကန်များကို အဖြေရှာသုတေသနပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ထံမှ သိရသည်။

J-11