News

POST TYPE

ADVERTORIAL

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမည့်အစီအစဉ် ရွှေ့ဆိုင်း
01-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ ယာဉ်ရပ်နားကန့်သတ်ဇုန် ငါးနေရာတွင် အောက်တိုဘာလ ၁ ရက်မှစ၍ ယာဉ်ရပ်နားခ ကောက်ခံရန်စီစဉ်ထားသော်လည်း လုပ်ငန်းအဆင်သင့် မဖြစ်သေးသဖြင့် ထိုအစီအစဉ်ကို အောက်တိုဘာ ၁၀ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

မြို့တွင်း လမ်းမကြီးများနှင့် အမည်တပ်လမ်းများ၏ ယာဉ်ရပ်နားကန့်သတ်ဇုန် ၈ ခုတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းအတွက် ဈေးပြိုင်တင်ဒါ ခေါ်ယူခဲ့ရာ ဇုန် ၅ ဇုန်သာ တင်ဒါအောင်မြင်ခဲ့ကြောင်းနှင့် မအောင်မြင်ခဲ့သည့် ဇုန် ၃ ဇုန်ကို တင်ဒါပြန်လည်ခေါ်ယူထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဇုန်ငါးဇုန်အောင်မြင်တဲ့သူတွေကို လုပ်ငန်းစာချုပ်တွေ ခေါ်ချုပ်နေတာ မပြတ်သေးတဲ့အတွက် အောက်တိုဘာ ၁ ရက် စတင်ကောက်ဖို့ အဆင့်သင့် မဖြစ်သေးဘူး။ ဌာနဆိုင်ပိုင်းကလည်း ပြင်ဆင်ရေးအပိုင်းတွေ လုပ်နေတဲ့အတွက် ၁၀ ရက်မှစကောက်မယ်”ဟု ဦးသန်းကဆိုသည်။

တင်ဒါအောင်မြင်ခဲ့ခြင်းမရှိသည့် ယာဉ်ရပ်နားကန့်သတ်ဇုန် (Parking Restricted Zone) ၃ ဇုန်ကို အောက်တိုဘာလ ၁ ရက်တွင် ဈေးပြိုင်တင်ဒါ ပြန်လည်ခေါ်ယူထားပြီး တင်ဒါလျှောက်ထားသူများအနေဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၆ ရက်အတွင်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် တင်ဒါရွေးချယ်မှုကို အောက်တိုဘာလ ၁၇ ရက်တွင် ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှသိရသည်။

တင်ဒါအောင်မြင်ထားသူများအနေဖြင့် ခြောက်လစာချုပ်ဖြင့် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး ပထမခြောက်လတွင် Manual စနစ်ဖြင့် စာရွက်ဖြတ်ပိုင်း ဆုတ်ကာကောက်ခံမည်ဖြစ်ကြောင်းနှင့် ဒုတိယခြောက်လတွင် Smart  Parking ကဒ်စနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူးထံမှ သိရသည်။

ရန်ကုန်မြို့တွင်း မြို့နယ်ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပဲပန်းတန်း၊ လသာနှင့် လမ်းမတော် ခြောက်မြို့နယ်အတွင်း မော်တော်ယာဉ်ရပ်နားခ တစ်နာရီကို နှစ်ရာကျပ်နှုန်းဖြင့် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် ပြင်ပအချိန်များကို လတ်တလောတွင် အခမဲ့ ရပ်နားခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့ရှိ လူစည်ကားရာ လမ်းဘေးကားပါကင်နေရာအချို့တွင် ရပ်နားသော မော်တော်ယာဉ်များကို ယာဉ်တစ်စီးလျှင် ကျပ် ၂၀၀ မှ ကျပ် ၅၀၀ အထိ ငွေကြေးကောက်ခံခြင်းများ ရှိနေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မည်သည့်ပုဂ္ဂလိကလုပ်ငန်းကိုမျှ ကားပါကင်ရပ်နားကောက်ခံခွင့် မပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယခုလက်ရှိ အထပ်မြင့်ကားပါကင် တည်ဆောက်ထားသည့်နေရာများနှင့် အဆင့်မြင့်ရုပ်ရှင်ရုံတို့တွင် ကားပါကင် ကောက်ခံခွင့် တရားဝင်ခွင့်ပြုထားပြီး အခြားသောနေရာများကို ကောက်ခံမှုရပ်ဆိုင်းထားသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10