News

POST TYPE

ADVERTORIAL

ကော်ဖီထဲ အဆိပ်ခတ် လူသတ်မှုတွင် အင်ဒိုနီးရှား မိန်းကလေး ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံရဖွယ်ရှိ
07-Oct-2016 tagged as ကော်ဖီ

ဂျကာတာ၊ အောက်တိုဘာ ၆

ကော်ဖီတွင် ဆိုင်ယာနိုက် အဆိပ်ခတ်၍ သူငယ်ချင်းကို သတ်သည်ဟု စွပ်စွဲခံရသော မိန်းကလေးကို ထောင်ဒဏ် ၂၀ နှစ် ချမှတ်ရန် အင်ဒိုနီးရှား အမှုလိုက် အရာရှိများက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ဇန်နဝါရီလအတွင်းက ဂျကာတာ ကော်ဖီဆိုင်တွင် ကော်ဖီသောက်ပြီးနောက် လဲကျကာ သေဆုံးခဲ့သူ ကောလိပ်ကျောင်းနေဖက် ဆာလီဟင်းကို ကြိုတင်ကြံစည် လုပ်ကြံသတ်ဖြတ်ခဲ့သည် ဟူသော စွဲချက်ကို တရားခံ ဂျက်ဆီကာကူမာလာဝမ်ဆို (သြစတြေးလျတွင် အမြဲနေထိုင်ခွင့် ပီအာရ် ရရှိထားသူ) က ငြင်းဆန်ခဲ့သည်။

ဝမ်ဆိုအား ထောင်ဒဏ် ၂၀ နှစ် ချမှတ်ရန် တောင်းဆိုသူ အမှုလိုက်အရာရှိ မယ်လာနီဝူဝမ်က “အသက် ၂၇ နှစ်အရွယ် ဒီဇိုင်နာဘွဲ့ ရထားသူ တရားခံ ဝမ်ဆိုသည် အချစ်ဆုံး သူငယ်ချင်း ဆာလီဟင်းကို သတ်ရန် ကြိုတင်အကွက်ချ ကြံစည်ခဲ့သောကြောင့် ရက်စက်သောလုပ်ရပ် ဖြစ်ပြီး လုပ်ကြံခံရသူ ဆာလီဟင်းသည် ဆိုင်ယာနိုက်ကြောင့် မသေဆုံးမီ ပြင်းပျသော ဝေဒနာကို ခံစားသွားရသည်” ဟု ခုံရုံးတွင် စွဲချက်တင်ခဲ့သည်။

ဆိုင်ယာနိုက် ကော်ဖီအမှုသည် အင်ဒိုနီးရှားနိုင်ငံတွင် အထူးစိတ်ဝင်စားကြသော ဟိုးလေးတကျော်အမှု ဖြစ်သောကြောင့် ရုပ်သံလိုင်းအချို့က တရားရုံး စစ်ဆေးမှုကို ရုံးခန်းအတွင်းမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြသည်။

အမှုလိုက်အရာရှိများ ကိုးနာရီနီးပါး လျှောက်လဲခဲ့ကြသော မာရသွန် တရားစစ်ဆေးမှုကို နားထောင်ရန်အတွက် တရားရုံးသို့ သတင်းထောက်များနှင့် ပရိတ်သတ်များ ရာချီ၍ လာရောက်ခဲ့ကြသည်။

မူးယစ်ဆေးစွဲနေသော ချစ်သူကို အဆက်ဖြတ်ရန် ဆာလီဟင်းက တိုက်တွန်းခဲ့ပြီးနောက် ဝမ်ဆိုက သူမကို သတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အမှုလိုက်များက စွဲချက်တင်သည်။

တရားခံ ဝမ်ဆိုသည် ဆာလီဟင်းကို ဈေးဝယ်ကုန်တိုက်တစ်ခုရှိ ကော်ဖီဆိုင်သို့ ဖိတ်ခေါ်ကာ ဆိုင်ယာနိုက်ထည့်ထားသော ဗီယက်နမ် ကော်ဖီအေးကို တိုက်ခဲ့ခြင်း ဖြစ်သည်။ 

ဆာလီဟင်းသည် ကော်ဖီသောက်ပြီးနောက် လဲကျကာ တုန်ရီမောဟိုက်လာခဲ့ပြီး နောက် ဆေးရုံရောက်ပြီး မကြာမီပင် သေဆုံးသွားခဲ့သည်။

ဝမ်ဆိုသည် ကော်ဖီထဲသို့ ဆိုင်ယာနိုက် ထည့်နေစဉ် စီစီတီဗီကင်မရာတွင် မပေါ်စေရန် စားပွဲပေါ်တွင် အိတ်များကို တင်ထားခဲ့သည်ဟု ရဲများက ပြောကြားသည်။

ဝမ်ဆိုကမူ ထိုနေ့က စားပွဲပေါ်တွင်  အိတ်များ တင်ထားခြင်းကဲ့သို့သော ဖြစ်ရပ်အသေးစိတ်ကို မမှတ်မိတော့ကြောင်းနှင့် သူမ၏ သူငယ်ချင်းသည် ကော်ဖီသောက်ပြီးနောက် အရသာမကောင်းဟု ပြောဆိုအပြီးတွင် အရာရာသည် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်ဟု တရားရုံးသို့ ထွက်ဆိုခဲ့သည်။

ဝမ်ဆို၏ ရှေ့နေများက သူမအပေါ် စွဲဆိုထားသော အမှုသည် အားနည်းချက်များ ရှိကြောင်းနှင့် အပြစ်ရှိသည်ဟု သက်သေပြနိုင်သော ခိုင်လုံသည့် အထောက်အထားများ မရှိကြောင်း လျှောက်လဲခဲ့ကြသည်။

အမှုကို ဇွန်လတွင် စတင်စစ်ဆေးခဲ့ပြီးနောက် တရားခံဘက်မှ ခေါ်ယူသော မှုခင်းဆေးပညာရှင် သုံးဦးကလည်း ဆာလီဟင်း သေဆုံးမှုသည် ဆိုင်ယာနိုက်ကြောင့်ဟု သက်သေပြနိုင်သော အထောက်အထား မရှိဟု ထွက်ဆိုထားကြသည်။

ဝမ်ဆိုသည် မနှစ်ကအထိ ဆစ်ဒနီတွင် နေထိုင်ခဲ့ပြီး ဆာလီဟင်းနှင့်အတူ ဒီဇိုင်းကောလိပ်၌ တက်ရောက်သင်ကြားခဲ့သည်။

ယခုအမှုတွင် အပြစ်ရှိကြောင်း ထင်ရှားပါက ဝမ်ဆိုအား သေဒဏ်ချမှတ်ခြင်း မပြုဟု အာမခံချက် ရရှိပြီးနောက်  သြစတြေးလျ အာဏာပိုင်များက အမှုစစ်ဆေးမှုကို ကူညီရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။ အမှုအပေါ် စီရင်ချက်ချမှုကို နောက်တစ်ကြိမ် ရုံးချိန်းတွင် ပြုလုပ်မည် ဖြစ်သည်။