News

POST TYPE

ADVERTORIAL

လက်ဖက်ရည်ဆိုင် တစ်ဆိုင် ဖွင့်မယ်ဆိုရင်(စဉ်းစားစရာ ကိုယ်ပိုင်စီးပွားရေး အိုင်ဒီယာ)
05-Oct-2016



ကိုယ်ပိုင်လုပ်ငန်း တစ်ခုအနေနဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်လောက် ဖွင့်မယ်လို့ စဉ်းစားထားတယ်ဆိုပါစို့။

ဘယ်က စပြီးလုပ်ရမယ်၊ ဘာတွေ လိုအပ်တယ်၊ အဲ့ဒီလိုအပ်တဲ့ ပစ္စည်းတွေကို ဘယ်ကနေ ဝယ်ရမယ်ဆိုတဲ့ သိဖို့လိုအပ်တဲ့ အချက်တွေကတော့ အများကြီးပါ။ အဲ့ဒီလို သိဖို့လိုအပ်နေတဲ့ အချက်တွေထဲကမှ အခြေခံကျတဲ့ အချက် တချို့ကို စုစည်းဖော်ပြ လိုက်ပါတယ်။

ပထမဆုံး ဘာကို စဉ်းစားဖို့လိုသလဲ

ပထမဆုံး စပြီး စဉ်းစားရမှာတော့ နေရာပါ။

ကိုယ်က ဘယ်မှာ ဖွင့်မှာလဲဆိုတာကိုတော့ စပြီး စဉ်းစားရမှာပါ။

လက်ဖက်ရည်ဆိုင် တစ်ဆိုင် ဖွင့်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် စပြီးစဉ်းစားရမှာက ဘယ်မှာ ဖွင့်မှာလဲ ဆိုတာကိုပါ။

ကိုယ်အိမ်အနီးဝန်းကျင်မှာပဲ ဖွင့်မှာလား၊ တခြား နေရာ တစ်ခုခုမှာ ဖွင့်မှာလား။

ဘယ်နေရာမှာပဲ ဖွင့်ဖို့ စဉ်းစားပါစေ၊ အဓိက ကတော့ လူစည်ကားရာ နေရာမျိုးမှာပဲ ဖွင့်ဖို့ ရွေးချယ် သင့်ပါတယ်။

လူစည်ကားရာ နေရာမှာဆိုရင်တောင် ဘယ်လို ဆိုင်ခန်းမျိုးကို ရွေးချယ်ကြမလဲ။

ဒါကတော့ အများကြီး စဉ်းစားနေစရာတောင် မလိုပါဘူး။

ထောင့်ကျကျ နေရာမျိုးကို ရွေးချယ်တာက လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဖွင့်ဖို့အတွက် အသင့်တော်ဆုံး ဖြစ်မှာပါ။

ဆိုင်မှာ ဘာတွေ ရောင်းမလဲ

လက်ဖက်ရည်ဆိုင်ပါဆိုမှ လက်ဖက်ရည် ရောင်းမှာပေါ့လို့တော့ စဉ်းစားနိုင်ပါတယ်။

လက်ဖက်ရည်အပြင် တခြား တွဲဖက် စားသုံးနိုင်တဲ့ အစားအစာတွေကိုရော ကိုယ့်ဆိုင်မှာ ရောင်းချမှာလား ဆိုတာ ဆုံးဖြတ်ရမှာပါ။

အဆာပြေ စားစရာ မုန့်တွေကအစ ထမင်းဟင်းအထိ ရနိုင်တဲ့ တချို့ လက်ဖက်ရည်ဆိုင်တွေကို တွေ့ဖူးကြမှာပါ။

တချို့ လက်ဖက်ရည်ဆိုင်တွေ ကျပြန်တော့လည်း လက်ဖက်ရည်၊ ကော်ဖီ၊ ပေါင်မုန့်၊ ကိတ်မုန့် စတဲ့ မုန့်တွေမှတစ်ပါး တခြား စားစရာ မရှိတာမျိုးတွေလည်း ကြုံဖူးကြမှာပါ။

ဒီတော့ စဉ်းစားရမှာက ကိုယ့်ဆိုင်မှာ အစားအသောက်ကို ဘယ်လို အတိုင်းအတာထိ ရောင်းချမလဲ ဆိုတာမျိုးကိုပါ။

လက်ဖက်ရည်ဆိုင် တစ်ဆိုင် ဖွင့်ပြီဆိုရင် အနည်းဆုံးတော့ အီကြာကွေး၊ စမူဆာ၊ ပလာတာ အစရှိတဲ့ တွဲဖက် အစားအစာတွေကို တင်သင့်ပါတယ်။

ဒါတင်မက လက်ဖက်ရည် မသောက်ဘဲ အအေး သောက်ချင်ကြတဲ့ သူတွေလည်း ရှိနိုင်တာမို့ ကိုယ့်ဆိုင်မှာ အအေးစုံ တင်ထားသင့်ပါတယ်။ အအေးထားဖို့အတွက် လိုအပ်တဲ့ ရေခဲသေတ္တာ တစ်လုံးရဲ့ အသုံးစရိတ်က ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာတော့ မဟုတ်ပါဘူး။

ကဲ … ခု ကိုယ့်ဆိုင်မှာ ဘာတွေ တင်မလဲ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ ဆိုင်အပြင်အဆင်အတွက် ဘာတွေ လိုအပ်မလဲ ဆိုတာ စဉ်းစားရတော့မှာပါ။

ဆိုင်အပြင်အဆင်အတွက် ဘာတွေ လိုအပ်သလဲ

ဒီကိစ္စက အများကြီး စဉ်းစားဖို့တော့ မလိုပါဘူး။

လက်ဖက်ရည်ဆိုင် ဖြစ်တဲ့အလျောက် လက်ဖက်ရည် ဖျော်ဖို့နဲ့ ပတ်သက်တဲ့ အသုံးအဆောင်တွေ၊ ဆိုင်မှာ ချဖို့ ခုံတွေကတော့ မဖြစ်မနေ လိုအပ်ပါတယ်။

တကယ်လို့ ကိုယ့်ဆိုင်မှာ ပလာတာ၊ အီကြာကွေး၊ နံပြား အစရှိတဲ့ တွဲဖက် စားသောက်စရာတွေ ရောင်းချမယ် ဆိုရင်တော့ အဲ့ဒါတွေအတွက် လိုအပ်တာမျိုးတွေလည်း ရှိပါတယ်။

ဥပမာ- ပလာတာ၊ အီကြာကွေး ကြော်ဖို့အတွက် ဒယ်အိုး၊ မီးဖို၊ ပတ်ဝန်းကျင်မှာ ညှော်နံ့ မထွက်စေဖို့ မီးခိုးခေါင်းတိုင်၊ နံပြားဖို စတာတွေကို ဆိုင်မဖွင့်ခင်ကတည်းက ပြင်ဆင်ထားရမှာပါ။

ခုံတွေဆိုရင်လည်း သစ်သားခုံတွေ ထားမှာလား၊ ပလပ်စတစ်ခုံတွေ ထားမှာလား ဆိုတာမျိုးကတော့ မဖြစ်မနေ စဉ်းစားရမှာပါ။

ဒါ့အပြင် ကိုယ့်ဆိုင်မှာ လက်ဖက်ရည်၊ ကော်ဖီတင်မကဘဲ အအေးစုံပါ ရောင်းချမယ်ဆိုရင်တော့ ရေခဲသေတ္တာ က မဖြစ်မနေ လိုအပ်ပါသေးတယ်။

ဒါတွေက လိုအပ်တာတွေကို အကြမ်းဖျင်း ပြောပြထားတာပါ။ ဒီလိုအပ်နေတာတွေကို ဘယ်နေရာတွေမှာ သွားဝယ်ကြမလဲ။

ဆိုင်အတွက် လိုအပ်တာတွေ ဘယ်မှာ ဝယ်ကြမလဲ

ကဲ …  အခု ဆိုင်အတွက် လိုအပ်တာတွေကို စာရင်းချပြီးပြီဆိုရင်တော့ လိုအပ်တာတွေကို လိုက်ဝယ်ရတော့မှာပါ။

လက်ဖက်ရည်ဆိုင်အတွက် လိုအပ်တဲ့ ပန်းကန်ခွက်ယောက်တွေ၊ ရေနွေးအိုး စတဲ့ ပစ္စည်းတွေကိုတော့ သံဈေးမှာ ဝယ်လို့ ရပါတယ်။

အကြော် ကြော်ဖို့အတွက် မီးဖို၊ ဒယ်အိုး၊ မီးခိုးခေါင်းတိုင်၊ နံပြားဖို စတာတွေကိုလည်း သံဈေးမှာပဲ ဝယ်ယူလို့ ရပါတယ်။

ကိုယ့်ဆိုင်မှာ ပလပ်စတစ်ခုံတွေ အသုံးပြုမယ်ဆိုရင်တော့ သိပ်မခက်ခဲပေမယ့် သစ်သားခုံတွေ သုံးမယ်ဆိုရင် ကြိုတင်မှာယူရမှာပါ။

ဒါ့အပြင် ကိုယ့်ဆိုင်မှာ အသုံးပြုမယ့် လက်ဖက်ခြောက်တွေ၊ အချိုခြောက်မှုန့်တွေ၊ လက်ဖက်ရည် ဖျော်ရာမှာ လိုအပ်တဲ့ နို့ဆီ၊ နို့စိမ်း စတာတွေကိုရော ဘယ်လို ဝယ်ကြမလဲ။

ကိုယ်အသုံးပြုမယ့် အမှတ်တံဆိပ်ပေါ် မူတည်ပါတယ်။ အမှတ်တံဆိပ် အတော်များများကတော့ ဖုန်းဆက် မှာယူလိုက်တာနဲ့ အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင် ပေးပါတယ်။

ကိုယ့်ဆိုင်မှာ လက်ဖက်ရည်အပြင် အအေးပါရောင်းမယ်ဆိုရင်ရော

အအေးရောင်းမယ် ဆိုရင်တော့ အရင်ဆုံး လိုအပ်တာက ရေခဲသေတ္တာပါ။ ကုမ္ပဏီတချို့ကတော့ သူတို့ အမှတ်တံဆိပ်ကို ရောင်းချဖို့အတွက် ရေခဲသေတ္တာ ပံ့ပိုးပေးတာမျိုးတွေလည်း ရှိပါတယ်။ အဲ့ဒီလို ကုမ္ပဏီတွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။

တခြား လိုအပ်တဲ့ အတိုအထွာလေးတွေကတော့ ပတ်ဝန်းကျင်က ဈေးတို့ ဆိုင်တို့မှာ ဝယ်ယူနိုင်ပါတယ်။

ဒါဆိုရင် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ဖွင့်ဖို့အတွက် ဘယ်လောက် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်မလဲ

ဘယ်လောက်ရင်းနှီးရမလဲ

ဘယ်လောက် ရင်းနှီးထားမလဲဆိုတာ ကိုယ့်အပေါ်မှာ မူတည်ပါတယ်။

ကိုယ့်ဆိုင်ကို ဘယ်လို အနေအထားမျိုး ဖွင့်မလဲဆိုတာပေါ် မူတည်ပြီးတော့ ရင်းနှီးထားရမှာပါ။
ပလာတာ၊ အီကြာကွေး၊ နံပြား စတဲ့ အစားအစာ အချို့ တွဲဖက် ရောင်းချမယ်ဆိုရင်တော့ ဆိုင်ခန်းငှားခ မပါဝင်ဘဲ ကျပ်သိန်း ၉၀ လောက် ရင်းနှီးမြှုပ်နှံ ထားရမှာပါ။

အဲ့ဒီလို အစားအစာတွေ တွဲဖက် မရောင်းချဘူးဆိုရင်တော့ ရင်းနှီး မြှုပ်နှံရမယ့် ကုန်ကျငွေက လျော့နည်းနိုင်ပါတယ်။

ဒါ့အပြင် အသုံးပြုမယ့် ပစ္စည်းတွေ၊ ခုံတွေ၊ ဆိုင် အနေအထား၊ ပြင်ဆင်မှုတွေပေါ်မူတည်ပြီးတော့လည်း အသုံးစရိတ်ကို လျှော့ချနိုင်ပါတယ်။

လုပ်သား ဘယ်လောက် လိုအပ်မလဲ

ဆိုင်ဖွင့်မယ့် နေရာလည်း ရပြီ။ ဆိုင်ကိုလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးပြီဆိုရင်တော့ ဆိုင်မှာ လိုအပ်တဲ့ အလုပ်သမားတွေကို ခန့်ထားနိုင်ဖို့ ရှာဖွေရမှာပါ။

ဒါဆိုရင် ကိုယ့်ဆိုင်မှာ အလုပ်သမား ဘယ်လောက် လိုသလဲ။

ဒါကလည်း ဆိုင်အနေအထားနဲ့ ဆိုင်မှာ တင်ရောင်းချမယ့် အမျိုးအစားတွေအပေါ်မှာ မူတည်ပါတယ်။

လက်ဖက်ရည်ဆိုင် ဆိုတဲ့အလျောက်တော့ လက်ဖက်ရည် ဖျော်နိုင်တဲ့ အဖျော်ဆရာကတော့ မဖြစ်မနေ လိုအပ်မှာပါ။

ပလာတာ၊ စမူဆာ၊ အီကြာကွေး စတဲ့ အစားအသောက်တွေ ရောင်းချမယ် ဆိုရင်တော့ အဲ့ဒါတွေအတွက် အကြော်ဆရာ တစ်ယောက်၊ နံပြားဆရာ တစ်ယောက် လိုအပ်ပါတယ်။

သိပ်မကြီးတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်အတွက် စားပွဲထိုး အနည်းဆုံး သုံးယောက်လောက်တော့ လိုအပ်ပါတယ်။

တကယ်လို့ ကိုယ်က ဆိုင်မှာ မုန့်ဟင်းခါး၊ အသုတ်စုံပါ တင်ချင်တယ် ဆိုရင်တော့ ချက်ပြုတ်ဖို့အတွက် အမျိုးသမီး အလုပ်သမားတွေလည်း လိုအပ်ဦးမှာပါ။

ကဲ … ဒါဆိုရင်တော့ ကိုယ့်ရဲ့ လက်ဖက်ရည်ဆိုင်လေးက ရုပ်လုံးပေါ်လာပါပြီ။ ခုမှ ဖွင့်လိုက်တဲ့ ကိုယ့်ရဲ့ ဆိုင်လေးကို လူတွေ ဝင်ဖို့အတွက် ဘယ်လို ဆွဲဆောင်ကြမလဲ။

ဝယ်သူတွေကို ဘယ်လို ဆွဲဆောင်မလဲ

ကိုယ့်ဆိုင်ကို လူဝင်များအောင် ဘယ်လို ဆွဲဆောင်ကြမလဲ ဆိုတာကလည်း ဆိုင်ဖွင့်ကြမယ့် သူတွေအတွက် စိန်ခေါ်မှု တစ်ခုပါ။

ကိုယ့်ဆိုင် အနေအထား၊ ဆိုင်ဖွင့်တဲ့ ပတ်ဝန်းကျင် အနေအထားပေါ် မူတည်ပြီး ဆွဲဆောင်တဲ့ပုံစံ အပြောင်းအလဲ ရှိနိုင်ပါတယ်။

ဆိုင်မှာ လက်ဖက်ရည်ကို ပတ်ဝန်းကျင်က ဆိုင်တွေထက် လက်ရာကောင်းအောင် ဖျော်တာမျိုး၊ အစားအစာတွေကို လက်ရာကောင်းအောင် စီစဉ်တာမျိုးတွေသာမက ဆက်ဆံရေး ကောင်းမွန်တာတွေကလည်း ကိုယ့်ဆိုင်ကို လူဝင်များအောင် ဆွဲဆောင်နိုင်တဲ့ နည်းလမ်းတွေပါပဲ။

ဆိုင်မှာ တီဗီထားတာကလည်း ကိုယ့်ဆိုင်ကို လူဝင်များအောင် ဆွဲဆောင်တဲ့ နည်းလမ်း တစ်ခုပါ။ တီဗီကိုလည်း လိုင်းပေါင်းစုံ ပြသနိုင်အောင် စီစဉ်ထားမယ်ဆိုရင် ပိုပြီး အဆင်ပြေပါတယ်။ တကယ်လို့ လိုင်းအကုန် မပြသနိုင်ဘူး ဆိုရင်တောင် ဘောလုံးပွဲတွေ၊ ရုပ်ရှင်ကားကောင်းတွေ၊ အားကစားလိုင်းတွေတော့ ပြသနိုင်အောင် စီစဉ် ထားသင့်ပါတယ်။

ဒါ့အပြင် ညသန်းခေါင်ပြတဲ့ ဘောလုံးပွဲတွေ ပြပေးတာကလည်း ပတ်ဝန်းကျင်က လူတွေကို ဆွဲဆောင်တဲ့ နည်းလမ်း တစ်ခုလို့ ယူဆနိုင်ပါတယ်။

(အထက်ပါ ဆောင်းပါးအတွက် လိုအပ်တဲ့ အချက်အလက်များကို သင်္ဃန်းကျွန်းမြို့နယ်ရှိ စန်းလင်းအောင် လက်ဖက်ရည်ဆိုင်မှ ကူညီဖြေကြား ထားပေးပါတယ်။)

  • VIA