News

POST TYPE

ADVERTORIAL

ဗီဒီယိုခွေ အငှားဆိုင် တစ်ဆိုင် ဖွင့်မယ်ဆိုရင် ... (စဉ်းစားစရာ ကိုယ်ပိုင်စီးပွားရေး အိုင်ဒီယာ)
28-Sep-2016

ကိုယ်ပိုင်လုပ်ငန်း တစ်ခု အနေနဲ့ ဗီဒီယိုခွေငှားဆိုင် တစ်ဆိုင်လောက် ဖွင့်ဖို့ စဉ်းစားနေကြပါသလား။ ဖွင့်မယ်ဆိုရင် ဘယ်က စလုပ်မလဲ၊ ဆိုင်မှာ ဘယ်လိုပစ္စည်းတွေ တင်မှာလဲ၊ ဘယ်ကနေ ဝယ်ရမှာလဲ၊ အရင်းအနှီး ဘယ်လောက်ဆို ရနိုင်ပြီလဲစတဲ့ သိဖို့ လိုအပ်နေတဲ့ အကြောင်းအရာတွေက အများကြီးပါ။

အဲ့ဒီလို သိဖို့ လိုအပ်နေတာတွေထဲကမှ ဗီဒီယိုခွေငှားဆိုင် ဖွင့်ဖို့အတွက် လိုအပ်တဲ့ အခြေခံအချက် အချို့ကို စုစည်းဖော်ပြ လိုက်ပါတယ်။

ဒဏ်ခံနိုင်မှ လုပ်ပါ

တကယ်တော့ အခွေငှားဆိုင် ဖွင့်တယ်ဆိုတာ ဖျော်ဖြေရေး လုပ်ငန်း တစ်ခုပါ။

ခုခေတ်ကြီးမှာ ဖုန်း၊ အင်တာနက်၊ အစရှိတဲ့ ဖျော်ဖြေရေး ပစ္စည်းတွေ များလာတဲ့အတွက် ကိုယ့်ရဲ့ အခွေအငှားဆိုင် ရေရှည် ရပ်တည်နိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ကူလှပါဘူး။

ဒါကြောင့် ကိုယ်က ဗီဒီယိုခွေ အငှားဆိုင် ဖွင့်မယ်ဆိုရင် ဒဏ်ခံနိုင်မှ လုပ်ပါလို့ လက်ရှိ ဗီဒီယို အငှားဆိုင် ဖွင့်ထားတဲ့သူက အကြံပေးထားပါတယ်။

ဗီဒီယို အငှားဆိုင် ဖွင့်ဖို့ နေရာ အများကြီး လိုသလား

ဗီဒီယို အခွေငှားဆိုင် တစ်ဆိုင်ဖွင့်ဖို့အတွက် နေရာ အများကြီးတော့ မလိုအပ်ပါဘူး။

တိုက်ခန်းတွေရဲ့ လှေကားခွင်လို နေရာလောက်ဆိုရင်တောင် လုံလောက်နေပြီ။

ဆိုင်ခန်းငှားပြီး ဖွင့်မယ်ဆိုရင် ဆိုင်ခန်းခက ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဒါဆိုရင် ဘယ်လိုနေရာတွေမှာ ဖွင့်လို့ ရနိုင်သေးလဲဆိုတာ တွေးကြည့်ကြရအောင်။

အဝေးကြီး စဉ်းစားနေကြဖို့ မလိုပါဘူး။ ဗီဒီယို အခွေငှားဆိုင် ဖွင့်ဖို့အတွက် နေရာလည်း အကျယ်ကြီး မလို၊ လုပ်အားလည်း အရမ်း စိုက်ထုတ်ဖို့ မလိုတာကြောင့် ကိုယ့်အိမ်မှာပဲ ဆိုင်ဖွင့်လို့ ရပါတယ်။

ကိုယ်အိမ်မှာပဲ ဖွင့်မယ်ဆိုရင် ဆိုင်ခန်းငှားခ သက်သာမယ်၊ အိမ်အလုပ်တွေကိုလည်း မလစ်ဟင်းဘဲ ဆက်လုပ်နိုင်ဦးမှာမို့ အတိုင်းထက် အလွန်ပါ။

ကိုယ့်ဆီမှာ နေရာ အဆင့်သင့် မရှိဘူးဆိုရင် နေရာအတွက် ကျပ်နှစ်သိန်းထက် ပိုပြီး မကျခံသင့်ပါဘူး။

ဘယ်လိုစလုပ်ရမလဲ

တကယ်လို့ ကိုယ်က အခွေ အငှားဆိုင် တစ်ဆိုင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုပါစို့။

ဗီဒီယိုခွေ အငှားဆိုင်ဖွင့်တယ်ဆိုတာ တခြားလုပ်ငန်းတွေလို လုပ်ချင်စိတ်ပေါက်လို့ ခုချက်ချင်း ထလုပ်လို့ ရတာမျိုး မဟုတ်ပါဘူး။
လိုင်စင်ရှိမှ လုပ်လို့ရမယ့် လုပ်ငန်းတစ်ခုပါ။

ဒါဆိုရင် လိုအပ်တဲ့ လိုင်စင်ကို ဘယ်လို လျှောက်ရမှာလဲ

ကိုယ်ဖွင့်မယ့် မြို့နယ်မှာရှိတဲ့ ဗီဒီယိုအခြေခံ အဖွဲ့ရုံးကို သွားပြီး လျှောက်လွှာ ယူရမှာပါ။ ပြီးရင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းတို့မှာ ထောက်ခံစာ သွားယူ၊ ပြီးရင်တော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ လျှောက်လွှာ သွားတင်ရမှာပါ။
လိုင်စင် ပြန်ကျဖို့အတွက် တစ်လဝန်းကျင်လောက် ကြာနိုင်ပါတယ်။

လိုင်စင်ရပြီ ဆိုရင်တော့ အဲ့ဒီ အနီးအနား ရက်သတ္တပတ်အတွင်း ထွက်ရှိထားတဲ့ ဗီဒီယိုကား ခြောက်ဆယ်ခန့်ကို လိုင်စင်နဲ့ တစ်ပါတည်း ရုပ်ရှင် အစည်းအရုံးက ပေးလိုက်ပါတယ်။

ဒီလို မဟုတ်ဘဲနဲ့ နောက်ထပ် နည်းလမ်း တစ်ခု ရှိပါသေးတယ်။

နောက်ထပ် နည်းလမ်းက ဘာလဲ

အကြောင်း အမျိုးမျိုးကြောင့် ဆိုင်ပိတ်ကြတော့မယ့် သူတွေဆီကလည်း တစ်ဆင့် ပြန်ဝယ်လို့ ရပါတယ်။ လုပ်ငန်းလိုင်စင်ကို ဆိုင်ပိတ်တော့မယ့် သူတွေဆီကနေ ပြန်ဝယ်တာမျိုးပါ။ လုပ်ငန်း လိုင်စင်ရော၊ ဆိုင်နေရာရော၊ အခွေတွေရော တစ်ပါတည်း ဝယ်တာမျိုးလည်း ရှိပေမယ့် တစ်ခါတလေတော့ လုပ်ငန်းလိုင်စင်နဲ့ အခွေတွေပဲ ဝယ်ပြီး ကိုယ့်နေရာမှာကိုယ် ပြန်ဖွင့်တာမျိုးလည်း ရှိပါတယ်။

လုပ်ငန်းလိုင်စင်ကို သက်တမ်း ပြန်တိုးတဲ့ အချိန်မှာတော့ ကိုယ်ဖွင့်ထားတဲ့ နာမည်နဲ့ နေရပ်လိပ်စာကို ပြန်ပြင်ပြီး သက်တမ်း တိုးလို့ရတယ်လို့ လက်ရှိ အခွေငှားဆိုင် ဖွင့်ထားသူက ဆိုပါတယ်။

အခွေငှားဆိုင် ဖွင့်ဖို့အတွက် အရင်းအနှီး ဘယ်လောက် ကုန်မှာလဲ 

စပြီးရင်းနှီးရမယ့် ရင်းနှီးငွေက ကျပ် တစ်သိန်းကနေ တစ်သိန်းခွဲဝန်းကျင်ပါ။ ဒီကျသင့်ငွေက လုပ်ငန်းလိုင်စင် တင်ဖို့အတွက် အသုံးပြုရတဲ့ ခန့်မှန်း ကုန်ကျစရိတ်ပဲ ဖြစ်ပါတယ်။ လိုင်စင် ပြန်ရလာတဲ့အချိန်မှာ ရုပ်ရှင် အစည်းအရုံးက ပေးလိုက်တဲ့ ဗီဒီယိုကား ခြောက်ဆယ်အတွက်တော့ ငွေကြေး တစ်စုံတစ်ရာ ထပ်ပေးစရာ မလိုအပ်ပါဘူး။

ဒီကုန်ကျစရိတ်က ဆိုင်စဖွင့်ဖို့အတွက် ကုန်ကျစရိတ်ပဲ ဖြစ်ပြီး ဆိုင်ဖွင့်ပြီး နောက်ပိုင်းမှာတော့ ထွက်ရှိလာတဲ့ ဗီဒီယိုကားသစ်တွေ ဝယ်ဖို့အတွက် ထပ်ပြီး ရင်းနှီးရမှာ ဖြစ်ပါတယ်။

ပါဝင်တဲ့ သရုပ်ဆောင်တွေအပေါ် မူတည်ပြီး တစ်ခွေကို ၁၈၀၀ ကျပ်ကနေ ၃၆၀၀ ကျပ် ကျသင့်မှာပါ။ ကိုယ့်ဆိုင်ကို ပြင်ဆင်ရမယ့် အပြင်အဆင် စရိတ်နဲ့ အခြား အထွေထွေ ကုန်ကျစရိတ်တွေကတော့ ကိုယ်သုံးသလောက်သာ ကုန်ကျမှာပါ။

အခွေတွေကို ဘယ်မှာ ဝယ်လို့ရလဲ

၃၅ လမ်းနဲ့ ၃၆ လမ်းက ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေမှာ ဝယ်လို့ ရပါတယ်။

ဗီဒီယိုကားတွေက တနင်္ဂနွေနေ့က လွဲပြီး ကျန်တဲ့နေ့တိုင်း ထွက်နေတာကြောင့် ဗီဒီယိုကား အသစ်တွေ ဆိုင်မှာ မပြတ်တင်ချင်တယ် ဆိုရင်တော့ နေ့တိုင်းမြို့ထဲ လာဝယ်ရမှာပါ။ နီးတဲ့သူတွေ၊ သွားရလာရ အဆင်ပြေတဲ့သူတွေ၊ လူခွဲရှိတဲ့သူတွေ အတွက်ကတော့ အဆင်ပြေပေမယ့် နေ့တိုင်း လာဝယ်ဖို့ အဆင်မပြေကြတဲ့ သူတွေလည်း ရှိကြပါတယ်။

ဒီလိုဆိုရင်ဖြင့် ဘယ်လို လုပ်ကြမလဲ

ကိုယ်စား ဝယ်ပေးတဲ့ သူတွေ ရှိပါတယ်လို့ လက်ရှိ ဆိုင်ဖွင့်နေတဲ့သူက ဆိုပါတယ်။ အချို့သော ခွေအငှားဆိုင်က လူတွေဟာ ကိုယ့်အတွက် ဝယ်ရင်းနဲ့ တခြားဆိုင်တွေအတွက်လည်း ဝယ်လာပေးတာမျိုးတွေ ရှိတတ်ပါတယ်။ ဝန်ဆောင်ခကတော့ အနည်းအကျဉ်း ပေးရမှာပါ။

ရန်ကုန်မဟုတ်တဲ့ တခြားမြို့တွေမှာ ဖွင့်မယ်ဆိုရင်တော့ သက်ဆိုင်ရာ မြို့ရဲ့ ကိုယ်စားလှယ်ဆီကနေ သွားရောက် ဝယ်ယူရမှာ 

ဆိုင်ကို ဘယ်လို ပြင်ဆင်ကြမလဲ

ကိုယ်ဖွင့်မယ့် နေရာပေါ် မူတည်ပြီးတော့ ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်နိုင်ပါတယ်။

နေရာကျဉ်းတယ် ဆိုရင်တော့ နံရံကပ် ဗီရိုတွေ လုပ်တာမျိုး၊ အံဆွဲတွေထဲမှာ ထည့်ထားတာမျိုး လုပ်လို့ ရပါတယ်။

ဇာတ်ကား ပိုစတာတွေကို ကပ်ဖို့နေရာလည်း စဉ်းစားရဦးမှာပါ။

သိပ်တော့ မခက်ခဲလှပါဘူး။ သုံးထပ်သားပြား တစ်ပြားပေါ်မှာ ကပ်တာမျိုး၊ နံရံတွေမှာ ကပ်တာမျိုးတွေလည်း လုပ်လို့ ရပါတယ်။
တကယ်လို့ ကိုယ်က နံရံကပ် ဗီရိုလုပ်ထားလို့ ကပ်စရာ နေရာ မရှိဘူးလို့ တွေးမိနေပါသလား။

အဲ့ဒီနံရံကပ် ဗီရိုရဲ့ တံခါးမှာ ကပ်လို့ ရပါတယ်။

ပြောရရင်ဖြင့် ဆိုင်အပြင်အဆင်က ကိုယ့်ဆိုင် အနေအထား၊ နေရာပေါ် မူတည်ပြီး ကိုယ့်အတွေးနဲ့ ပြင်ဆင်တာမျိုးက ပိုပြီး အဆင်ပြေစေနိုင်ပါတယ်။

အခွေတွေကို ဘယ်လို နည်းလမ်းနဲ့ ငှားကြမလဲ

ဒီမေးခွန်းကလည်း ခွေဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတာနဲ့ တစ်ပြိုင်နက်တည်းမှာ ထည့်ပြီး စဉ်းစားရမယ့် ကိစ္စတစ်ခုပါ။

ငှားမယ့်လူတွေက ဇာတ်လမ်း နာမည်ကိုပြောမှ ကိုယ်က လိုက်ရှာရမယ်ဆိုရင် အဆင်ပြေပါ့မလား။

စဖွင့်ဖွင့်ချင်းမှာ ဇာတ်လမ်း သိပ်မများသေးလို့ အဆင်ပြေနိုင်မယ် ဆိုရင်တောင် ဆိုင်အထိုင်ကျပြီး ကိုယ့်ဆိုင်မှာ အခွေတွေ များလာချိန်မှာရော အဆင်ပြေနိုင်မလား။ ဒီကိစ္စကို လက်ရှိ ဖွင့်ထားတဲ့သူတွေက ဘယ်လို ဖြေရှင်းကြပါသလဲ။

နံပါတ်တွေနဲ့ မှတ်ထားတာမျိုး လုပ်တယ်လို့ Star Dream အခွေငှားဆိုင်က ဆိုပါတယ်။ ဇာတ်လမ်း ပိုစတာ အသေးတွေ စုထားတဲ့ ဖိုင်တွေ၊ ကတ်တလောက်တွေကတော့ ဆိုင် တော်တော်များများ ထားပေးထားကြတယ်။

အချို့ဆိုင်တွေက အဲ့ဒီဖိုင်ထဲမှာ မှတ်ထားတဲ့ နံပါတ်နဲ့ ခွေပေါ်မှာထားတဲ့ နံပါတ်ကို တိုက်ရှာပြီး ငှားသွားခဲ့ရင် စာအုပ်နဲ့ မှတ်တဲ့နည်းလမ်း သုံးတာမျိုးတွေလည်း ရှိပါတယ်။

အချို့ဆိုင်တွေ ကျတော့လည်း စာအုပ်ထဲမှာ မှတ်တာမျိုး မဟုတ်ဘဲ စာကြည့်တိုက်တွေမှာ စာအုပ်ငှားရတဲ့ ပုံစံမျိုးဖြစ်တဲ့ ငှားပေးပါတယ်။

ဒီလို နည်းလမ်းမျိုးတွေနဲ့ မဟုတ်ဘဲ ကိုယ်အတွက် အဆင်ပြေမယ့် အခြား နည်းလမ်းတွေလည်း အသုံးပြုနိုင်ပါတယ်။

ဈေးနှုန်း ဘယ်လို သတ်မှတ်ကြမလဲ

နှစ်ချပ်တွဲ ဇာတ်လမ်းအသစ်တွေ ဆိုရင်တော့ အနည်းဆုံး ၂၀၀ ကျပ်ကနေ ၃၀၀ ကျပ် ယူကြတာမျိုး ရှိပါတယ်။ ရုပ်ရှင်ကားကြီးကို ဗီဒီယိုအနေနဲ့ ပြန်ထုတ်ထားတဲ့ လေးချပ်တွဲ ဆိုရင်တော့ ကျပ် ၄၀၀ လောက်ကနေ စယူကြပါတယ်။

ကြုံတွေ့နိုင်ရတာတွေ

လုပ်ငန်း တစ်ခု  လုပ်ပြီဆိုရင်တော့ ကိစ္စရပ်၊ ဖြစ်ရပ်တွေ အများကြီး ကြုံတွေ့ကြရမှာပါ။ ဒီလိုပါပဲ ဗီဒီယိုခွေ အငှားဆိုင်ဖွင့်မယ့် သူတွေအတွက်လည်း ဖြေရှင်းဖို့ လိုအပ်လာတဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။

အဲ့ဒီလို ဖြစ်ရပ်တွေထဲမှာမှ ဇာတ်လမ်း တစ်ခုကို ပထမ ငှားထားတဲ့သူက ပြန်လာမအပ်သေးပေမယ့် နောက်ထပ် တစ်ယောက်က ထပ်ငှားလာတာမျိုး၊ တစ်ရက်တည်းမှာပဲ နှစ်ယောက် သုံးယောက် ငှားတာမျိုးလည်း ကြုံရတတ်ပါတယ်။

ဒါဆိုရင်ရော ဘယ်လိုဖြေရှင်းကြမလဲ

စဝယ်ကတည်းက ပိုပြီး ငှားရနိုင်တဲ့ ဇာတ်လမ်းမျိုးဆိုရင် နှစ်ခွေ၊ သုံးခွေ ဝယ်လာခဲ့တာမျိုး လုပ်နိုင်ပါတယ်။

နောက်ထပ် ကြုံတွေ့ရနိုင်တာကတော့ ခွေထားစရာ နေရာ အခက်အခဲ ဖြစ်လာတာမျိုးပါ။

ကိုယ့်ဆိုင်ဖွင့်တဲ့ သက်တမ်းက ကြာသွားတဲ့အခါမှာ ဆိုင်မှာ အခွေတွေ ပုံလာတာမျိုး ဖြစ်တတ်ပါတယ်။

အရင်ကတော့ ဒီလို အခြေအနေမျိုးအတွက် ပြန်ရောင်းလို့ရတဲ့ ဈေးကွက် ရှိပေမယ့် ခုချိန်မှာတော့ ဖမ်းဆီး အရေးယူနေလို့ မရှိတော့ပါဘူး။

ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ

ရပ်ကွက်တွေမှာ တစ်လမ်းဝင် တစ်လမ်းထွက် စီဒီပျက်တွေ လိုက်ဝယ်နေတဲ့သူတွေကို ရောင်းလို့ ရပါတယ်။ တစ်ချပ် ၁၅ ကျပ်လောက်သာ ရနိုင်ပေမယ့် ကိုယ့်ဆိုင်မှာ ပိုလျှံနေမယ့် အခွေတွေကို ရှင်းထုတ်လိုက်ပြီး နေရာ ထွက်လာစေနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ရက်ကျော်ပြီးမှ လာအပ်တာတို့၊ နောက်ကျမှ လာအပ်တာတို့လည်း ကြုံတွေ့ရနိုင်ပါတယ်။

အဲ့ဒီလို အခါမျိုးဆိုရင်တော့ ရက်လွန်ကြေး လျှော့ယူလိုက်တာမျိုး၊ ဈေးလျှော့ ပေးလိုက်တာမျိုးလည်း လုပ်လေ့ ရှိကြပါတယ်။
ရက်လွန်တယ် ဆိုရာမှာလည်း လာပြန်အပ်ဖို့ တကယ် အခက်အခဲ ဖြစ်သွားလို့ ရက်လွန်သွားတာမျိုးသာ မဟုတ်ဘဲ အနီး ပတ်ဝန်းကျင်က လူတွေကို တစ်ဆင့်ပြီးတစ်ဆင့် ငှားနေလို့ ရက်လွန်တဲ့သူတွေလည်း ရှိပါတယ်။

ကိုယ့်ဆိုင်လေး အဓွန့် ရှည်စေဖို့

ဗီဒီယို ငှားတာ တစ်ခုတည်းနဲ့ ရပ်တည်လို့ ရပါ့မလားဆိုတာလည်း စဉ်းစားစရာတွေလည်း ရှိပါတယ်။ ဒီလို စိတ်ပူနေတာမျိုး ဆိုရင်တော့ တခြားပစ္စည်းတွေ တွဲပြီး ရောင်းချတာမျိုးနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။ နေရာနဲ့ ရင်းနှီးနိုင်တဲ့ ငွေကြေးပေါ် မူတည်ပြီး သွားရည်စာမုန့်၊ အအေးတို့ကအစ မီးဖိုချောင်သုံး ပစ္စည်းတွေ၊ အိမ်သုံး ပစ္စည်းတွေအထိ ရောင်းချနိုင်ပါတယ်။
စာအုပ် အငှားဆိုင်နဲ့ တွဲဖွင့်လို့လည်း ရပါတယ်။ တကယ်လို့ စာအုပ်အငှားဆိုင်နဲ့ တွဲဖွင့်ဖို့ လိုအပ်တာတွေကို သိချင်တယ်ဆိုရင် #စာအုပ်အငှားဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင် မှာ သွားရောက် ဖတ်ရှုနိုင်ပါသေးတယ်။

(အထက်ပါ အချက်အလက်များကို အမှတ် ၇၄၊ ၂၇ လမ်း (အောက်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်ရှိ Star Dream အခွေငှားဆိုင်က ကူညီဖြေကြား ထားပါတယ်။)


  • VIA