News

POST TYPE

ADVERTORIAL

USAID အကြီးအကဲ မြန်မာနိုင်ငံသို့ ယနေ့ ရောက်မည်
16-May-2018

ရန်ကုန်၊ မေ ၁၆

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အကြီးအကဲဖြစ်သူ Mr. Mark Green သည် မြန်မာနိုင်ငံသို့ ယနေ့ (မေလ ၁၇ ရက်)တွင် လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

USAID သည် အမေရိကန် အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

အဆိုပါ USAID အကြီးအကဲသည် မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာဒေသသို့ မေလ ၁၅ ရက်က သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊မြန်မာနိုင်ငံများသို့ လာရောက်ပြီးနောက် ထိုင်းနိုင်ငံသို့ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း USAID က ထုတ်ပြန်ထားသည်။

၎င်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ပြည်တွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားပြုပုဂ္ဂိုလ်များ၊ ကျောင်းသားနှင့် လူငယ်ခေါင်းဆောင်များ အပါအဝင် မြန်မာအစိုးရတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်ကာ ရခိုင်ပြည်နယ် ပဋိပက္ခအတွက် လိုအပ်သည့်ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း USAID ထံမှသိရသည်။

USAID အကြီးအကဲအနေနှင့် မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့နှင့် တွေ့ဆုံသွားရန် အစီအစဉ် ရှိသော်လည်း နိုင်ငံတော် အတိုင်ပင်ခံနှင့် တွေ့ဆုံမည့် အစီအစဉ် ရှိ၊ မရှိကို မသိရှိရသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှသိရသည်။

USAID အကြီးအကဲ၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင်လည်း နေရပ်ရွှေ့ပြောင်းသူများ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်သည်မေလ ၁၇ ရက်မှ၂၁ ရက်ထိ ကြာမြင့်မည်ဖြစ်ပြီး ယင်းနောက်တွင် ထိုင်းနိုင်ငံသို့ ဆက်လက် သွားရောက်မည်ဖြစ်သည်။

USAID သည် အမေရိကန် ဖက်ဒရယ်အစိုးရ၏ ပြည်ပထောက်ပံ့ရေး လုပ်ငန်းများကို ဆောင်ရွက်သည့် လွတ်လပ်သော အေဂျင်စီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူငယ်ဖွံ့ဖြိုးရေး၊ နည်းပညာ ဖွံ့ဖြိုးရေးများအပြင် ၂၀၁၅ ရွေးကောက်ပွဲကျင်းပသည့်ကာလက အမေရိကန် ဒေါ်လာသန်း ၂၀ ထောက်ပံ့ပေးခဲ့သည်။

အေဂျင်စီ၏ လက်ရှိ အကြီးအကဲဖြစ်သူ Mr. Mark Green သည် နိုင်ငံရေးသမား၊ သံတမန်ဟောင်းတစ်ဦးဖြစ်ပြီး သမ္မတဒေါ်နယ်ထရမ့် အစိုးရလက်ထက်၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID ၏ အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

J-08