News

POST TYPE

ADVERTORIAL

Galaxy Note 7 ဖုန်းများ ပြန်သိမ်းခဲ့ရခြင်းကြောင့် ဆမ်ဆောင်းကုမ္ပဏီ ဒေါ်လာ ၂၅ ဘီလျံခန့်အထိ ဆုံးရှုံး
22-Sep-2016 tagged as Samsung

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်နဲ့ နည်းပညာ ကုမ္ပဏီလည်းဖြစ်၊ ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူလည်းဖြစ်တဲ့ ဆမ်ဆောင်းကုမ္ပဏီဟာ သူတို့ရဲ့ မျိုးဆက်သစ်ဖုန်း ဖြစ်တဲ့ Galaxy Note 7 ဖုန်းတွေမှာ အပူလွန်ကဲမှုနဲ့ မီးလောင်ကျွမ်းမှု ပြဿနာတွေ ရှိနေကြောင်း သတင်းပေးပို့ချက်တွေ ရရှိပြီးတဲ့နောက် အဆိုပါ ဖုန်းတွေကို ပြန်လည်သိမ်းယူပေးခဲ့ရပါတယ်။

အဲဒီလို ကမ္ဘာတစ်ဝန်းမှာ ရောင်းချထားပြီးသား Galaxy Note 7 ဖုန်းတွေကို ပြန်လည်သိမ်းယူခဲ့ရတဲ့ အတွက် ဆမ်ဆောင်းကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းဟာ ၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ဈေးကွက်တန်ဖိုးအရ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံခန့်အထိ နစ်နာဆုံးရှုံးခဲ့ရပါတယ်။

Galaxy Note 7 ဖုန်းတွေမှာ အပူလွန်ကဲမှုတွေ ရှိနေကြောင်းသတင်းပေးပို့ချက်တွေနဲ့ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အချို့ ရရှိခဲ့ပြီးတဲ့နောက်မှာ ဆမ်ဆောင်းကုမ္ပဏီက ယင်းဖုန်းတွေကို ပြန်လည်သိမ်းဆည်းပြီး ငွေပြန်အမ်းခြင်း၊ အသစ်တစ်လုံးနဲ့ ပြန်လည်ပေးခြင်းတို့ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘက်ထရီ ချို့ယွင်းချက် ပါဝင်သွားတဲ့ Galaxy Note 7 ဖုန်းတွေမှာ အဲဒီလို အပူလွန်ကဲတာနဲ့ မီးလောင်ပေါက်ကွဲတာတွေ ဖြစ်ပေါ်တာဖြစ်ပြီး အဲဒီလိုဖြစ်တဲ့ ဖုန်းအလုံးရေက စုစုပေါင်း ထုတ်လုပ်လိုက်တဲ့ Galaxy Note 7 တွေရဲ့ ၁ ရာခိုင်နှုန်းသာ ရှိပေမယ့် ဘယ်နိုင်ငံ၊ ဘယ်ဒေသကို ရောင်းချလိုက်တဲ့ ဖုန်းတွေမှာ ဘက်ထရီ ချို့ယွင်းချက် ရှိနေတယ် ဆိုတာကို မသိရှိနိုင်တော့တာကြောင့် အားလုံးကို ပြန်လည်သိမ်းဆည်းဖို့ ဆမ်ဆောင်းက ဆုံးဖြတ်ခဲ့တာပါ။

စက်တင်ဘာလ၊ ၂၁ ရက်နေ့ မတိုင်ခင် ဝယ်ထားတဲ့ Galaxy Note 7 ဖုန်းအားလုံး ဆမ်ဆောင်းကုမ္ပဏီကို ပြန်လည်အပ်နှံဖို့ လိုအပ်နေပြီး နောက်ပိုင်း ပြန်လည်ပြင်ဆင်ပြီး ထုတ်လုပ်မယ့် Galaxy Note 7 ဖုန်းတွေကို Safe ဆိုတဲ့ စာလုံးပါဝင်တဲ့ ပါကင်တွေနဲ့ ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ ဆမ်ဆောင်းက ပြောကြားထားပါတယ်။

ဆမ်ဆောင်း မတိုင်မီက Xiomi ဖုန်းမော်ဒယ်လ်တွေဖြစ်တဲ့ Mi5 Max၊ Mi4i နဲ့ Mi 4 C တို့ရဲ့ ဖုန်းအချို့မှာ အားသွင်းနေစဉ် အပူလွန်ကဲပြီး မီးလောင်တာမျိုး ဖြစ်ပွားကြောင်း ဇူလိုင်လကုန်ပိုင်းက သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ Xiomi ကုမ္ပဏီက ဖြေရှင်းချက်တွေ ပြန်လည်ထုတ်ပေးလျှက် ရှိပါတယ်။

Ref: engadget.com