News

POST TYPE

ADVERTORIAL

စာရေးကိရိယာဆိုင် ဖွင့်မယ်ဆိုရင် ... (စဉ်းစားစရာ ကိုယ်ပိုင်စီးပွားရေး အိုင်ဒီယာ)
22-Sep-2016

ကိုယ်ပိုင်လုပ်ငန်းတစ်ခု အနေနဲ့ စာရေးကိရိယာဆိုင်လေး တစ်ဆိုင်လောက် ဖွင့်ဖို့ စဉ်းစားနေကြပါသလား။ ဖွင့်မယ်ဆိုရင် ဘယ်ကစလုပ်မလဲ၊ ဆိုင်မှာ ဘယ်လိုပစ္စည်းတွေ တင်မှာလဲ၊ ဘယ်ကနေ ဝယ်ရမှာလဲ၊ အရင်းအနှီး ဘယ်လောက်ဆို ရနိုင်ပြီလဲ စတဲ့ သိဖို့လိုအပ်နေတဲ့ အကြောင်းအရာတွေက အများကြီးပါ။

အဲ့ဒီလို သိဖို့လိုအပ်နေတာတွေထဲကမှ စာရေးကိရိယာဆိုင် ဖွင့်ဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

ဘယ်မှာရောင်းမှာလဲ

ဆိုင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ဘယ်မှာရောင်းမှာလဲ ဆိုတာကို ရွေးချယ်ရတော့မှာပါ။ အဲ့ဒီလို ဆိုင်ခန်းနေရာ ရွေးချယ်ရာမှာလည်း ကိုယ်လုပ်မယ့် လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ ဒါဆိုရင် စာရေးကိရိယာဆိုင် ဖွင့်ဖို့အတွက် ဘယ်လိုအချက်တွေကို အဓိကထားပြီး ရွေးချယ်ရမလဲ။

လူနေထူထပ်တဲ့ နေရာမျိုး၊ ကျောင်းနဲ့နီးတဲ့ နေရာ၊ ဈေးအနီးအနားနေရာတွေမှာ ဖွင့်သင့်တယ်လို့ လက်ရှိ ဆိုင်ဖွင့်ထားသူက အကြံပေးထားပါတယ်။
ဆိုင်ဖွင့်ဖို့ နေရာရွေးချယ်ပြီးပြီ ဆိုရင်ရော……။
 
ဘယ်လိုပစ္စည်းမျိုး တင်မှာလဲ

ဆိုင်ဖွင့်ဖို့ ရွေးချယ်ထားတဲ့ နေရာပေါ် မူတည်ပြီး ကိုယ့်ဆိုင်မှာ ဘယ်လိုပစ္စည်းတွေ တင်မလဲဆိုတာ ဆုံးဖြတ်ရမှာပါ။

ကိုယ့်ဆိုင်ပတ်ဝန်းကျင်မှာ အခြေခံလူတန်းစာတွေ များတယ်ဆိုရင်တော့ ဈေးသိပ်မကြီးတဲ့ ပစ္စည်းအမျိုးအစားတွေ၊ လူသုံးများတဲ့ ပစ္စည်းတွေကို အဓိကထား ရောင်းချတာက အသင့်လျော်ဆုံး ဖြစ်မှာပါ။

ဒါပေမဲ့ အကောင်းကြိုက်တဲ့ သူတွေလည်း ရှိနိုင်သေးတာမို့ ပစ္စည်းကောင်းတွေကို ကိုယ်တတ်နိုင်သလောက် တင်ထားတာမျိုးလည်း လုပ်သင့်ပါတယ်။
အဲ့ဒါတွေအတွက် ဘယ်လောက်ရင်းနှီးရမလဲ……။

အရင်းအနှီး ဘယ်လောက်လိုသလဲ 

ကိုယ်ဘယ်လောက်ရင်းမလဲ၊ ကိုယ်ဘယ်လောက် ရင်းနိုင်လဲ ဆိုတာပေါ် မူတည်ပါတယ်။ ဒါ့အပြင် ကိုယ်က ဘယ်လိုပစ္စည်းမျိုးတွေ အဓိကထား တင်မှာလဲ ဆိုတာကလည်း အရေးကြီးပါတယ်။

ကျပ်သိန်းငါးဆယ်လောက် ဆိုရင်တော့ စာရေးကိရိယာဆိုင် တစ်ဆိုင် ဖွင့်ဖို့အတွက် လောက်လောက်ငင အသုံးပြုနိုင်မှာပါ။

ဒီကုန်ကျငွေထဲမှာ ဆိုင်ခန်းခကိုတော့ ထည့်မတွက်ထားပါဘူး။ ခုမှစပြီး ဖွင့်မယ်သူတွေအတွက် ဆိုင်တွင်းအပြင် အဆင်၊ ပစ္စည်းတင်ဖို့ စင်တွေလည်း လိုအပ်တာမို့ အဲ့ဒီလောက် ကုန်ကျနိုင်ပါတယ်။

ဒါမှမဟုတ် အစပိုင်းမှာ ကိုယ်နိုင်သလောက် ရင်းထားပြီး နောက်တဖြည်းဖြည်းနဲ့ ပစ္စည်းထပ်ဖြည့်လို့လည်း ရတယ်လို့ လက်ရှိဆိုင်ဖွင့်ထားသူက ဆိုပါတယ်။

အခုဆိုင်အတွက် အရင်းအနှီးဘယ်လောက်သုံးမလဲ ဆိုတာ စဉ်းစားပြီးရင်တော့ ဆိုင်မှာတင်မယ့် ပစ္စည်းတွေကို လိုက်ဝယ်ရတော့မှာပါ။

ဘယ်မှာဝယ်ကြမလဲ

ဆိုင်မှာရောင်းချမယ့်ပစ္စည်းတွေကို ဘယ်မှာ ဝယ်ကြမလဲ….။
သိမ်ကြီးဈေး၊ လမ်း ၃၀၊ ၃၁ လမ်း နဲ့ ၃၂ လမ်းတို့မှာ ဝယ်လို့ရပါတယ်။

ဒီလိုကိုယ်တိုင်သွားဝယ်တာမျိုး မဟုတ်ဘဲ စာအုပ်ကုမ္ပဏီတွေနဲ့လည်း ချိတ်ဆက်ပြီး ဝယ်လို့ရပါတယ်။ 

တချိ့ကုမ္ပဏီတွေက ဆိုင်ကို ပစ္စည်းလာပို့ပေးတယ်လို့ လက်ရှိဆိုင်ဖွင့်ထားသူက ပြောပြပါတယ်။

ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ဝယ်မယ်ဆိုရင်တော့ ရန်ကုန်လမ်းညွှန်မှာပါတဲ့ လိပ်စာတွေ၊ ကုမ္ပဏီရဲ့ အင်တာနက် စာမျက်နှာတွေကနေ တစ်ဆင့် ချိတ်ဆက်နိုင်ပါတယ်။

ပန်းဆိုးတန်းဘက်မှာလည်း ကုမ္ပဏီတွေက ဖွင့်ထားတဲ့ ဆိုင်ခန်းတွေ ရှိတာမို့ အဲ့ဒီကနေ တစ်ဆင့်လည်း စုံစမ်းနိုင်ပါတယ်။

ဈေးနှုန်းဘယ်လိုသတ်မှတ်မလဲ

ပစ္စည်းတစ်မျိုးကို ၃၅ ကနေ ၄၀ ရာခိုင်နှုန်းလောက် အမြတ်တင် ရောင်းချတယ်လို့ ဆိုင်ဖွင့်ထားသူက ဆိုပါတယ်။ 

အဲ့ဒီအမြတ်ထဲမှာ ဆိုင်ခန်းစရိတ်၊ ပစ္စည်းသယ်ယူစရိတ်၊ စတဲ့ ကုန်ကျစရိတ်တွေကို မနှုတ်ထားရသေးပါဘူး။
ခုထပ်ပြီး စဉ်းစားရမှာက ကိုယ့်ဆိုင်မှာ စာရေးကိရိယာ တစ်မျိုးတည်းပဲ ရောင်းမှာလား၊ တခြားဘာတွေ တွဲလုပ်လို့ ရသေးသလဲ ဆိုတာကိုပါ။

စာရေးကိရိယာတစ်မျိုးပဲ ရောင်းမှာလား

လက်ရှိဆိုင်ဖွင့်ထားတဲ့ သူကတော့ စာရေးကိရိယာချည်း ရောင်းတာမျိုး မဟုတ်ဘဲ မိတ္တူဆွဲတာမျိုး၊ ပရင့်ထုတ်တာမျိုးပါ လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

ရေခဲချောင်း၊ ရေခဲမုန့်၊ အအေးဘူးတွေ၊ မိန်းကလေး အသုံးအဆောင် ဖန်စီပစ္စည်းတွေ၊ အီလက်ထရွန်နစ် ပစ္စည်းတွေလည်း တွဲရောင်းနိုင်ပါတယ်။

ရေခဲချောင်းတို့၊ ရေခဲမုန့်တို့ ရောင်းမယ်ဆိုရင်တော့ ရေခဲသေတ္တာလည်း လိုအပ်လာပါပြီ။

ဒါ့အပြင် မိတ္တူကူးတာပဲဖြစ်ဖြစ်၊ ရေခဲချောင်းရောင်းတာပဲဖြစ်ဖြစ် လျှပ်စစ်လိုအပ်လာတာမို့ မီတာခ ကျသင့်နိုင်တာကိုလည်း ထည့်စဉ်းစားရတော့မှာပါ။

မိတ္တူကူးတဲ့လုပ်ငန်းပါ တွဲလုပ်မယ်ဆိုရင်

ကိုယ့်ဆိုင်မှာ မိတ္တူကူးတာ၊ ပရင့်ထုတ်တာတွေပါ လုပ်မယ်ဆိုရင် အဲ့ဒီအတွက် ကျပ်သိန်းနှစ်ဆယ ဝန်းကျင်လောက် ထပ်ရင်းရမှာပါ။

မိတ္တူကူးစက် တစ်လုံးရဲ့ ဈေးနှုန်းက အမျိုးအစားပေါ် မူတည်ပြီး ကျပ်ဆယ်သိန်းနဲ့အထက် ရှိပါတယ်။ ကွန်ပျူတာနဲ့ Printer အပါအဝင် တခြားလိုအပ်တဲ့ ပစ္စည်းတွေနဲ့ဆိုရင် ကျပ်သိန်းနှစ်ဆယ်လောက် ကျသင့်မှာပါ။

စာရွက်ပရင့်ထုတ်တာကိုပါ တွဲလုပ်မယ်ဆိုရင် ကွန်ပျူတာအခြေခံ၊ စာစီစာရိုက်လောက်တော့ သိထား၊ တတ်ထားသင့်ပါတယ်။

ဒါအပြင် မိတ္တူကူးစက်၊ Printer တွေနဲ့ ပတ်သက်ပြီး အခြေခံလောက်တော့ နားလည်ဖို့လည်း လိုအပ်ပါသေးတယ်။

(အထက်ပါ ဆောင်းပါးအတွက် လိုအပ်တဲ့ အချက်အလက်များကို အမှတ် ၂၇ (ဘီ) သပြေလမ်း စမ်းချောင်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ကျော်စွာဒိဗ် စာရေးကိရိယာဆိုင်က ကူညီဖြေကြားပေးထားပါတယ်။)