News

POST TYPE

ADVERTORIAL

စဉ်းစားစရာ ကိုယ်ပိုင်စီးပွားရေး အိုင်ဒီယာ
08-Sep-2016

စာအုပ်အငှားဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုရင်

ကိုယ်ပိုင်စီးပွားရေး တစ်ခုလောက် ဝါသနာ အရင်းခံပြီး လုပ်ဖို့ စဉ်းစားနေပါသလား။

စာဖတ်ဝါသနာပါကြတဲ့သူတွေ အတွက် စာအုပ်အငှားဆိုင်ဖွင့်ရင် ဘယ်ကစလုပ်ရမလဲ၊ အရင်းအနှီး ဘယ်လောက်လိုသလဲ၊ ဘယ်လိုစာအုပ်မျိုးတွေ တင်မလဲ၊ ဘယ်မှာဝယ်ရမလဲ စတဲ့ သိဖို့လိုအပ်နေတဲ့ အကြောင်းအရာတွေ အများကြီး ရှိနေမှာပါ။ အဲ့ဒီထဲကမှ အခြေခံအကျဆုံး အချက်တချို့ကို စုစည်းတင်ပြလိုက်ပါတယ်။

ဝါသနာပါမှ လုပ်ပါ

စာဖတ်နှုန်း လျော့ကျလာတာမို့ စာအုပ်အငှားဆိုင်ဖွင့်ဖို့ ဆိုတာ စိန်ခေါ်မှုကြီး တစ်ခုပါ။ ဒါကြောင့် ကိုယ်က ဒီအလုပ်ကို တကယ်ဝါသနာပါတယ်ဆိုမှ လုပ်သင့်ပါတယ်။

စာအုပ်အငှားဆိုင် ဖွင့်ထားတဲ့ ကိုယ်တိုင်က စာဖတ်ရတာ စိတ်ဝင်စား ဝါသနာပါပြီး စာဖတ်တယ်ဆိုရင် တခြားသူတွေကို ဘယ်လိုစာအုပ်မျိုး ဖတ်သင့်တယ်၊ ဖတ်လို့ရတယ်ဆိုပြီး ညွှန်းနိုင်မှာပါ။

တကယ်ဇောက်ချလုပ်မယ်ဆိုရင် စိတ်ရှည်ရှည်ထားရမယ်လို့ လက်ရှိ စာအုပ်အငှားဆိုင် ဖွင့်လှစ်ထားသူတွေက ဆိုပါတယ်။

အရင်းအနှီး ဘယ်လောက်လိုသလဲ

တကယ်လို့ ကိုယ်က အများကြီး မရင်းနိုင်ဘူး ဆိုရင်တော့ သုံးသိန်းကနေ ငါးသိန်ကြားဆိုရင် ဆိုင်စဖွင့်ဖို့အတွက် လုံလောက်နေပါပြီ။ ဒီပမာဏထဲမှာ စာအုပ်တွေအတွက်ပဲ ပါဝင်ပြီး စာအုပ်စင်တွေ၊ ဆိုင်ဖွင့်ဖို့ လိုအပ်တဲ့ တခြားပစ္စည်းတွေ အတွက်တော့ မပါဝင်ပါဘူး။

တကယ်လို့ ကိုယ့်ဆိုင်မှာ စာအုပ်အမျိုးအစားစုံ၊ စာရေးဆရာ စုံလင်အောင် တင်ချင်တယ် ဆိုရင်တော့ ၈ ပေ၊ ပေ ၃၀ ပတ်လည် ဆိုင်ခန်းအတွက် သိန်းသုံးဆယ် ဝန်းကျင်လောက် ကျသင့်မှာပါ။ အဲ့ဒီအထဲမှာ စာအုပ်စင်အတွက် ကုန်ကျစရိတ်တွေနဲ့ ဆိုင်အတွက် ကုန်ကျစရိတ်တွေလည်း ပါဝင်ပါတယ်။

ခုမှ စဖွင့်မယ့် စာအုပ်အငှားဆိုင် အတွက်တော့ ဆိုင်မှာ စာအုပ်အရေအတွက်များဖို့ အဟောင်းနဲ့အသစ်ကို ရောပြီး ဝယ်သင့်တယ်လို့ စာအုပ်အငှားဆိုင် ဖွင့်ထားတဲ့သူတွေက အကြံပေးထားပါတယ်။ 

အသစ်ကြီးပဲ ဝယ်ရင် အများကြီး ရင်းရပေမယ့် စာအုပ်အရေအတွက် နည်းနည်းပဲရပြီး အဟောင်းတွေချည်းပဲ ဆိုရင်တော့ သိပ်မငှားရတာမျိုး ရှိတတ်တာမို့ အဟောင်းနဲ့ အသစ်ကို မျှဝယ်သင့်တယ်လို့ ဆိုထားပါတယ်။

ဘယ်မှာဝယ်မှာလဲ

၃၁ လမ်း၊ ၃၂ လမ်း အထက်ဘလောက် (ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား) မှာ ဝယ်လို့ရပါတယ်။

ဒါ့အပြင် ပန်းဆိုးတန်းက စာအုပ်အဟောင်းဆိုင်တွေမှာလည်း စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ဆိုင်ဖြုတ်တော့မယ့် စာအုပ်အငှားဆိုင်တွေကိုလည်း စုံစမ်းပြီး ဝယ်ယူသင့်တယ်လို့ စာအုပ်အငှားဆိုင် ဖွင့်ထားသူတွေက ဆိုပါတယ်။ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရမယ့်အပြင် စာအုပ်အမျိုးအစားလည်း စုံလင်တာကြောင့် ကိုယ့်ဆိုင်မှာ စာအုပ်စုံစုံလင်လင် ထားနိုင်မှာပါ။

စာအုပ်အမျိုးအစား

စာရေးဆရာမျိုးစုံရဲ့ စာအုပ်တွေကို တင်ထားနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါ။

ပုညခင်၊ သျှင်မ၊ လွန်းထားထား၊ လရောင်ကျူးရင့်၊ စတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေက လတ်တလော တော်တော်ငှားနေရပြီး မင်းသိင်္ခ၊ တြိစက္က၊ မင်းမြတ်သူရတွေရဲ့ စာအုပ်တွေလည်း ငှားနေရတယ်လို့ လက်ရှိ ဆိုင်ဖွင့်ထားတဲ့သူတွေက ဆိုပါတယ်။

မဂ္ဂဇင်းမှာဆိုရင် သူရဇ္ဇ၊ နခတ္တရောင်ခြည်၊ ဂမ္ဘီရ၊ လျှို့ဝှက်ဆန်းကြယ် စတဲ့ မဂ္ဂဇင်းတွေက ဟောင်းပေမယ့်လည်း ငှားနေရသေးပါတယ်။ 

ကာတွန်းရုပ်ပြမှာဆိုရင် တွက်ပီကတော့ လက်ရှိအချိန်ထိ ငှားနေရတယ်လို့ ဆိုပါတယ်။

ဆိုင်ဖွင့်ထားရင်းနဲ့ လူတွေ လာမေးတဲ့ စာအုပ်အမျိုးအစားတွေကိုလည်း မှတ်ထားပြီး ပြန်ဝယ်ရတာမျိုးလည်း ရှိတယ်လို့ လက်ရှိဆိုင်ဖွင့်ထားတဲ့သူတွေက ဆိုပါတယ်။

အခက်အခဲ

စာအုပ်အငှားဆိုင် ဖွင့်ထားတဲ့သူတွေ ကြုံရတတ်တာကတော့ ငှားပြီး ပြန်လာမအပ်တာမျိုးကိုပါ။ အဲ့ဒီလို ပြန်လာမအပ်လို့ ကြုံတွေ့ရတဲ့ ဆုံးရှုံးမှုမျိုးကို ကာကွယ်နိုင်ဖို့ အငှားဆိုင် တော်တော်များများကတောာ့ ကြိုတင်ငွေအပေါင် ယူထားတတ်ကြပါတယ်။

အပေါင်ငွေယူရာမှာလည်း စာအုပ်တန်ဖိုးနဲ့ ငှားမယ့် စာအုပ်အရေအတွက်ပေါ် မူတည်ပြီး ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀ စသဖြင့် ယူထားတယ်လို့ စာအုပ်အငှားဆိုင်ဖွင့်ထားတဲ့သူတွေက ဆိုပါတယ်။

ဈေးနှုန်းဘယ်လိုသတ်မှတ်မလဲ

စာအုပ်ပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ရမှာပါ။

မဂ္ဂဇင်းတွေမှာ အသစ်တွေဆိုရင် ၃၀၀၊ ဝတ္ထုဆိုရင် ၁၀၀၊ သိုင်းစာအုပ်တွေဆိုရင် တစ်အုပ်ကို ၅၀ ကျပ်နှုန်းနဲ့ ယူတယ်လို့ လက်ရှိအငှားဆိုင်ဖွင့်ထားတဲ့သူတွေက ဆိုပါတယ်။ 

အဟောင်းတွေ ဆိုရင်တော့ ၁၀၀ ကျပ်၊ ၅၀ ကျပ် စသဖြင့် ယူတတ်ပါတယ်။

စာအုပ်တွေ မပျက်စီးအောင်

အနည်းဆုံးတော့ စာအုပ်ချုပ်တတ်ဖို့ လိုအပ်ပါတယ်။ ရေစို၊ စုတ်ပြဲလို့ စာအုပ်တွေ ပျက်စီးသွားမယ့် အခြေအနေက ကာကွယ်ဖို့ စာအုပ်အဖုံး ချုပ်သင့်ပါတယ်။ အဖုံးချုပ်မယ် ဆိုရင်လည်း ဖလင်နဲ့ ချုပ်တာက ပိုခန့်ပြီး ပိုခိုင်တယ်လို့ စာအုပ်အငှားဆိုင် ဖွင့်ထားတဲ့သူတွေက ဆိုပါတယ်။

ရေစို၊ စုတ်ပြဲလို့ ပျက်စီးတာမျိုး မဟုတ်ဘဲ ခြစားလို့ ပျက်စီးသွားတာမျိုးလည်း ရှိပါတယ်။ စာအုပ်ထားတဲ့ နေရာကို မကြာခဏ သန့်ရှင်းရေး လုပ်ပေးတာ၊ ဆေးဖျန်းတာတွေနဲ့ ခြစားတာကို ကာကွယ်နိုင်ပါတယ်။

ကိုယ့်ဆိုင်ကို လူတွေ စိတ်ဝင်စားအောင်

ဆိုင်မှာ လာငှားပြီး ရက်ကျော်သွားတဲ့အခါ ပေးရမယ့် ရက်လွန်ကြေးတွေ လျှော့ယူတာမျိုး၊ များများငှားရင် ဈေးလျှော့ပေးတာမျိုးတွေ လုပ်ခြင်းအားဖြင့် ကိုယ့်ဆိုင်မှာ စာအုပ်လာငှားအောင် ဆွဲဆောင်နိုင်ပါတယ်။

ရုပ်ပြစာအုပ်တွေနဲ့ ကလေးတွေကို စပြီးဆွဲဆောင်ခဲ့တယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက ဆိုင်ဖွင့်ထားတဲ့ သူက ဆိုပါတယ်။

ဆိုင်မှာလာငှားတဲ့ သူတွေထဲကမှ တစ်နှစ်အတွင်း၊ ဒါမှမဟုတ် တစ်လအတွင်း အများဆုံးငှားတဲ့ သူတွေကိုလည်း ကံစမ်းမဲ ဖောက်တာမျိုးတွေ လုပ်ပေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ကိုယ့်ဆိုင်လေး အဓွန့်ရှည်စေဖို့

စာဖတ်နည်းလာကြတာမို့ စစချင်းမှာ ဒီဝင်ငွေတစ်ခုတည်းနဲ့ ရပ်တည်မယ် ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဆိုင်မှာ တခြားစာရေးကိရိယာတွေ ယှဉ်တွဲရောင်းချတာကလည်း ကိုယ့်ဆိုင်ရဲ့ ဝင်ငွေကို တစ်ဖက်တစ်လမ်းက တိုးစေမှာပါ။

ကျောင်းသုံးဗလာစာအုပ်၊ ဘောလ်ပင် စတဲ့ စာရေးကိရိယာတွေကို ရောင်းချတာမျိုးအပြင် ကိုယ်က စာအုပ်ချုပ်တတ်တယ် ဆိုရင်တော့ ကျောင်းသုံးဖတ်စာအုပ်တွေကို အဖုံးချုပ်ပေးတာကနေလည်း ဝင်ငွေရှာလို့ ရနိုင်သေးပါသေးတယ်။

အထက်ပါဆောင်းပါးအတွက် လိုအပ်တဲ့အချက်အလက်များကို အမှတ် ၉၅ ပြည်တော်အေးလမ်း လေးထောင့်ကန်ရပ်ကွက် သင်္ကန်းကျွန်းမြို့နယ်မှ စိန်ဋ္ဌေးစာအုပ်အငှါးဆိုင်က ကူညီဖြေကြားပေးထားပါတယ်။