News

POST TYPE

ADVERTORIAL

မသန်စွမ်း ကျောင်းသားများကို ပညာသင်ဆုပေးမည်
09-Sep-2017 tagged as ပညာရေး

ရန်ကုန်၊ စက်တင်ဘာ ၉

မသန်စွမ်းသူဦးရေ တစ်ရာလျှင် တစ်ဦးသာ အဆင့်မြင့်ပညာ ပြီးမြောက်အောင် သင်ယူနိုင်၍ တက္ကသိုလ်တက်ရန် အခက်အခဲရှိသည့် မသန်စွမ်းကျောင်းသား၊ ကျောင်းသူများကို ပညာသင်ဆုပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ပညာသင်ဆုပေးအပ်ခြင်းဆိုင်ရာ တာဝန်ခံ ဒေါ်ထက်ထက်အောင်က ပြောကြားသည်။

မသန်စွမ်းကျောင်းသား ၂၅ ဦးကို ရွေးချယ်၍ ပညာသင်ဆုပေးမည်ဖြစ်ပြီး ပညာသင်ဆုအနေဖြင့် ကျောင်းလခ၊ ကျောင်းဝင်ကြေးနှင့် တက္ကသိုလ်သို့ ပေးသွင်းရသည့် ကုန်ကျစရိတ်များကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရှိရသည်။

ဒေးကျောင်းသားများကို လစဉ်တစ်သိန်းခွဲ ထောက်ပံ့ပေးမည်ဖြစ်ပြီး အဝေးသင်ကျောင်းသားများကို တစ်နှစ်လျှင် ကျပ်ငါးသိန်း တက္ကသိုလ်ပြီးဆုံးသည်အထိ ထောက်ပံ့ပေးမည် ဖြစ်သော်လည်း စာမေးပွဲကျရှုံးလျှင် သို့မဟုတ် အခြားပညာသင်ဆု ရရှိလျှင် ပညာသင်ထောက်ပံ့မှု ရပ်ဆိုင်းမည် ဖြစ်သည်။

လျှောက်ထားလိုသည့် မသန်စွမ်းကျောင်းသားများသည် တက္ကသိုလ်ဝင်တန်းအောင် သို့မဟုတ် တက္ကသိုလ် တက်ရောက်နေသူ၊ ပြစ်မှုကင်းရှင်းသူ၊ ပညာသင်ယူလိုစိတ်ရှိသူ၊ ငွေကြေးအခက်အခဲရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း ဒေါ်ထက်ထက်အောင်က ပြောကြားသည်။

ပညာသင်ဆုလျှောက်လိုသည့် ကျောင်းသားများသည် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ချုပ်ရုံးနှင့် ရုံးခွဲများ၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ဘဏ်ခွဲများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ရုံးခွဲများတွင် လျှောက်လွှာများ အခမဲ့ရယူကာ ယခု စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ လူကိုယ်တိုင်၊ အီးမေးလ်၊ စာတိုက်မှဖြစ်စေ ပေးပို့နိုင်မည်ဖြစ်သည်။

ပညာသင်ဆု အစီအစဉ်ကို ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၊ ဧဒင်လုပ်ငန်းစု၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

အသေးစိတ်အချက်များကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ချုပ်ရုံး အမှတ် (၁၇/၁၉)၊ သာယာအေးလမ်း၊ ၃ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ အီးမေးလ် [email protected] နှင့် ဖုန်း ၀၉-၄၄၄၀၃၅၉၈၄၊ ၀၁-၉၆၆၉၁၃၃ သို့ ဆက်သွယ်နိုင်မည် ဖြစ်သည်။

မြဇာခြည်သင်း