News

POST TYPE

ABOUT US

ပန်းခြံထဲက ဆံသဆရာကြီး
25-Jun-2017 tagged as


လူတိုင်းသည် အိမ်ခြေမဲ့များကို ဒုက္ခများစွာနှင့် ရင်ဆိုင်နေရသော ကံဆိုးသူများဟု မြင်ကြပါသည်။ အန်သိုနီဆိုင်မာရီစ်အတွက်တော့ သူ နေနေကျလမ်းထဲ ရပ်ကွက်ထဲမှ ဆံပင်ညှပ်ရန်၊ ကေသရန် လိုအပ်နေသူများသာ ဖြစ်ပါသည်။ အန်သိုနီဆိုင်မာရီစ်သည် အနားယူထားသော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ အသက်က ၈၂ နှစ်ဖြစ်နေပြီ။ သူ့ကို အားလုံးက ဆံသဆရာကြီး ဂျိုးလို့ခေါ်ကြသည်။ ဆံပင်ညှပ်ဖို့ လိုနေတဲ့ အခြေအနေမဲ့များကို ဆံပင်ညှပ်ပေးနေသည်မှာ ၂၅ နှစ်လောက် ရှိချေပြီတကား။ ဆံပင်ညှပ်ခကတော့ “ကျေးဇူးတင်ပါတယ်”လောက်သာ ပြောပေးရန် လိုပါသည်။ တစ်ခါတလေ ဖက်ယမ်းနှုတ် ဆက်သွားတာလောက်နဲ့ အဆင်ပြေပါသည်။

ဗုဒ္ဓဟူးနေ့တိုင်းတွင် ဆိုင်မာရီစ်သည် ကွန်နက် တီကပ်ပြည်နယ် ဟတ်ဖို့ဒ်မြို့မှ ဘွတ်ရှ်နဲ ပန်းခြံထဲတွင် သူ့ ဆံသဆိုင်လေးကို ဖွင့်ပါသည်။ ဆိုင်ဆိုလို့လည်း သိပ်ခံ့ခံ့ညားညားကြီးတော့ မဟုတ်ပါ။ ထိုင်ခုံလေးနဲ့ ဆံပင်ညှပ်သော မော်တာကတ်ကြေးများကို ပါဝါပေးရန်အတွက် ကားဘက်ထရီတစ်ခုသာ ပါသည်။ ဆိုင်ဖွင့်ပြီး သိပ်မကြာပါ။ ဆံပင်ညှပ်ရန် လာတန်းစီသူများ ရောက်လာကြပါသည်။ “ခင်ဗျား ထင်သလို မဟုတ်ပါဘူး။ ဘယ်နယ်ပယ်က လူမဆို ကျွန်တော့် ဆိုင်မှာ ဆံပင်လာညှပ်လို့ ရပါတယ်”ဟု ဆိုင်မာရီစ်က ABC သတင်းဌာနကို ပြောကြားပါသည်။

အန်သိုနီဆိုင်မာရီစ်သည် ၁၉၅၄ ခုနှစ်တွင် တပ်မတော်ထဲ၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ကိုရီးယား စစ်ပွဲအပြီးတွင် ဖြစ်ပါသည်။ ၂ နှစ်ခန့် စစ်ထဲတွင် နေခဲ့သည်။ ရှေ့တန်း ထွက်တိုက်ခဲ့ရသည်တော့ မဟုတ်။ သို့သော် စစ်ပြန်များကို သူ အလွန် ကိုယ်ချင်းစာသည်။ စစ်ပြန်များနှင့်တွေ့လျှင် သူ့ကိုယ်သူ နှိမ့်ချစွာ ဆက်ဆံသည်။ အိမ်ခြေမဲ့များအတွက် အလုပ်လုပ်ပေးနေသည့် ဆိုင်မာရီစ်၏ စေတနာ့ဝန်ထမ်းမှုက ကိုယ်ပိုင် ခံစားချက်ပါသည်ဟုဆိုရမည်။ အိမ်ခြေမဲ့စစ်ပြန်များ အမျိုးသားအဆင့် ညွန့်ပေါင်းအဖွဲ့ National Coalition for Homeless Veterans အဖွဲ့၏ ထုတ်ပြန်ချက်အရ အိမ်ခြေမဲ့များ အားလုံး၏ ၂၀ ရာခိုင်နှုန်းသည် စစ်ပြန်များ၊ တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့ကြသူများဟုဆိုသည်။ 

“အခမ်းအနားတစ်ခုမှာပေါ့ဗျာ စစ်ပြန်တွေ စင်ပေါ်ကိုတက်ပြီး မတ်တတ်ရပ်ကြရတယ်။ ဗီယက်နမ်၊ ကိုရီးယားတို့ကို သက်စွန့်ဆံဖျား သွားခဲ့ရတဲ့ ဒီလူတွေက ဆင်းရဲနွမ်းပါးနေကြတယ်။ 
ဒီလူတွေကို ဘုရားသခင် စောင့်ရှောက်ပါစေဗျာ။ ပြောရမှာ စိတ်မကောင်းတာကတော့ ကျွန်တော့်ဆီ အခမဲ့ ဆံပင် လာလာညှပ်ကြတဲ့ စစ်ပြန်တွေ ဘယ်လောက်များနေတယ်ဆိုတာပဲ”လို့ ဆံသဆရာဂျိုးလို့ အမည်ရထားသူကဆိုသည်။ ဂျို့စ်ဂျွန်ဆင်ဟု အမည်ရတဲ့ စစ်ပြန် အဘိုးကြီးတစ်ယောက်ဆိုလျှင် ဆိုင်မာရီစ်၏ အခမဲ့ ဆံသဆိုင်သို့ လာနေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ချေပြီ။ ထိုစစ်သားကြီးသည် ဗီယက်နမ်စစ်ပွဲအတွင်း မျက်နှာကို ဗုံးဆန်မှန်ခဲ့ရသူ ဖြစ်သည်။ နဖူးနှင့် ဝဲဘက်မျက်လုံးတို့ ထိခိုက်သွားခဲ့သည်။ သူလာညှပ်တိုင်း သူ့မျက်နှာပေါ်က အမာရွတ်တွေကို ဖုံးနိုင်မည့် အကောင်းဆုံး ပုံစံဖြစ်အောင် ဆိုင်မာရီစ်က အကောင်းဆုံး ညှပ်ပေးသည်။ 

“တစ်ရက်တော့ ကျုပ်လည်း ဂျို့စ်ကို ဆံပင် ညှပ်လို့အပြီးမှာ သူက ကျုပ်နဖူးကို နမ်းလိုက်တယ်။ ပြီးတော့ ပြောသေးတယ်။ ကျုပ်ကို ထမထိုးနဲ့ ကိုယ့်လူရေ။ ခင်ဗျားကို ချစ်လို့ နမ်းတာလို့ ပြောတယ်ဗျ”ဟု ဆိုင်မာရီစ်က ပြောပြသည်။ သူ့ဖခင်ပေးခဲ့သည့် အင်္ကျီအဟောင်း တစ်ထည်ကို လက်ဆောင်အဖြစ် လာပေးတာကိုလည်း ကြုံခဲ့ဖူးသည်ဟု ဆိုင်မာရီစ်က သူ အမှတ်ရနေသည့် ဖောက်သည်တစ်ဦး အကြောင်းကို ပြောပြသည်။ ဆိုင်မာရီစ်က မေတ္တာဖြင့်ပေးသည့် ထိုအင်္ကျီကို ယူလိုက်သည်။ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ အခမဲ့ ဆံသဆိုင်ထွက်တော့ ထိုအင်္ကျီကို ယူဝတ်လာသည်။ 

ပန်းခြံရှေ့ရှိ YMCA အဆောက်အအုံက နေရာပေးသုံးကတည်းက ဆိုင်မာရီစ်တစ်ယောက် ဆံပင်ညှပ်ပေးလာခဲ့ခြင်းဖြစ်သည်။ ယခုအခါ YMCA အဆောက်အအုံလည်း မရှိတော့ပေ။ ဇိမ်ခံကွန်ဒို  အဆောက်အအုံများက ထိုနေရာကို ယူသွားလေပြီ။ ဆိုင်မာရီစ်ကတော့ မြက်ခင်းပြင်တွင်ပင် သူ့ အခမဲ့ ဆံသဆိုင်ကို ဆက်ဖွင့်ခဲ့ပါသည်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ပန်းခြံနားတွင်ရှိသော ကွန်နက်တီကပ် ပြည်နယ် လွှတ်တော်ရုံး လုံခြုံရေးတစ်ဦးက ရဲခေါ်မည်ဟုဆိုကာ သူ့ဆံသဆိုင်နေရာလေးကို ခြိမ်းခြောက်ခဲ့ဖူးသော်လည်း အနီးအနားနေ ရပ်ရွာနေလူထုက ဝန်းရံပေးခဲ့ကာ ပြန်လည် တုံ့ပြန်နိုင်ခဲ့သည်။ ကိုယ့်အား ကိုယ်ကိုးပြီး လုပ်ရသည့် စေတနာ့ဝန်ထမ်း အလုပ်ကို စွဲနေပြီဟု ဆိုင်မာရီစ်က ပြောကြားပါသည်။ 

ဆံပင်ညှပ်သည့် စေတနာ့ဝန်ထမ်း အလုပ်ကို တစ်ပတ် တစ်ရက် လုပ်ပေးနေရင်း ဘိုးဘွားရိပ်သာများ၊ အိမ်ခြေမဲ့ခိုလှုံရာ အိမ်များသို့ ရိက္ခာများ ပို့ခြင်းကိုလည်း စေတနာ့ဝန်ထမ်း ကားမောင်းပေးပါသည်။ သွေးလှူသည့် အဖွဲ့ကိုလည်း ဦးဆောင်ပါဝင်နေပြီး ဘုရားရှိခိုးကျောင်း၏ သွေးအလှူရှင် ကြိုပို့ကားကိုလည်း စေတနာ့ဝန်ထမ်း မောင်းပေးနေသည်။ “ဘုရားရှင်က နေ့တိုင်း ကျွန်တော့်ကို ကောင်းချီးပေးနေသလိုပဲဗျ။ ကျွန်တော့်ဘဝမှာ ပျော်ရွှင်စိတ်ချမ်းသာရတယ်”ဟု ဆိုင်မာရီစ်က ဆိုသည်။ ရပ်ရွာကောင်းကျိုးကို ဆောင်ရွက်နေရင်း အသက် ၉၆ နှစ်အရွယ် အစ်မနှင့် ၉၈ နှစ်အရွယ် အစ်ကိုတို့ကိုလည်း ပြုစုပေးနေသူဖြစ်သည်။ အစ်ကိုဖြစ်သူ တိုနီသည်လည်း စစ်ပြန်ကြီးတစ်ဦးပင် ဖြစ်ပါသည်။ တပ်မတော်တွင် မြောက်အာဖရိကနှင့် အီတလီ စစ်မြေပြင်များ အပါအဝင် နေရာအနှံ့ နှစ်ပေါင်း ငါးဆယ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယ ကမ္ဘာစစ်ပြန်တစ်ဦး ဖြစ်ပါသည်။ သူ့နေ့စဉ်လုပ်ရပ်များကို စောင့်ကြည့်နေကြသူများ မျက်ရည်လည်ကြသည်။ ဝမ်းနည်းသောကြောင့် ကျသည့်မျက်ရည် မဟုတ်ပါ။ “ကျွန်တော့်ဘေးမှာ ယောက်ျားကြီးတွေ အချင်းချင်း ဝိုင်းနေကြသဗျာ။ နည်းတဲ့ကောင်ကြီးတွေ မဟုတ်ဘူး။ ချစ်လွန်းလို့ နမ်းကြတယ်။ ဝိုင်းဖက်ကြတာမှ သေလောက်တယ်။ ဒါကို ခင်ဗျား ငွေနဲ့ဝယ်လို့ မရဘူးဗျ”ဟု ဆိုင်မာရီစ်က ပြောကြားသည်။

သန့်ဇင်စိုး

  • VIA
  • TAGS