News

POST TYPE

ABOUT US

အမှိုက်ပုံနားက နတ်သမီး
14-May-2017 tagged as


ဘဝတစ်လျှောက်လုံးမှာ ငွေကြေး ချို့တဲ့ခဲ့ပေမယ့် စွန့်ပစ်ခံ ကလေးပေါင်း များစွာကို ပြုစုစောင့်ရှောက်ခဲ့တဲ့ တရုတ်က အမျိုးသမီးကြီး တစ်ဦးကိုတော့ သူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုစကား ဆိနေကြလျက်ရှိသည်။ တရုတ်သတင်းစာ ယန်ကျိုး မက်ထရိုဒေးလီးရဲ့ ရေးသားဖော်ပြချက်အရ အဆိုပါ အသက် ၈၈ နှစ်အရွယ် လုရှောင်ယင်းလို့ အမည်ရတဲ့ အမျိုးသမီးကြီးဟာ ပြီးခဲ့တဲ့ နှစ် ၄၀ လုံးလုံး တရုတ်နိုင်ငံ ဂျင်ဟွာမြို့က လမ်းတွေပေါ်မှာ စုစုပေါင်း ကလေး ၃၀ ကျော်ကို ကောက်ယူကယ်တင် စောင့်ရှောက်ခဲ့ပါသတဲ့။ လွန်ခဲ့တဲ့ ၁၇ နှစ်က ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းသည်နဲ့အတူတူ လုရှောင်ယင်းဟာ ကလေး လေးဦးကို ပြုစုစောင့်ရှောက်ပေးခဲ့ပြီးတော့ ကျန်သူကယ်တင်ထားတဲ့ ကလေးတွေကိုတော့ သူ့ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက စောင့်ရှောက်ကူညီခဲ့ကြခြင်း ဖြစ်သည်။ ကလေးတွေ အများကြီး လမ်းဘေးကနေ ကယ်တင်ခဲ့သူ အမျိုးသမီးကြီးဟာ တကယ်တော့ ငွေကြေး ချမ်းသာသူ မဟုတ်ပါဘူး။ လမ်းဘေး အမှိုက်ပုံတွေထဲကနေ စက္ကူပုလင်း ကောက်ပြီးတော့ ပြန်သွင်းတဲ့ အလုပ်လုပ်ခဲ့သူ ဖြစ်သည်။ နှစ်ပေါင်းများစွာ တိတ်တဆိတ် ကောင်းမှုပြုလာတဲ့ အဘွားအိုဟာ အသက် ၈၈ နှစ် ရှိသွားပါပြီ။ နှလုံးနဲ့ ကျောက်ကပ် ကျန်းမာရေးကလည်း မကောင်းတော့ပေ။ သူ့ဘဝ၏ နောက်ဆုံးနေ့များကို ရောက်လာခဲ့လေပြီ။ ပတ်ဝန်းကျင်က ရပ်သူရွာသားများက သူ့ကို ဝိုင်းဝန်းပြုစု စောင့်ရှောက်ပေးကြသည်။ 

“ဒီကိစ္စကြီး စလုပ်ဖြစ်တာကတော့ ပထမဆုံး ကလေးကို အမှိုက်ပုံနားမှာ ကောက်တွေ့ရာက ဖြစ်ပါတယ်။ ကျွန်မ အမှိုက်ကောက် ထွက်နေတုန်း ၁၉၇၂ ခုနှစ်ကပေါ့ ကလေးမသေးသေးလေး တစ်ယောက်ကို တွေ့ရှိလိုက်ရပါတယ်။ လမ်းဘေးက အမှိုက်တွေကြားမှာ လှဲနေတယ်။ လွှင့်ပစ်ခံထားရတာပေါ့။ ကျွန်မ သူ့ကိုမကယ်ဘဲ ထားပစ်ခဲ့မယ်ဆိုရင် သူ သေသွားလိမ့်မယ်”ဟု လုရှောင်ယင်းက ပြောပြသည်။ 

“ကလေးမလေး လူကောင်ကြီးပြီး သန်မာလာတာကို ကြည့်နေရတာကိုက ပျော်စရာ ကောင်းတာရှင့်။ ကလေးတွေကို စောင့်ရှောက်ပေးရတာ နှစ်သက်တယ်ဆိုတာကို ကျွန်မလည်း သတိထားမိတော့တာပဲ။ အမှိုက်တွေကို ကောက်နိုင်သေးတာပဲ။ လူသား သက်ရှိတွေကို ကောက်ပြီး ပြန်လည် ရှင်သန်အောင် ဘာဖြစ်လို့ ကျွန်မတို့ မလုပ်နိုင်ရမှာလဲ”ဟု အမေကြီးလုက သူ့အမြင်ကို ပြောပြပါသည်။ လုရှောင်ယင်းတွင် သမီးအရင်း တစ်ဦးသာ ရှိပါသည်။ နောက်ဆုံး ကယ်တင်ခေါ်ယူ စောင့်ရှောက်ထားသည့် ကလေးကို အသက် ၈၂ နှစ်တွင် တွေ့ခဲ့ခြင်းဖြစ်သည်။ “ကျွန်မ တော်တော်ကြီး အသက်ရနေပြီ ဆိုပေမယ့် အမှိုက်ကန်ထဲမှာ သူ့ကို သေသွားအောင် မထားခဲ့နိုင်ပါဘူး။ သူ့ ကြည့်ရတာ အရမ်းချစ်ဖို့ ကောင်းပြီး ကယ်မယ့်သူကို လိုနေပါတယ်။ သူ့ကို အိမ်ခေါ်လာခဲ့လိုက်တယ်”ဟု လုက ယခုအခါ အသက် ၇ နှစ် ရောက်နေပြီဖြစ်သော သားလေး ကျီလင်းအကြောင်းကို ပြောပြသည်။ 

အမေသည် မည်မျှပင် ဆင်းရဲစေကာမူ သူ ကယ်တင်ခေါ်ယူထားသော ကလေးများအတွက် အကောင်းဆုံးများကို ပေးအပ်စောင့်ရှောက်လေ့ ရှိပါကြောင်း လု၏ မွေးစားခဲ့သော ယခု အသက် ၃၃ နှစ် ရောက်နေပြီဖြစ်သော သမီးကျန်းကျုကျုက ပြောပြသည်။ “အမေ့ကို အပြင်ထွက်ပြီး အလုပ် မလုပ်ပါနဲ့လို့ ပြောလို့ မရပါဘူး။ နေမကောင်းတာတောင်မှ ပိုက်ဆံရအောင် အမှိုက်ပုံကို သွားနေတတ်တယ်”ဟု ကျန်းက သူ့ရဲ့ အသက်သခင် ကယ်တင်ရှင် မိခင်အကြောင်းကို ပြောပြသည်။ ယခုအသက် ၈၈ နှစ်သို့  ရောက်သောအခါ လုရှောင်ယင်းလည်း မလှုပ်ရှားနိုင်တော့ပေ။ စကားလည်း ကောင်းကောင်း မပြောနိုင်တော့။ “ကျွန်မမှာ ရက်များများ မကျန်တော့ပါဘူး။ အငယ်ဆုံး ကောင်လေး ကျောင်းတက်သွားရတာတော့ မြင်ချင်တယ်။ ကျွန်မသေသွားမယ်ဆိုရင်တောင် နောင်တဆိုတာ ကျန်ခဲ့မှာ မဟုတ်ပါဘူး”ဟု ဆေးရုံတက်နေရစဉ်က Xinhua သတင်းဌာနကို ပြောကြားခဲ့သည်။ 

ပထမဆုံး ကောက်ယူ ကယ်တင်ခဲ့သည့် အကြီးဆုံး ကလေးသုံးဦးကို ကျောင်းမထားနိုင်ခဲ့။ ကျန်းကျုကျုနှင့် နောက်သမီးတစ်ယောက် လက်ထက်ရောက်မှ  ကျောင်းထားနိုင်ခြင်း ဖြစ်သည်။ လုရဲ့ မွန်မြတ်သော သူရဲကောင်း လုပ်ရပ်က လူသိသွားခဲ့ပြီးနောက် တရုတ်သတင်းစာများတွင် မျက်နှာဖုံးသတင်း ဖြစ်သွားခဲ့ပြီးနောက်တွင် စေတနာရှင်များ ပေါ်လာပြီး ကလေးများ ပညာရေးအတွက် ထောက်ပံ့ကူညီကြသည်။ တရုတ်တွင် အွန်လိုင်းမှ ငွေကြေး ရန်ပုံငွေရှာခြင်း လှုပ်ရှားမှု တစ်ခုလည်း ပြုခဲ့ပြီး အမေကြီးလု တက်သည့် ဆေးရုံစရိတ်နှင့် အငယ်ဆုံးသားလေး ကျီလင်း ကျောင်းစရိတ်တို့ ကာမိခဲ့သည်။ မူလတန်း ကျောင်းတစ်ကျောင်းကလည်း ၎င်းတို့ကျောင်းတွင် လာတက်နိုင်ရန် ဈေးလျှော့ပေါ့ပေးခဲ့သည်။ “ဒါဟာ လုရဲ့ နောက်ဆုံးဆန္ဒ ဖြစ်တာကြောင့် သူ့ဆန္ဒပြည့်ဝဖို့အတွက် ကူညီရပါလိမ့်မယ်”ဟု ကျင်ဟွာမူလတန်း ကျောင်းအုပ်ကြီး ကျန်းဖန်းရှောင်က ပြောကြားသည်။ လု၏ ဇာတ်လမ်းကို ကြားမိတော့ စိတ်ထဲမှာ ထိခိုက် လှုပ်ရှားသွားမိသည်ဟု ကျောင်းအုပ်ကြီးက ဆိုပါသည်။ 

အမေကြီးလုသည် ကလေးများကို ကယ်တင်ခြင်း ကုသိုလ် ကောင်းမှုကို ပြုရာတွင် နာမည်ကျော်ကြားပါစေတော့ဟု စိတ်ဆန္ဒ အလျှင်းမရှိခဲ့ပေ။ ပရဟိတ လုပ်ပါက နာမည်ကျော်ကြားနိုင်သည်ဟုပင် သိချင်မှ သိပေလိမ့်မည်။ ကယ်ရမည့် သက်ရှိဖြစ်ခြင်း ဟူသော သိမှုကြောင့်သာလျှင် ကိုယ့်အလုပ် ကိုယ်လုပ်သွားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း မိမိသားသမီး အရင်းလို ဖြစ်သွားခဲ့သည်။ ကူညီနိုင်သူများ မိဘမဲ့ဂေဟာများကို သတင်း ပေးခဲ့သည်။ ကူညီသူ မပေါ်၍ သူမွေးခဲ့သော ကလေးများကိုလည်း ခိုင်းစားဖို့ ရည်ရွယ်ခဲ့ရိုးမရှိပါ။ သူ့ဘဝတွင် ရဖူးသမျှ အကောင်းဆုံး ဆိုသော အရာများကို ကလေးများအတွက် ဖြစ်စေခဲ့သည်။ စိတ်ဓာတ်မြင့်မားသည့် ပရဟိတ သူရဲကောင်းတစ်ဦး ဖြစ်သည်။ တိတ်တဆိတ် လုပ်သွားသော ကောင်းမှုလေးများ သတင်းက အများသူငါ သိရလိုက်သောအခါ ကြည်နူးဝမ်းသာခြင်းကို ပိုဖြစ်စေပါသည်။

သန့်ဇင်စိုး

  • TAGS