News

POST TYPE

ABOUT US

သစ်ပင်စိုက်သူ ကားဒရိုင်ဘာ
07-May-2017 tagged as


ယာဉ်မောင်းတစ်ဦးဖြစ်သူ ရှာရန်ကူးမားသည် သူ့အားလပ်ချိန် အတော်များများကို စာဖတ်ရင်းဖြင့် ကုန်လွန်လေ့ ရှိသည်။ ပြီးခဲ့သည့် ၁၆ နှစ်လောက်က သက်တမ်း ၂၀ဝ၀ ပတ်ဝန်းကျင်ရှိ ရှေးကျမ်းတစ်စောင်ကို ဖတ်ရှုလိုက်ရသည်။ ထိုစာအုပ်မှ သစ်ပင်များ၊ တောအုပ်များအကြောင်းကို အချက်အလက် များစွာ လေ့လာခဲ့ရသည်။ သစ်တစ်ပင်သည် ကလေး ၁၀ ဦးကို အကျိုးရှိစေသည်ဟူသော ရှင်းလင်းဖော်ပြချက်ကို သူ အနှစ်သက်ဆုံး ဖြစ်သည်။ လူအများသည် သစ်တော ပြုန်းတီးခြင်းအကြောင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်း အကြောင်းနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများအကြောင်းတို့ကို စပြောလာကြသည်။ သစ်ပင်တစ်ပင် စိုက်ရန်ကိုမူကား သိပ်တော့ မလုပ်ဖြစ်ကြ။ ထိုစာအုပ်ကို ဖတ်ပြီးနောက် ရှာရန်ကူးမား ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူ့ ဝန်းကျင်စိမ်းလန်း စိုပြည်ဖို့ ဖြစ်သည့်နည်းဖြင့် သူ ကူညီဆောင်ရွက်မည်ဆိုပြီး ဖြစ်ချေသည်။ 

ရှာရန်ကူးမားသည် ကီရာလာပြည်နယ်မှ သန်ကူရီဆီ ကျေးရွာလေးတွင် နေထိုင်သည်။ သူ့ဒေသတွင် ကြီးထွား ပေါက်ရောက်မှုမြန်ပြီး တိရစ္ဆာန်များ ငှက်များအတွက် အကျိုး ဖြစ်ထွန်းစေမည့် အပင်များကို စိုက်ရန် စဉ်းစားလေ့လာခဲ့သည်။ အစပိုင်းကတော့ အိမ်အနီးနားမှာပဲ အပင်များ စိုက်ပျိုးခဲ့သည်။ အရိပ်ရပင်များ၊ သစ်သီးပေးသော အပင်များ ဖြစ်ပါသည်။ အဆိုပါ သီးပင်ကြီးများက ငှက်များ၊ ရှဥ့်များနှင့် လင်းနို့များကို နေရာပေးချေသည်။ နှစ်ပေါင်း များစွာကြာအောင် ရှာရန် တစ်ဦးတည်း အဆိုပါ လှုပ်ရှားမှုများကို လုပ်ဆောင်နေခဲ့ပါသည်။ သူ လက်ထပ်ပြီးသောအခါ ဇနီးဖြစ်သူလည်း သူ့လုပ်ငန်းများတွင် ပူးပေါင်း လာခဲ့သည်။ ယခုအခါ ကလေးများလည်း ထွန်းကားခဲ့ပြီဖြစ်ရာ ပတ်ဝန်းကျင်ကို ဂရုစိုက်သည့် လုပ်ငန်းများတွင် တစ်မိသားစုလုံး ပါဝင်လာပေပြီ။ 

သစ်ပင်ငယ်တစ်ပင် အောင်အောင်မြင်မြင်ဖြင့် ရှင်သန်လာပြီဆိုလျှင် ရှာရန်သည် ပလတ်စတစ် ရေဘူးကို အပေါက်ဖောက်ပြီး သစ်ပင်နှင့် ကပ်ချည် ပေးထားလိုက်သည်။ ရေဘူးထဲမှ ရေများ တစ်စက် စက်ကျခြင်းဖြင့် သစ်ပင်ငယ်၏ အနီးတစ်ဝိုက်တွင် ရေများ စိုသွားပါတော့သည်။ ရပ်ရွာကို ကျန်းမာလတ်ဆတ်စေသော တောအုပ် တည်ဆောက်ခြင်း အစီအစဉ်က လှပကောင်းမွန်လာသောအခါ အခြားရွာသားများပါ ပူးပေါင်း ပါဝင်ရန် စိတ်ဝင်စား ဆက်သွယ်လာကြသည်။ သစ်ပင်စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဝိုင်းဝန်း ကူညီလာကြသည်။ ရွာလေး၏ ၁၅ ကီလိုမီတာ ပတ်လည်တွင် သစ်ပင်ပေါင်း နှစ်သောင်းသုံးထောင်ခန့် လှပစိမ်းလန်းစွာ တောထ နေချေလေပြီ။ 

ယာဉ်မောင်းဘဝကို လွန်ခဲ့သည့် ၈ နှစ်လောက်က စတင်ခဲ့သည်။ ရှာရန်သည် ကားတစ်စီး ဝယ်လိုက်ပြီး ယာဉ်မောင်းအလုပ် လုပ်ကိုင်ခြင်း ဖြစ်ပါသည်။ ကား၏ နောက်ပိုင်းတွင်တော့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ပုဒ်တစ်ခုကို အင်္ဂလိပ်လိုနှင့် မာလာ ယာလန် ဘာသာစကားတို့ဖြင့် ရေးသားထားသည်။ “ရေကို ချွေတာပါ။ သစ်ပင်များကို ကယ်တင်ပါ”ဟူ၍ ဖြစ်သည်။ ကားကို ငှားစီးကြသော ခရီးသည်များလည်း သူ့လုပ်ငန်းကို စိတ်ဝင်စားကြပါသည်။ 

“ကျွန်တော် စိတ်ဝင်စားတဲ့ အကြောင်းအရာကို ခရီးသည်တွေ မေးလာအောင် ကျွန်တော်က စကားစ စရာ မလိုပါဘူး၊ သူတို့ကိုယ်တိုင်ပဲ သိချင်လာပြီး မေးကြတယ်။ ကျွန်တော်ကလည်း လုပ်နေတာ မှန်သမျှကို စိတ်ရှည်လက်ရှည် ရှင်းပြတာပါပဲ”ဟု ရှာရန်ကူးမားက ဆိုသည်။ “သူတို့ ဘာကိုပဲမေးမေး ကျွန်တော်က မဆိုင်းမတွ ရှင်းပြတာပါပဲ”ဟု ကူးမားက ဆိုသည်။ 

ပြီးခဲ့သည့် ၄ နှစ်လောက်ကမှ ကူးမားသည် နောက်ထပ် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သူ့အပင်များ၏ အောက်ခြေ ရေလောင်းထားရာ ရေအိုင်နေရာများသို့ ငှက်များ ရောက်လာကာ ရေသောက်ကြသည်ကို တွေ့ခဲ့ရာက ထိုလုပ်ငန်း စသည်ဟု ဆိုရမည်။ သူတို့ပြည်နယ်က အပူပိုင်းဖြစ်သည်။ ငှက်များလည်း ရေငတ်ကြပေလိမ့်မည်။ အုန်းမုတ်ခွက်များအတွင်း ရေများ ထည့်ကာ ပုံမှန် ထားပေးသည်။ ထိုသို့ လုပ်ပေးခြင်းက ကျေးငှက် သာရကာများကို ဆွဲဆောင်သည်ကို သူနောက်ပိုင်း သတိထားမိလာခဲ့ပါသည်။ 

ယခုအခါ ငှက်ကို ရေတိုက်သည့် အိုးများနှင့် အစားအစာ ကျွေးသည့် နေရာများစွာ သူ့ခြံထဲတွင်ပင် ၂၅ နေရာ ရှိပါသည်။ ထို့ကြောင့် ကူးမား၏ ခြံဝင်းထဲတွင် အမြဲတမ်း ကျီကျီကျာကျာ အသံများ ကြားနေရတတ်သည်။ နွေရာသီဆိုလျှင် သူ့ခြံနှင့် သူတို့ရွာ တောအုပ်တွင် လာနေကြသူ ငှက်မျိုးပေါင်း ၂၃ မျိုးရှိသည်ဟု သူက ရေတွက်ထားသည်။ 

ရှာရန်ကူးမားနှင့် သူ့တောအုပ် အကြောင်းကို ဒေသမီဒီယာများတွင် တဖြည်းဖြည်း ဖော်ပြလာကြသည်။ လူအများလည်း အားကျကြသည်။ အခြားဒေသမှ စာဖတ်သူများက ရှာရန်ကူးမားကို ဖုန်းဆက်ကြသည်။ သူတို့ဒေသတွင်လည်း ဘာပင်တွေ စိုက်ရင် ကောင်းမလဲဟု အကြံတောင်းကြခြင်း ဖြစ်သည်။ တယ်လီဖုန်း ဆက်လာကြသူ မိတ်ဆွေများကို ရှာရန် ကူညီပေးပါသည်။ အပင်ပေါက်လေးများကို သူကိုယ်တိုင် ကားမောင်းပြီး သွားပို့ပေးသည်။ ပြည်နယ် တရားရုံးချုပ်ကလည်း ရုံးဝန်းကျင်ရှိ သစ်တော သစ်ပင်စိမ်းလန်းရေး အကြံပေး ကူညီပါရန် ကူးမားကို ဆက်သွယ်လာခဲ့သည်။ တရားသူကြီးချုပ်က သူ့ရုံး ပြန်လည် စိမ်းလန်းလာဖို့ ကူညီပေးပါဟု မေတ္တာရပ်ခံခဲ့သည်။ သစ်ပင်စိုက်သည့် လုပ်ငန်းများကို သူကြီးကြပ်ပေးသည်။ ကျေးငှက်သာရကာတို့ ပျော်သည့်  အပင်များကို စိုက်ပေးသည်။ ယခုအခါ ပြည်နယ် တရားရုံးချုပ် ခြံဝင်းကြီးသည် ငှက်ဥယျာဉ်သဖွယ် ဖြစ်နေလေပြီ။ သူဆောင်ရွက်ပေးသမျှသည် လူသိပါစေတော့ဟု လုပ်ပေးခဲ့ခြင်းမျိုး မဟုတ်ပါ။ စိမ်းလန်းသောဝန်းကျင် ဖြစ်သွားရေးက သူ့အကျိုးစီးပွား ဖြစ်ပါသည်။ သို့သော် ရှာရန်၏ အားလပ်ချိန်များကို နှစ်မြှုပ် လုပ်ဆောင်ပေးမှုကြောင့် အစိုးရ သစ်တောဌာန အပါအဝင် အဖွဲ့အစည်း များစွာက ပေးအပ်ခဲ့သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆုပေါင်းများစွာ ရရှိထားခဲ့ပေသည်။ 

အများအကျိုးကို လိုလားသော စိတ်နှင့် မိမိ၏ ဝါသနာတို့ ပေါင်းလိုက်သောအခါ လက်တွေ့ လုပ်ဆောင်ခြင်းဆိုသည့် ဝါယမ စိုက်ထုတ်မှုကို ဖြစ်စေပါသည်။ ကူးမားသည် ဘယ်ကာလတွင် ဘာကြီးဖြစ်ရမည်ဆိုသော စီမံချက်ကို ဗဟိုပြုသည့် လုပ်ငန်းကို ဆောင်ရွက်ခဲ့သူ မဟုတ်။ မိမိဝါသနာနှင့် စေတနာကို အရင်းတည်ကာ အားလျှင် အားသလို မိမိနေအိမ် ခြံဝင်း အများနေရာ မခွဲဘဲ ပြုစုစောင့်ရှောက် မြေတောင်မြှောက်ခဲ့သူ ဖြစ်သည်။ အများ၏ ပါဝင်လာမှုကိုလည်း နေရာပေးရဲသည့် စိတ်ကြောင့် ၎င်း၏ လုပ်ငန်းများ ပိုမို အောင်မြင်လာခြင်း ဖြစ်ပါပေသည်။ သင်သည် ကမ္ဘာကြီးကို ကယ်တင်၍ မရပါ။ သို့သော် ဖျက်ဆီးသူများထဲတွင် မပါ၍တော့ ရပါသည်။ ကူးမားသည် သဘာဝ ၀န်းကျင်ကို ဖျက်ဆီးသော လုပ်ငန်းများ၏ ဆန့်ကျင်ဘက် လုပ်ရပ်များကို စေတနာ အရင်းခံပြီး လုပ်ဆောင်ခဲ့ပါသည်။

သန့်ဇင်စိုး

  • TAGS