News

POST TYPE

ABOUT US

ပြဇာတ်အဖွဲ့
30-Apr-2017 tagged as


ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက မီရှဲခရစ္စတီဟာ စင်တင်ပြဇာတ်တစ်ပုဒ်ကို ဒါရိုက်တာ လုပ်ခဲ့သည်။ သူ့သရုပ်ဆောင်များကတော့ ကျောင်းသားများ ဖြစ်ကြပြီး အကြားအာရုံ ချို့ယွင်းနေကြသူများ ဖြစ်ပါသည်။ ဆရာမတစ်ယောက်အဖြစ် ခရစ္စတီသည် အကြားအာရုံချို့တဲ့သော ကလေးများကို စကားပြောတတ်စေရန်၊ နားထောင်တတ်လာစေရန် ကူညီပေးသည်။ ပြဇာတ် အနုပညာကို လေ့ကျင့်ပေးခြင်းဖြင့် စကားပြောစွမ်းရည်နှင့် မိမိကိုယ်ကို ယုံကြည်လာစေခြင်းတို့ တိုးတက်လာကြောင်း သူ နားလည်ထားပါသည်။ “ဇာတ်ရုပ်ရဲ့ အဝတ်အစားကို ဝတ်ထားပြီးတော့ အကြားအာရုံ ချို့တဲ့နေတဲ့ ကိုယ့်လို သူငယ်ချင်းတွေကလည်း ဘေးမှာ အတူပါတဲ့အခါ သူတို့ရဲ့ နေရာတစ်ခုအဖြစ် ခံစားလာရစေပါတယ်”ဟု ခရစ္စတီကပြောကြားသည်။ “ကျွန်မ ပရိသတ်ထဲကို ကြည့်မိတယ်။ မိဘတွေဟာ မျက်ရည်ကျနေကြတယ်။ သူတို့ ကလေးတွေလည်း ဒါမျိုးလုပ်နိုင်တယ်ဆိုတာကို မြင်ရတော့ ပျော်ရွှင်နေကြတယ်”ဟု ပြဇာတ် ဆရာမက ဆိုပါသည်။

အဆိုပါ ပြဇာတ်လှုပ်ရှားမှုက အောင်မြင်တော့ အစီအစဉ်လေးကို ဆက်လုပ်ဖို့၊ တခြားမြို့များတွင်ပါ သွားလုပ်ဖို့ ခရစ္စတီကို တိုက်တွန်းကြသည်။ ထို့ကြောင့်ပင် ၁၉၉၇ ခုနှစ်တွင် No Limits Theater အဖွဲ့ကို တည်ထောင်ခဲ့ပါသည်။ တိုင်းပြည်အနှံ့ ခရီးသွားခဲ့သည်။ အကြားအာရုံ ထိခိုက်နေသော ကလေးများကို အချင်းချင်း ဆုံတွေ့စေခဲ့သည်။ သူတို့ကို အတူတကွ လေ့ကျင့်စေပြီး အထူး ရေးသားပေးထားသည့် ပြဇာတ် ဇာတ်ညွှန်းများဖြင့် အတူတကွ သရုပ်ဖော် တင်ဆက်ကြသည်။ တစ်နေရာပြီး တစ်နေရာ ကလေးများအတွက် လိုက်လံ အလုပ်လုပ်ပေးရင်းဖြင့် သတိထားမိလာသည့် အချက်တစ်ချက် ရှိပါသည်။ စောစီးစွာ ကုသလေ့ကျင့်ပေးခံရသော ကလေးများက စကားပြော စွမ်းရည်နှင့် စာဖတ်စွမ်းရည်တို့တွင် ပိုမို တိုးတက်လာကြခြင်း ဖြစ်သည်။ ဝင်ငွေနည်းသော မိသားစုများမှ ပေါက်ဖွားလာသည့် အကြားအာရုံ ချို့တဲ့သော ကလေးများမှာကား ထိုသို့ အခွင့်အရေး မျိုးရရန် မလွယ်ကြပေ။ ကလေးများအတွက် လိုအပ်သော အရင်းအမြစ်များကို မိသားစုများက မတတ်နိုင်ကြခြင်းကြောင့် ဖြစ်ပါသည်။
 
“ဒါဟာ လုံးဝ မမျှတပါဘူး။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအတွက် အကူအညီ ဖြစ်စေတဲ့ ပညာရေး စင်တာတစ်ခုကို တည်ထောင်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။ No Limits ဟု အမည်ပေးထားသည့် ပရဟိတ လှုပ်ရှားမှုတစ်ခုကို တည်ထောင်ခဲ့သည်။ အဆိုပါ အစီအစဉ်သည် ယခုအခါ ပညာရေးဌာန သုံးခုအထိ တည်ဆောက်ပြီး ဖြစ်သည်။ ကယ်လီဖိုးနီးယားဒေသကို အခြေစိုက်ထားသည်။ အဆိုပါ ပညာရေး စင်တာများက အကြားအာရုံ ချို့တဲ့သော ကလေးသူငယ်များအတွက် အခမဲ့ ထောက်ပံ့ကူညီမှုများ၊ တိုးတက်စေရန် ပြုလုပ်ရသည့် လေ့ကျင့်ခန်းများ၊ လှုပ်ရှားမှုများကို အခမဲ့ ဝန်ဆောင်မှုပေးခြင်းတို့ကို ပြုလုပ်ကြသည်။ အဖွဲ့အစည်းသည် နှစ်စဉ် ကလေးပေါင်း ၆၀ဝ ခန့် နှင့် မိသားစုများအတွက် အလုပ်လုပ်ပေးနေသည်။ No Limits အဖွဲ့သည် ပြည်နယ်ပေါင်း ၁၃ ပြည်နယ်တွင် ပြဇာတ်ပေါင်း အကြိမ် ၁၀ဝ ခန့် ဖျော်ဖြေခဲ့ပြီး ဖြစ်သည်။ လူပေါင်း နှစ်သိန်းခန့်ထံသို့ ပြဇာတ်အဖွဲ့က သွားရောက်ခဲ့ပြီး ဖြစ်ပါသည်။ 

အကြားအာရုံ ထိခိုက်ထားသော ကလေးများကို ပြုစု လေ့ကျင့်ပေးရခြင်းသည် လွယ်လှသည်တော့ မဟုတ်ပေ။ အမြင်အာရုံ အားနည်းသူကို မျက်မှန်တပ် ပေးလိုက်သကဲ့သို့ အဆင်ပြေသွားမည်ဟု ယူဆသူများ ရှိတတ်သည်။ နားတွင် အကြားအာရုံစက်လေး တပ်ပေးလိုက်ရုံဖြင့် ဘာသာစကားများကို လေ့လာနိုင်ပြီဟု ယူဆ၍ မရပါပေ။ တချို့ကလေးများက အသက် ၃ နှစ်ရှိသည့်တိုင် ထိုစက်ကို မတပ်ဆင်ရသေး။ ၃ နှစ်လောက်မှ စတပ်နိုင်သည်။ ထို့ကြောင့် ပြီးခဲ့သည့် ၃ နှစ်လုံးလုံး ဘာသံကိုမှ ကောင်းကောင်း မကြားခဲ့ဖူးပေ။ တစ်ယောက်ယောက်က ကူညီပေးကာ အသံများကို နားလည်လာနိုင်စေရန် ကူညီပေးရသည်။ ဝင်ငွေနည်း မိသားစုများမှ ကလေးများဆိုလျှင် ဆောလျင်စွာ ရရှိသင့်သည့် ပြုစုကုသမှုများကို မရခဲ့ပေ။ သို့ဖြင့် စာဖတ်သည့် စွမ်းရည်ပင် ကျဆင်းလာခဲ့သည်။ သူတို့ကလေးများ ဘယ်တော့မှ စကားပြောတတ်မည် မထင်တော့ဟု အချို့မိဘများက ထင်ကြသည်။ “စကားလုံးတွေကို တစ်ခုပြီး တစ်ခု သင်ရတယ်။ ဘယ်လို စကားပြောရမယ်ဆိုတာ သင်ပေးရတယ်”ဟု မီရှဲက ဆိုသည်။

အကြားအာရုံ ထိခိုက်လျက်ရှိသော ကလေးကို အကြားအာရုံ ကောင်းလာအောင် စီစဉ်ကူညီရခြင်းသည် ငွေကုန်ကြေးကျများတတ်သည်။ မိဘများသည် အလုပ်ပိုလုပ်ကြပြီး ကလေးအတွက် ငွေများများ သုံးနိုင်အောင် ကြိုးစားကြသည်။ ထိုအခါ ကလေးများနှင့် အတူနေသည့် အချိန်ပေးမှု နည်းလာသည်။ No Limits သို့ လာရောက် ချိတ်ဆက်ကြသော ကလေးများအတွက် ကစားသည့် အစီအစဉ်များ ပြုလုပ်ပေးသည်။ မိဘများကိုလည်း သင်တန်းပြန်ပေးသည်။ ထိုရရှိလာသော နည်းစနစ်များဖြင့် အိမ်တွင် ကလေးများကို လေ့ကျင့်ပေးနိုင်ပေသည်။

“ကျွန်မ ကလေးတွေဟာ ကောလိပ် ရောက်ကုန်တဲ့သူနဲ့ ကျောင်းပြီးတဲ့သူနဲ့ ဖြစ်နေပါပြီ။ ဒါကို ကြည့်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ သူတို့မှာ အနာဂတ်တွေ ရှိနေပြီလေ။ သူတို့ ဘဝအတွက် အိပ်မက်တွေ အကြီးကြီး ရှိစေချင်ပါတယ်”ဟု ခရစ္စတီက ဆိုသည်။ “တချို့ကလေးတွေက လေယာဉ် မောင်းနိုင်သွားကြတယ်။ တချို့ သိပ္ပံပညာရှင်ဖြစ်တယ်။ ရှေ့နေတွေ ရှိပါတယ်။ စိတ်ပညာရှင်တွေ ဖြစ်သွားကြတယ်။ အကြားအာရုံ ထိခိုက်နေပေမယ့် အောင်မြင်တဲ့သူတွေ ဖြစ်သွားကြတယ်”ဟု ၎င်းက ဆိုသည်။

အနုပညာသည် ကုစားပျိုးထောင်ရာတွင် အသုံးဝင်သည်ကို မီရှဲ နှင့် No Limits လှုပ်ရှားမှုက သက်သေဖြစ်ပါသည်။ ပြဇာတ် အနုပညာသည် စကားလုံးများ၊ ခန္ဓာကိုယ် အမူအရာများဖြင့် တင်ဆက်ရသည့် အနုပညာပုံစံတစ်မျိုးဖြစ်သည်။ ကလေးများ ဖွံ့ဖြိုးရေးကို ကူညီပေးသည့် ပရဟိတ လုပ်ငန်းတွင် အနုပညာကို ပေါင်းစပ်လိုက်သည့်အခါ ရလဒ်ကလည်း ဖော်ပြခဲ့သည့်အတိုင်း အကျိုးဖြစ်ထွန်းပါသည်။ ပြဇာတ်တစ်ပုဒ်က ပြီးသွားတိုင်း ကလေးများသည် မိမိကိုယ်ကို ယုံကြည်မှု မြင့်တက်လာခဲ့သည်။ တခြား ကလေးများလို ငါလည်း စွမ်းဆောင်နိုင်သားပဲဟု မြင်လာကြသည်။ အရေးကြီးသော ကုစားပေးမှုဖြစ်သည်။ 

သန့်ဇင်စိုး 

  • TAGS