News

POST TYPE

ABOUT US

ကျေးတောရွာက မောင်တီထွင်
23-Apr-2017 tagged as နည်းပညာ

ဝီလီယမ်ကမ်ကွမ်ဘာ တစ်ယောက် ကျောင်းမတက်ရတော့ပေ။ ကျေးတောရွာနေ သူတို့မိသားစု  စားဝတ်နေရေးကို ကျောင်းစရိတ်ထက် ဦးစားပေးလိုက်ရသည်။ ဝီလီယမ် တစ်ယောက် စာသင်ခန်းနှင့် ဝေးရတော့မည် ဖြစ်သည်။ သူ့အိပ်မက်နှင့်ပါ ဝေးရတော့မည်လေလား။ သူ့အိပ်မက် ပန်းတိုင်သည်ကား အင်ဂျင်နီယာတစ်ယောက် ဖြစ်ရေးပင်။ ခုတော့ ရွာကျောင်းက သူနှင့် နည်းနည်းမှ မဆိုင်တော့။ ကျောင်းသွားတက်လို့မရ။ အတန်းပုံမှန်တက်ဖို့က ဝေလာဝေး။ အင်ဂျင်နီယာ တက္ကသိုလ်တစ်ခုခုကို သွားရဖို့ အိပ်မက်က ဝေဝါးသွားခဲ့ရလေပြီ။ မာလာဝီ နိုင်ငံမှာ ငတ်မွတ်ခေါင်းပါးဘေး၊ ရာသီဥတုကပ်ဘေး ဖြစ်တော့ သူတို့မိသားစု ဝင်ငွေတော်တော် လျော့သွားသည်။ ထို့ကြောင့်ပင် ကျောင်းထွက်လိုက်ရခြင်း ဖြစ်သည်။ ထွင်ဆရာ ဖြစ်ချင်သော ကျေးတောသား အာဖရိကန်လေး ဝီလီယမ်သည် နောက်ဆုံးတွင် သူ့အတွက် ကျောင်းတစ်ကျောင်းကို ရှာဖွေတွေ့ရှိသွားခဲ့ပါသည်။ ထိုနေရာကား စာကြည့်တိုက်ဖြစ်သည်။ အတန်း မတက်ရတော့သော်လည်း ကျောင်းစာကြည့်တိုက်သို့ သူသွားခွင့် ရှိသည်။ ထို့ကြောင့် သွားခဲ့သည်။ ထိုသို့ သွားခြင်းကပင် သူ့ဘဝကို ပြောင်းလဲစေခဲ့ပါသည်။ 

မာလာဝီ နိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု နောက်အကျဆုံး နိုင်ငံများထဲတွင် ပါဝင်သည်။ ၈၅ ရာခိုင်နူန်းသော  ပြည်သူများက ကျေးလက်တောရွာများတွင် နေထိုင်ကြကာ လျှပ်စစ်မီး ရရှိမှုနူန်းကလည်း အလွန်နည်းသေးသည်။ ပင်လယ်ထွက်ပေါက် မရှိသည့် ကုန်းတွင်းပိတ် အာဖရိက နိုင်ငံငယ်လေး ဖြစ်သည်။ ဝီလီယမ် ကမ်ကွမ်ဘာသည် အဆိုပါ နိုင်ငံလေးမှ ကျေးလက်ဒေသငယ် တစ်ခုတွင် မွေးဖွားခဲ့သူ ဖြစ်၏။ ငယ်ရွယ်၍ မျှော်လင့်ချက် ထက်သန်သူ ဝီလီယမ်ကမ်ကွမ်ဘာက သူ့တိုင်းပြည်ကို လျှပ်စစ်မီးလင်းစေလိုသည်။ စာကြည့်တိုက်ကို ပုံမှန်သွားကာ နည်းပညာနှင့် ပတ်သက်သမျှကို လေ့လာဖတ်ရှုခဲ့သည်။ အလုပ်အကိုင်ကလည်း ရှားပါးပေရာ ရေဒီယို ကက်ဆက်ပြင်ဆိုင်လေး ဖွင့်ထားသည်။ ဝင်ငွေတော့ သိပ်မကောင်းလှပေ။ စွမ်းအင်အသုံးချခြင်း ဆိုသည့် စာအုပ်ကို ဖတ်ပြီးသောအခါ သူ့အိမ်ကို လေစွမ်းအားဖြင့် မီးလင်းအောင် လုပ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ “လျှပ်စစ်ဓာတ်အား အကြောင်းကိုပဲ ကျွန်တော် တွေးနေမိတယ်။ အိမ်အတွက် ဘာလုပ်ရင် ကောင်းမလဲပဲ တွေးနေမိတယ်။ ငါဘာလုပ်နိုင်သလဲ ဆိုတဲ့ မေးခွန်းပေါ့” ဟု ဝီလီယမ်က ပြောပြသည်။ မိသားစု မြေပဲခင်း၊ ပဲပိစပ်ခင်းထဲတွင်  အလုပ်မလုပ်ရသော အချိန်များတွင် လျှပ်စစ်စွမ်းအားဆိုင်ရာ စာအုပ်များကိုသာ ဖတ်နေမိသည်။ လေရဟတ်ဖြင့် စွမ်းအင်ထုတ်မည်ဟု သူပြောတော့ သူ့ အိမ်က အချိန်ဖြုန်းနေသည်ဟု ထင်ကြသည်။ “အစပိုင်းတုန်းကတော့ သူ့ကို ရယ်မိကြတယ်။ အသုံးမဝင်တာကို လုပ်နေတာလို့ ထင်တာပေါ့” ဟု မိခင်ဖြစ်သူ အက်ဂ်နက်စ် ကမ်ကွမ်ဘာက ဆိုသည်။ 

ဈေးပေါသော  ဒိုင်နမိုများဝယ်ကာ လေရဟတ်များ ရရာပစ္စည်း အတိုအထွာများနှင့် တည်ဆောက်ပြီး သူ့အိမ်ကို မီးရအောင် ပြုလုပ်ခဲ့သည်။ အိမ်ရှိအခန်းများ အားလုံး ညဆိုလျှင် မီးတစ်ပွင့်စီ ရသောအခါ ရယ်သံများ အားလုံး တိတ်သွားကြသည်။ ဒီပန်ကာကြီးတွေကြောင့် မီးမရှိသည့် ရပ်ရွာလေးထဲတွင် လျှပ်စစ်မီးရှိသည့် အိမ်တစ်လုံး ရှိလာခြင်း ဖြစ်သည်။ ဒေသခံများ၊ သတင်းစာဆရာများ သူ့အိမ်တွင် အုံသွားခဲ့သည်။ တောထဲရွာထဲ မီးမရ ဘာမရ အခြေအနေမှသည် မီးရှိသည့်အိမ် ဖြစ်သွားသဖြင့် အထူးအဆန်း ဖြစ်ခဲ့သည်။ သူ့သတင်းကလည်း နိုင်ငံတကာ မီဒီယာများအထိ ရောက်သွားသည်။ လေရဟတ်ဖြင့် မီးလင်းဖို့ လုပ်ဆောင်ရာတွင် စက်ဘီးဂီယာများ၊ သစ်အတိုအထွာများ စတာတွေပဲ ပါဝင်သည်။ 

နာမည်ကျော်ကြားခဲ့ပြီးနောက် ဝီလီယမ်သည် ရွာအတွက်လည်း သူတတ်ထားသော၊ စာထဲဖတ်ထားသော နည်းပညာများဖြင့် တစ်ခုခု အလုပ်အကျွေးပြုရန် စဉ်းစားခဲ့သည်။ ယခုတစ်ခါတော့ ဆိုလာပါဝါခေါ် နေစွမ်းအင် ဖြစ်ပါသည်။ နေစွမ်းအင်ကို သုံးကာ အဝီစိရေကို စုပ်တင်ခြင်း ဖြစ်သည်။ ရွာတွင် ပထမဆုံးသော သောက်ရေဘုံဘိုင် ရလာခဲ့ပါသည်။ နေအိမ်များ မီးရအောင် လေရဟတ် လိုက်ဆင်ပေးခြင်းက ရေဒီယို ပြင်ခြင်းထက်လည်း ဝင်ငွေ ပိုကောင်းပါသည်။ တန်ဇန်နီးယားနိုင်ငံတွင် ပြုလုပ်သော TED talk ပြောပွဲတွင် သွားရောက် ပါဝင်ပြောဆိုပြီးနောက် သူ့အကြောင်းကို လူအတော်များများ သိသွားကြသည်။ ပွဲသို့ လာကြသော ငွေကြေးတတ်နိုင်သူများက သူ့အတွက် အလယ်တန်းပညာရေး ပညာသင်ဆု ပေးပါမည့်အကြောင်း ကမ်းလှမ်းကြသည်။ The Wall Street Journal တွင် သူ့ အကြောင်း ပါသွားပြီးနောက်ပိုင်း၌ တစ်ကမ္ဘာလုံးက သိသွားသည်။ နောက်ဆုံးတော့ သူ ပညာသင်ဆု ရရှိသွားသည်။ နယူးဟမ့်ရှိုင်းယားပြည်နယ် ဒါမောင့် ကောလိပ်တွင် ၂၀၁၄ ခုနှစ်က တက်ရောက်ခဲ့ပါသည်။ 

စာအုပ်တစ်အုပ်ကိုလည်း သူရေးသားခဲ့သည်။ လေကိုထိန်းချုပ်သည့် ချာတိတ် ဆိုသည့် အမည်ဖြင့် ထိုစာအုပ်ကို ရေးသားခဲ့သည်။ မာလာဝီ ကျေးလက်ဒေသတွင် ကြီးပြင်းခဲ့ရသည့် စိန်ခေါ်မှုများ၊ ကျောင်းစာကြည့်တိုက် အကြောင်းနှင့် အတိုအထွာများဖြင့် လျှပ်စစ်ထုတ်ခဲ့သည့် အကြောင်းများကို ရေးပြခဲ့ ည်။ စာဖတ်ပရိသတ်၏ နှစ်ထောင်းအားရစွာ ဝယ်ယူဖတ်ရှုအားပေးမှုကို ရရှိခဲ့ပါသည်။ ဝီလီယမ်နှင့် သူ၏ လေရဟတ် ဆိုသည့် မှတ်တမ်းရုပ်ရှင်တစ်ခုလည်း ရိုက်ခဲ့ရကာ လူကြိုက်များ နှစ်သက်ကြသည်။ ၂၀၁၃ ခုနှစ်တွင် TIME  မဂ္ဂဇင်းက သတ်မှတ်သော ကမ္ဘာကို ပြောင်းခဲ့သည့် အသက် ၃၀ အောက် လူသားများစာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။ ရွာကျောင်းကို  ငွေကြေးမပြည့်စုံသောကြောင့် သွားမတက်နိုင်တော့သည့် ကျေးတောသားလေးက ယခုဆိုလျှင် အမေရိကန်ပြည်ထောင်စုက ကျောင်းပြီးသွားခဲ့ပါလေပြီ။

တီထွင်ဖန်တီးမှုကို အားပေးသည့် ပညာရေးကို မရခဲ့စေကာမူ မူလ ဗီဇဝါသနာကို လက်မလျှော့ခဲ့သောကြောင့် ဝီလီယမ်ကမ်ကွမ်ဘာ တစ်ယောက် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ သူ့အောင်မြင်မှုက ရပ်ရွာအတွက်လည်း အကျိုးရှိသည်။ ဖွံ့ဖြိုးရေးသည် ပြင်ပမှ တင်ပို့လို့မရ။ ရပ်ထဲရွာထဲမှ ထွက်လာသည်။ ထိုသို့ ထွက်လာနိုင်အောင် အခြေခံကောင်းများ ဖန်တီးပေးသည့် စာကြည့်တိုက်များကလည်း အကျိုးကျေးဇူး ကြီးမားကြောင်း ထိုဇာတ်လမ်းက ထောက်ပြထားသည်။ တီထွင်ဖန်တီးသော လူငယ်များ လိုသလို သူတို့အတွက် အခြေအနေကောင်းများလည်း ရှိထားသင့်သည်။          
သန့်ဇင်စိုး