News

POST TYPE

ABOUT US

တရုတ်က ရေသန့်ဘူးကောက်တဲ့ ကလေး
02-Apr-2017 tagged as ပရဟိတ

လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများ ဖြစ်ကြသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည် ခိုင်မာစေရန် အမြဲပြင်ဆင် လှုပ်ရှားနေကြရသည်။ ထို့ကြောင့် လူတိုင်းသည် အချိန်ပြည့် အများအကျိုး လုပ်ဆောင်နေနိုင်သူ မဖြစ်နိုင်ပေ။ သို့သော် နေ့စဉ်ဘဝတွင် ရုန်းကန်နေထိုင်ရင်းပင် ကြုံရာကျပန်း ကောင်းမှုလေးများကို လုပ်ဆောင်နိုင်ပေသည်။ သန်းကြွယ်သူဌေး အားကစားစတားမှသည် သာမန်ရထားစီး ခရီးသည်တစ်ယောက်အထိ လုပ်ဆောင်ပေးသမျှသည် သူ့နည်းသူဟန်ဖြင့် လိုအပ်နေသူအတွက် ထိရောက်မှု ရှိပါပေသည်။ ကြုံရာကျပန်း လုပ်ဆောင်ပေးသည့် လျှပ်တစ်ပြက်ကောင်းမှုလေးများ သတင်းတိုများကို ဖတ်ရှုရတိုင်း မဖော်ပြတတ်သော ကြည်နူးမှုများ ခံစားရတတ်သည်။ ထို့ကြောင့် The Voice Sunday စာဖတ်ပရိသတ်အတွက် အဆိုပါ ဖြစ်ရပ်လေးများကို ယခင်အပတ်မှ အဆက်အဖြစ် ဆက်လက်မျှဝေ ဖော်ပြလိုက်ပါသည်။

အလုပ်တွေ မအားလို့၊ ကိုယ့်ဝမ်းစာမပြည့်သေးလို့၊ ငယ်သေးလို့၊ တခြားသူတွေလည်း လုပ်နေကြတာပဲမို့ အများအကျိုးကို မလုပ်ဖြစ်သေးဘူးလို့ အမြင်ရှိသူတွေက တရုတ်က ကောင်လေးရဲ့ ဇာတ်လမ်းကို ဖတ်ကြည့်ကြပါဦး။ ၁၂ နှစ်သားအရွယ် တရုတ်နိုင်ငံသား ချာတိတ်လေးဟာ HIV/AIDS ဝေဒနာသည်တွေ အကြောင်းကို လေ့လာရတဲ့အခါမှာ စိတ်ထဲမှာ အင်မတန်မှ ထိရှသွားခဲ့ရပါသတဲ့။ သူတို့ဘဝကိုလည်း ကိုယ်ချင်းစာမိသွားခဲ့တယ်။ သူဘာလုပ်သည် ထင်ပါသနည်း။ ကျောင်းဆင်းချိန်တိုင်း သူ ငွေရှာပါသည်။ ရေသန့်ဘူးခွံများ၊ အအေးဘူးခွံများကို ရနိုင်သလောက် လိုက်ကောက်သည်။ တစ်ရက်မပျက်ကောက်သည်။ ရသမျှကို စုထားပြီး စက္ကူပုလင်းဆိုင်များတွင် သွားရောင်းသည်။ ရသမျှကို လုံးဝမသုံး။ ၂ နှစ်တိတိကောက်သည်။ ၂ နှစ်ပြည့်သော် ပလတ်စတစ်ကောက်သည့် လုပ်ငန်းတွင် တော်တော်ကျွမ်းကျင်သွားခဲ့သည်။ 

အမေရိကန်ဒေါ်လာ ၂၇၀၀ နှင့် ညီမျှသော တရုတ်ငွေကို ရရှိသွားခဲ့သည်။ ထိုငွေများကို HIV ဝေဒနာနှင့် အကူအညီ လိုအပ်နေသူ ကလေးများကို အကုန်အစင် လှူခဲ့ပြီး၊ ၂ နှစ်တိတိ သူစုဆောင်းထားခဲ့သော ကိုယ်ပိုင်မုန့်ဖိုးငွေ ဒေါ်လာ ၃၀ ဖိုးနှင့် စာအုပ်၊ ကစားစရာများကိုလည်း လှူလိုက်သည်။ ကိုယ်ချင်းစာနာမှုသည် အရွယ်မရွေးပါ။ ကဲ... ကိုယ့်ဘဝအတွက် ဝမ်းစာဖြည့်ရဦးမှာမို့ အများအတွက် စဉ်းစားဖို့ အချိန်မရှိဘူးလို့ သင်ယူဆပါသေးသလား။